ချောင်းသာကမ်းခြေ ပင်လယ်ပြင်ပေါ်မှာ ပါရာဆေးလ်လင်း လေထီးစီးကြမယ်

 

ယဉ်လာဒ်၊ ဓာတ်ပုံ BOB 
အရင်ကဆိုရင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်ကြတဲ့ ထိုင်းနိုင်ငံ  ဖူးခက်၊ ပတ္တယားနဲ့ အင်ဒိုနီးရှား ဘာလီတို့မှာပဲ ပင်လယ်ပြင်ပေါ် လေထီး စီးခြင်း (ပါရာဆေးလ်လင်း-parasailing)  ကို လုပ်လို့ရပေမယ့် အခုဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်း ခရီးသွားတွေ အများဆုံးသွားလာကြတဲ့ ချောင်းသာ ကမ်းခြေမှာလည်း လေထီးစီးခြင်းကို   ပြုလုပ်နိုင် နေပြီဖြစ်ပါတယ်။  
ချောင်းသာကမ်းခြေမှာ လေထီးစီးခြင်းအပြင် ရေပြင်ပေါ်မှာပြုလုပ်ရတဲ့    လှုပ်ရှားမှုမျိုးစုံကိုပါ လက်ရှိမှာ ပြုလုပ်လို့ရနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ချောင်းသာကမ်းခြေကို အလည် ရောက်ဖြစ်ခဲ့ရင် ပင်လယ်ပြင်ပေါ် လေထီးစီးတာကို စမ်းသပ်ချင်တဲ့ ခရီးသွားချစ်သူတို့အတွက် မျှဝေ ဖော်ပြပေးချင်ပါတယ်။
ချောင်းသာကမ်းခြေဟာ ပင်လယ်စာပေါများပြီး ပြည်တွင်းခရီးသွားတွေရဲ့ သည်းခြေကြိုက် ကမ်းခြေ တစ်ခုလို့တောင် တင်စားလို့ရပါတယ်။ ကမ်းခြေဟာ တိုပြီး ပင်လယ်စာပေါများတာကြောင့် နေ့ချင်းပြန် လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ၊ စည်ပင်နဲ့ ဟိုတယ်တွေမှာ ညအိပ်ညနေတည်းခိုရင်း လာကြတဲ့ ခရီးသွားဧည့်သည်တွေ စုစုပေါင်း တစ်ရက် ကို ပျမ်းမျှဧည့်သည် ၄၀၀၀ နီးပါး ဝင်ရောက်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ချောင်းသာ)မှ တာဝန်ရှိသူက စာရေးသူကို ပြောပြ ပါတယ်။ 
ကမ်းခြေကို ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်စေဖို့ Activity တွေများစွာကို ကမ်းခြေ အခြေစိုက်     ဟိုတယ်လုပ်ငန်းရှင်တွေကလည်း ဝန်ဆောင်မှုပေးလာကြပါတယ်။   အရင်ကတော့ ချောင်းသာကမ်းခြေမှာ စပိဘုတ်စီးခြင်း၊ ငှက်ပျော သီးလှေ(Banana boat)အပျော်စီးခြင်းတွေကိုသာ လုပ်နိုင်ကြပေမယ့် အခုဆိုရင် လေထီးစီးခြင်းကိုပါ လုပ်နိုင်တဲ့အထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။
“ချောင်းသာကမ်းခြေအခြေစိုက် နယူးချောင်းသာ ဟိုတယ်နဲ့ Best Ocean Bay (BOB)တို့ အကျိုးတူ ပူးပေါင်းပြီး အခုလို Activity ကို စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်”လို့ နယူးချောင်းသာ ဟိုတယ်မှ Operation Manager ဒေါ်နှင်းရီဦးက စာရေးသူကို ပြောပါတယ်။ 
နိုင်ငံပိုင်ဟိုတယ်တစ်လုံးဖြစ်တဲ့ နယူးချောင်းသာ ဟိုတယ်ကို မြေလေးဧကပေါ်မှာ တည်ဆောက်ထား ပြီး လက်ရှိမှာတော့ အခန်းပေါင်း ၁၀၀ ကျော်ရှိပြီး အခန်းအမျိုးအစားအလိုက်  တစ်ညတည်းခိုခက ကျပ် ၁၃၀၀၀၀ ကနေ လေးသိန်းအထိရှိပါတယ်။ နယူးချောင်းသာဟိုတယ်မှာ လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေအတွက် ဝန်ဆောင်မှုတွေပေးချင်လို့ အခုလိုမျိုး စတင်အကောင်အထည်ဖော်လာခဲ့ရာကနေ တဖြည်းဖြည်း လူသိများလာခဲ့တာ ဖြစ်ပါတယ်။ 
‘‘ကျွန်တော်တို့ရဲ့သူဌေးက ထိုင်းနိုင်ငံ ပတ္တယား ကိုသွားလည်ခဲ့တုန်းက အဲဒီမှာ ခရီးသွားတွေ လေထီး စီးကြတာကို တွေ့မြင်ခဲ့ပါတယ်။  ငွေကုန်ကြေးကျ များပြီး ပြည်ပကို သွားစီးစရာမလိုဘဲ ကိုယ့်နိုင်ငံထဲ မှာလည်း စီးလို့ရနိုင်တာပဲဆိုတဲ့ စိတ်ကူးနဲ့စတင်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ချောင်းသာပင်လယ် ပြင်မှာ ဘယ်လိုမျိုး စီးလို့ရနိုင်သလဲဆိုတာ ပညာရှင် တွေနဲ့တိုင်ပင်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်”လို့ BOB မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လေထီးစီးခြင်းအတွက် သီးသန့်ပြုလုပ်ထားတဲ့ Boat ကို အော်ဒါမှာပြီး စမ်းသပ်လုပ်ကိုင်ခဲ့တာ သုံးလခန့် ကြာမြင့်ခဲ့ပြီးနောက်   စတင်အကောင် အထည်ဖော်      ပျံသန်းနေတာက သုံးလကျော်ရှိပြီ ဖြစ်ပါတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 
ရေကြောက်တဲ့သူတွေလည်း ရေမစိုဘဲ လေထီး စီးခြင်းကို  ပြုလုပ်နိုင်တဲ့အတွက် စီးဖူးသူတိုင်းက သဘောကျနှစ်ခြိုက်ကြတယ်လို့ ဆိုပါတယ်။  “အခုလို မျိုး ဝန်ဆောင်မှုပေးဖို့အတွက်     သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း စာတင်ပြထား သလို ၂၀၂၃ အောက်တိုဘာ ၂၁ ရက်မှာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နဲ့ စီးပွားရေးဝန်ကြီးတို့ လာရောက် စစ်ဆေးခဲ့ပါတယ်။ ချောင်းသာမှာတော့ ကျွန်တော်တို့ တစ်ခုပဲရှိပါတယ်။ ငွေဆောင်မှာလည်း အခုလိုမျိုး ဝန်ဆောင်မှုပေးနေတာတစ်ခု ရှိပါသေးတယ်”လို့ BOB မှ တာဝန်ရှိသူက ပြောပြပါတယ်။ 
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေး ဝန်ကြီး ဦးတင်အေးက ‘‘ဒါလုပ်တာကတော့ ခရီးသွား လုပ်ငန်းအတွက် ကောင်းပါတယ်။   ပုံမှန်ဆိုရင် ချောင်းသာကိုလာရင် ရေကူးမယ်၊ ပင်လယ်စာစားမယ်၊ ပြီးရင်ပြန်ကြမယ်။ အဲဒီလိုမျိုးကြာလာရင် ဧည့်သည် တွေအတွက်    ရိုးအီသွားနိုင်ပါတယ်။  အခုလိုမျိုး Activity တွေရှိလာတာက ကောင်းပါတယ်။ ဒါပေမယ့် Safety ပိုင်းကို စိတ်ချရလားဆိုတာကိုတော့ မေးမြန်း ထားပါတယ်။ အခုကတော့   ခွင့်ပြုချက်ယူတုန်း ရှိနေပါသေးတယ်။ သူတို့ဘက်က စိတ်ချရတယ်လို့ ဆိုရင် ခွင့်ပြုချက်ပေးသွားဖို့ ရှိပါတယ်’’လို့ စာရေးသူကို ပြောပြပါတယ်။ 
‘‘ခံနိုင်ဝန်ဆွဲအား ပေါင် ၆၀၀၀ လောက်ရှိတဲ့ ကြိုးနဲ့ဆွဲပြီး တဖြည်းဖြည်း အပေါ်ကိုမြှင့်တင်ပါတယ်။ လေကြောင်းသင့်ရာကိုသွားရောက်ပြီး   ရစ်ဘီးနဲ့ တဖြည်းဖြည်းတင်တယ်။  ပင်လယ်ကြီးကို ကောင်းကင် ပေါ်ကနေ၊ အပေါ်စီးကနေငုံ့ကြည့်ရတဲ့ ခံစားမှုကို ရရှိစေတယ်။ အပေါ်မှာ ငါးမိနစ်ကနေ ရှစ်မိနစ်အထိ ကြာမြင့်ပါတယ်။ အဲဒီနောက်မှာ ရစ်ဘီးနဲ့ တဖြည်းဖြည်း ရစ်ရစ်လာပြီး Boat ပေါ်ရောက်မှ  ဆင်းပါတယ်။ သူ့ရဲ့ထူးခြားချက်က ရေလုံးဝမစိုဘူး။ Boat ပေါ်ကနေ လေထီးတက်တယ်။ Boat ပေါ်မှာပဲ ပြန်ဆင်းပါတယ်။ Safety ပိုင်းက ပိုပြီးစိတ်ချရတယ်’’လို့ BOB  မှ တာဝန်ရှိသူက စာရေးသူကို ပြောပါတယ်။  လေထီး စီးခြင်းကို ကိုယ်အလေးချိန် ပေါင် ၂၈၀ ကျော်ရင် စီးလို့မရဘူးလို့ သတ်မှတ်ထားပါတယ်။ 
ဒါ့အပြင် လေထီးစီးတဲ့သူကို မစီးခင်မှာ ကျန်းမာ ရေးပိုင်းနဲ့ပတ်သက်လို့ စစ်ဆေးပြီး စီးတဲ့ဧည့်သည် က သဘောတူကြောင်းကို လက်မှတ်ထိုးပြီးမှသာ လေထီးစီးခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။ လေထီးစီးတဲ့ဧည့်သည်ကို အသက်ကယ် အင်္ကျီဝတ်ဆင်ပေးထားသလို ပင်လယ်ပြင်တစ်လျှောက် ရေလွှာစီးဆိုင်ကယ်(Jet Ski) နှစ်စီးကလည်း အရန် လိုက်ပါပေးထားပါသေးတယ်။ 
‘‘စီးဖူးတဲ့သူတိုင်း ကြိုက်ကြတယ်။ တစ်နေ့ကို ဧည့်သည် ၁၀ ဦးလောက် စီးကြပါတယ်။ အခုထိဆိုရင် ဧည့်သည်ပေါင်း  ၃၀၀ လောက် စီးဖူးပြီးပြီ’’လို့ BOB မှ တာဝန်ရှိသူက စာရေးသူကို    ပြောပြပါတယ်။ လေကြမ်းတဲ့ရက်တွေနဲ့ လှိုင်းမြင့်တဲ့ရက်၊ လှိုင်းကြမ်း တဲ့နေ့တွေဆိုရင် လေထီးစီးခြင်းကို နားလေ့ရှိပြီး ရာသီဥတုကောင်းမွန်မှသာ    လေထီးစီးခြင်းကို ဝန်ဆောင်မှုပေးတယ်လို့ သိရပါတယ်။
နယူးချောင်းသာဟိုတယ်မှာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေအတွက် ငှက်ပျောသီးလှေ အပျော်စီးခြင်း ကို အခမဲ့ စီးနင်းခွင့်ပေးထားပါသေးတယ်။ လေထီး စီးခြင်းကိုတော့   တစ်ဦးကို  စီးခ ကျပ်တစ်သိန်း သတ်မှတ်ထားပါတယ်။  အခုနောက်ပိုင်းမှာတော့ ကမ်းခြေမှာ Sofa Boat & Donut Boat တွေကို အပျော်တမ်းစီးကြသူ များပြားလာတယ်လို့လည်း သိရပါတယ်။  ဒီလို  အပျော်တမ်းလှုပ်ရှားမှုမျိုးစုံ ပြုလုပ်နိုင်တာကြောင့်    ချောင်းသာကမ်းခြေကို  လာရောက်လည်ပတ်နေကြတာ ဖြစ်ပါတယ်။ 
ကမ်းခြေဂေဟစနစ်တွေ ပြန်လည်ကောင်းမွန်လာ
ယခင်က ချောင်းသာကို  ခရီးသွားဧည့်သည် သွားရောက်လည်ပတ်မှုက    များပြားခဲ့ပါတယ်။  ဧည့်သည်များပြားလာတဲ့ နောက်ဆက်တွဲအနေနဲ့ ကမ်းခြေဂေဟစနစ်တွေ  ပျက်စီးခဲ့ရပါတယ်။ ဒါပေ မယ့် ကိုဗစ်ကာလတစ်လျှောက်မှာ ဧည့်သည်ဝင်ရောက် မှု နည်းပါးခဲ့တာမို့ ကမ်းခြေဂေဟစနစ်တွေ ပြန်လည် ကောင်းမွန်လာပြီး အမှိုက်ကင်းစင်လာတာကြောင့် သပ်ရှင်းသပ်ရပ်တဲ့ ကမ်းခြေတစ်ခု ပြန်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။  
ရန်ကုန်မြို့ကနေ အချိန်ငါးနာရီခန့်နဲ့ ချောင်းသာ ကမ်းခြေကို ရောက်နိုင်တာကြောင့် ပွင့်လင်းရာသီ ကာလတွေမှာ ခရီးသွားဧည့်သည် အများဆုံးလာရောက် လည်ပတ်ကြတဲ့ ကမ်းခြေတစ်ခု ဖြစ်လာနေပါတယ်။ ခရီးသွားဧည့်သည်များပြားလာတာနဲ့အမျှ ကမ်းခြေ မှာ ဟိုတယ်အသစ်တွေသာမက စိတ်ဝင်စားစရာ Activity တွေကိုပါ ဖြည့်ဆည်းပေးလာတာကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ခရီးစဉ်တစ်ခု ဖြစ်နေ ဆဲပါ။
ချောင်းသာကမ်းခြေရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ   ကမ်းခြေကိုမှီခိုနေရတဲ့ ဒေသခံတွေသာမက   ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့လာကြပြီး အသက်မွေးဝမ်းကျောင်းပြုနေ ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက်လည်း  ခရီး သွားလုပ်ငန်းကနေ  အကျိုးကျေးဇူးတွေ ခံစားစေရ ပါတယ်။
Win-Win ဖြစ်စေတဲ့  ခရီးသွားလုပ်ငန်းကို စနစ်တကျနဲ့    ပိုမိုတိုးတက်လာစေရန်ကလည်း အဓိကအရေးကြီးလှပါတယ်။ ဒါကြောင့် ချောင်းသာ ကမ်းခြေရောက်ရင် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင် ဖို့အတွက် ချောင်းသာကမ်းခြေမှ ကျောက်မောင်နှမ ဘက်သွားရောက်တဲ့ လမ်းမဘေးမှာ   ပင်လယ် ကမ်းခြေကို နောက်ခံထားပြီး We Love ChaungTha စာသားပါတဲ့ ဆိုင်းဘုတ်ကို နယူးချောင်းသာဟိုတယ် ပိုင်ရှင်က မတည်ပြီး ပြုလုပ်ထားပေးပါသေးတယ်။ 
လက်ရှိမှာတော့ ချောင်းသာကမ်းခြေကို အမှီပြုပြီး ဖွင့်လှစ်ထားတဲ့ ဟိုတယ် အလုံး ၄၀ ကျော်နဲ့ တည်းခို ခန်း ၅၉ လုံး ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အပျော်စီး ဇိမ်ခံသင်္ဘော Moken Cruise ကလည်း ချောင်းသာ ကမ်းခြေအခြေစိုက်ပြီး ဂေါ်ရန်ဂျီကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း စတဲ့ ကျွန်းပတ်ခရီးစဉ်တွေ ပြုလုပ်ပေးမယ့် ဝန်ဆောင်မှုလည်း ရှိနေပါသေးတယ်။ 
ချောင်းသာကမ်းခြေရောက်ရင် အရင်လို ရေကူး၊ ပင်လယ်စာမျိုးစုံစားတာတွေ လုပ်နိုင်သလို အပျော် တမ်းလှုပ်ရှားမှု(water activity)အသစ်တွေအနက် လူကြိုက်များတဲ့ ပင်လယ်ပြင်ပေါ်လေထီးစီးခြင်းကိုပါ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ဒီတစ်ပတ်ရဲ့ ခရီးသွား လမ်းညွှန်အနေနဲ့   ရေးသားဖော်ပြလိုက်ရပါတယ်။