ခဲရာခဲဆစ် ယှဉ်ပြိုင်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတသစ်ဖြစ်လာတဲ့ ယွန်ဆုခ်ယော်

 

လင်းဟန်သစ်

 

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဓိကအတိုက်အခံအင်အားစုပါတီဖြစ်တဲ့ ပြည်သူ့စွမ်းအားပါတီမှ ပြိုင်ပွဲဝင် ယွန်ဆုခ်ယော်ဟာ နိုင်ငံရဲ့ နောင်တက်လာမယ့် သမ္မတသစ် ဖြစ်လာတော့မှာဖြစ်ပါတယ်။ သမ္မတဖြစ်လာဖို့ တစ်စတစ်စ ပြိုင်ဆိုင်မှုပြင်းထန်လာပြီးနောက် အခုအခါမှာတော့ ငါးနှစ်ကြာလက်လွတ်ဆုံးရှုံးခဲ့တဲ့ လစ်ဘရယ် ခေါင်းဆောင်မှုကို ကွန်ဆာဗေးတစ်များက ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ပြည်သူများနဲ့ နိုင်ငံအတွက် စည်းလုံညီညွတ်ကြမယ်  


ယွန်က  ကြီးမြတ်သောပြည်သူများရဲ့  အောင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုအခါမှာတော့ သမ္မတဖြစ်ရေးယှဉ်ပြိုင်မှု ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။
မိမိတို့အားလုံး အတူတကွအလုပ်လုပ်ကြမယ်လို့ မိမိအနေဖြင့် ယုံကြည်ကြောင်းနဲ့ ပြည်သူများနဲ့နိုင်ငံအတွက် စုစည်းညီညွတ်ကြရမှာ ဖြစ်တယ်လို့  ယွန်က ပြောခဲ့ပါတယ်။ 
မွေးချင်းနှစ်ဦးအနက် တစ်ဦးဖြစ် 
မတ် ၁၀ ရက်က တောင်ကိုရီးယားနိုင်ငံရဲ့  အကြိမ် (၂၀) မြောက် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့  ယွန်ဆုခ်ယော်ကို ၁၉၆၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ဆိုးလ်မှာ မွေးဖွားခဲ့ပါတယ်။ ယွန်ရဲ့ မိဘများဟာ တက္ကသိုလ်ပါမောက္ခဟောင်းများဖြစ်ပြီး မွေးချင်းနှစ်ဦးအနက် တစ်ဦး ဖြစ်ပါတယ်။  
ယွန်ဟာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို လေ့လာခဲ့ပြီး ၁၉၉၄ ခုနှစ်မှစကာ အစိုးရရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၀၂ ခုနှစ်မှာတော့ ရှေ့နေတစ်ဦးအဖြစ် စတင်အသက်မွေးခဲ့ပါတယ်။ 

 


အမှုတွေကို စုံစမ်းစစ်ဆေးခဲ့ 


တရားရုံးသို့ပြန်လည်ရောက်ရှိလာတဲ့အခါမှာ ယွန်ဟာ နိုင်ငံရေး သြဇာကြီးသူတွေနဲ့ စီးပွားရေးသူဌေးကြီးတွေရဲ့အမှုတွေကို  စုံစမ်း စစ်ဆေးခဲ့ရပါတယ်။ 
ယွန်ဟာ ကိုရီးယားနိုင်ငံရဲ့  သူလျှိုအေဂျင်စီဖြစ်တဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ပါဝင်မှုကို သက်သေပြဖို့ အထူးစုံစမ်းစစ်ဆေး ရေးအဖွဲ့ကို ဦးဆောင်စစ်ဆေးစဉ် ၂၀၁၃ ခုနှစ်မှာ ရာထူးချခြင်း ခံခဲ့ ရပါတယ်။
အဲဒီနောက်မှာတော့ သူဟာ လွတ်လပ်တဲ့ကောင်စီရဲ့ စုံစမ်းစစ်ဆေး ရေး အဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယွန် ဟာ သမ္မတဟောင်း ပက်ခ်ဂွန်ဟေးပါဝင်ခဲ့တဲ့ အရှုပ်တော်ပုံနဲ့ သူမရဲ့  လူယုံတော် ချွိုင်ဆွန်ဆယ်လ်အမှုများကို စုံစမ်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မတ်လမှာ ပက်ခ်ကို အပြစ်ရှိကြောင်း စွဲချက်တင်ခဲ့ပါတယ်။  

 


အစိုးရရှေ့နေချုပ်အဖြစ် ခန့်အပ် 


၂၀၁၇ ခုနှစ် မေလမှာ လက်ရှိသမ္မတဖြစ်နေတဲ့  မွန်ဂျယ်အင်းဟာ  ယွန်ကို ဆိုးလ်ဗဟိုအစိုးရရှေ့နေရုံးရဲ့  အကြီးအကဲအဖြစ် အမည် စာရင်းတင်သွင်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်မှာ သူ့ကို အစိုးရရှေ့နေချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။  


သမ္မတအဖြစ်‌ ရွေးကောက်ပွဲဝင် 


ယွန်ဟာ ၂၀၂၁ ခုနှစ် မတ်လမှာ အစိုးရရှေ့နေချုပ်ရာထူးက တရားဝင်နုတ်ထွက်ကြောင်းကြေညာခဲ့ပြီး ယခုနှစ် ဇွန်လမှာ သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ 
လွန်ခဲ့တဲ့နှစ်  ဇူလိုင်လမှာ  ယွန်ဟာ ပြည်သူ့စွမ်းအား  ပါတီကို ဝင်ရောက်ခဲ့ပြီး သမ္မတအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ 

 


ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲဖြစ် 


တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲဟာ အစမှ အဆုံးတိုင် ခက်ခက်ခဲခဲယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ 
နောက်ဆုံး မဲစာရင်းရေတွက်မှုရလဒ်များက ယွန်နဲ့ အာဏာရ ဒီမိုကရက်တစ်ပါတီ လီဂျေမြောင်တို့ဟာ ရာခိုင်နှုန်းမဆိုစလောက်သာ ကွာဟမှုရှိကြောင်း ဖော်ပြခဲ့ပါတယ်။ 
လီက  ပါတီရုံးမှာ မိမိတို့အကောင်းဆုံးလုပ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း မျှော်လင့်ချက်နှင့်လွဲချော်ခဲ့ရကြောင်း၊ အားလုံးဟာ မိမိအမှားကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သင်တို့ရဲ့ အရှုံးမဟုတ်သလို ဒီမိုကရက်တစ်ပါတီရဲ့ အရှုံးလည်း မဟုတ်ကြောင်း၊ အားလုံးက မိမိအမှားကြောင့်ဖြစ်ကြောင်း၊ ပြိုင်ဘက် ပြိုင်ပွဲဝင် ယွန်ဆုခ်ယော်ကို ဂုဏ်ပြုကြောင်း စသည်ဖြင့်  ပြောကြား ခဲ့ပါတယ်။ 

 


အိမ်ရာမြေဈေးကွက်ကို ဖြေရှင်းနိုင်မည် 


ဆိုးလ်ရှိပြည်သူများဟာ အမတ်လောင်းနှစ်ဦးရဲ့  သမ္မတဖြစ်ရေး ပွတ်ကာသီကာ ယှဉ်ပြိုင်ခဲ့ပုံကို အံ့သြခဲ့သော်လည်း မည်သူသမ္မတသစ် ဖြစ်လာမယ်ဆိုတဲ့ ရလဒ်ကိုတော့ မျှော်လင့်ခဲ့ကြပါတယ်။  
ကွာဟမှုကြီးကြီးမားမားရှိမည်ဟု မထင်ကြောင်း၊ သို့သော်လည်း တကယ့်ရလဒ်ဟာ မိမိထင်မှတ်ထားသည်ထက် အများကြီး ခက်ခက် ခဲခဲနှင့် အကြိတ်အနယ်ဖြစ်ခဲ့ကြောင်း  မဲဆန္ဒရှင်တစ်ဦးက ပြောကြား ခဲ့ပါတယ်။ 
မိမိအနေဖြင့် နောင်တက်လာမယ့် သမ္မတသစ်ဟာ အိမ်ရာမြေ ဈေးကွက်ကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း၊  လူငယ်တွေအတွက် ပိုမိုနေထိုင်လို့အဆင်ပြေတဲ့ အဖွဲ့အစည်းတစ်ခု ဖန်တီးပေးနိုင်လိမ့် မယ်လို့  ယုံကြည်ကြောင်း အမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပါတယ်။

 


တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတသစ်ဖြစ်လာပြီ   


မကြာသေးမီက    တောင်ကိုရီးယားသမိုင်းမှာ   ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး သမ္မတရွေးကောက်ပွဲ   ပြီးဆုံးပြီးနောက်  ယွန်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့  သမ္မတသစ်ဖြစ်လာပြီဖြစ်ပါတယ်။ 
ထောက်ခံသူအုပ်စု   နှစ်ခုကွဲသလိုဖြစ်နေတဲ့   တောင်ကိုရီးယား ပြည်သူတွေကို      တစ်စည်းတစ်လုံးတည်းဖြစ်ဖို့     ယွန်  ဘယ်လိုမျိုး  မိန့်ခွန်းပြောသွားမလဲဆိုတဲ့အပေါ်    အားလုံးက  အာရုံစိုက်လျက် ရှိပါတယ်။     ။                                

ကိုးကား - အင်န်အိတ်ချ်ကေ