
ချစ်ကြည်လက်တွဲ မြဲကြစို့
v ဟိုမှာသည်မှာ၊ ရှုကြည့်ပါလော့
စီကာသွယ်ဆန်း၊ တောင်ပြာတန်းနှင့်
စိမ့်စမ်းတူယှဉ်၊ အလှဆင်လျက်
စိုလွင်သစ်ဝါး၊ ကျေးငှက်များပြင်
သားမျိုးစုံစုံ၊ ခိုမှီလှုံသည်
သာပုံဆန်းသည် မဟုတ်လော...။
v ဟိုမှာသည်မှာ၊ ရှုကြည့်ပါလော့
ဧရာအစ၊ မလိခနှင့်
မေခ စစ်တောင်း၊ အားဖြည့်လောင်း၍
ပေါင်းလောင်း သံလွင်၊ မြစ်ရေယဉ်တို့
သို့လျှင်မက၊ များပြားစွတည့်
ဝန်းခကြကုန်၊ လှမျိုးစုံသည်
သာပုံဆန်းသည် မဟုတ်လော...။
v ဟိုမှာသည်မှာ၊ ရှုကြည့်ပါလော့
လယ်ယာဆည်ချောင်း၊ ဥယျာဉ်ကောင်းနှင့်
ပြောင်းနှမ်းစပါး၊ သီးနှံများတို့
ထက်ဖျားညာကြေ၊ တောင်ပေါ်မြေဟု
ရွှန်းဝေထွက်ကုန်၊ ဖြစ်ထွန်းစုံသည်
သာပုံဆန်းသည် မဟုတ်လော...။
v သာပုံဆန်းစွာ၊ ဤမြေချာသည်
မြန်မာဟူငြား၊ နောင်ညီများ၏
ဘိုးဘွားပေးဝေ၊ ရှေးအမွေတည့်
တည်နေပိုင်နက်၊ ပဲ့မထွက်ဖို့
သွေးသက်ပေးကာ၊ ညီတညာဖြင့်
ကာကွယ်ခဲ့သည် မဟုတ်လော...။
v ကမ္ဘာ့မြေပုံ၊ သွေးရောင်စုံ၌
ဂုဏ်အင်ရှိစွာ၊ နောင်ရှည်ကြာထိ
မြန်မာဟူငြား၊ ဂုဏ်တောက်ကြွားအောင်
မခြားစိတ်ဝမ်း၊ ပြည်တစ်ဝန်းတွင်
ယမ်းနံ့ကင်းရေး၊ အရှည်တွေးလျက်
သွေးချင်းနောင်ညီ၊ ရှေ့ဆက်ချီဖို့
‘‘အန်စီအေ’’ဟု၊ ညွှန်းဆိုပြုသော်
ရတုရှစ်လီ တိုင်ပြီတည်း...။
v အို...
အချစ်တွေထပ်၊ အပစ်ရပ်လို့
တည့်မတ်ညီညီ၊ ရှေ့ဆက်ချီမည်
ပြည်ခွင်အလုံး ငြိမ်းချမ်းဖို့...။
ကြည်ရွှင်မဆုံး အေးချမ်းဖို့...။
ချစ်ကြည်လက်တွဲ မြဲကြစို့...။ ။
မောင်စိမ်းနောင်(လယ်ဝေး)