ကြွေသူလည်းမွှေး၊ ဝေသူလည်းမွှေးစေလျက် ရုပ်ရှင်ချစ်ပရိသတ်တို့၏ နှလုံးသားကို ညှို့ယူဖမ်းစားခဲ့သည့် ရုပ်ရှင်မင်းသားကြီးနှစ်ဦး၏ ရုပ်ရှင်တစ်သက်တာဆုမှ ပီတိစကားသံများ

 

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့ သည်     မြန်မာ့ရုပ်ရှင်လောကသားတို့  အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော  နေ့တစ်နေ့ဖြစ်သည်။ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ဝင်္ကပါလမ်းတွင်ရှိသော မြန်မာ နိုင်ငံ    ရုပ်ရှင်အစည်းအရုံးတွင်    ရုပ်ရှင် လောကမှ အနုပညာရှင်များ ပန်းဥယျာဉ် ကြီးအတွင်း ပန်းပေါင်းစုံပွင့်လန်းသည့် ပမာ  ဝေဝေဆာဆာဖြင့်   စုရုံးရောက်ရှိ လျက်ရှိသည်။   တစ်ချိန်က    အာရှတွင် မြန်မာ့ရုပ်ရှင်သည်      နာမည်တစ်ခုဖြင့် အဆင့်မီမီ   ရပ်တည်ခဲ့သည်။     ထိုသို့ ရပ်တည်နိုင်ရန် မြန်မာ့ရုပ်ရှင်ကို ရုပ်ရှင် ချစ်ပြည်သူများ၏    အားပေးမှုနှင့်အတူ  မြန်မာ့ရုပ်ရှင်ဖခင်ဒါရိုက်တာကြီးများက ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ 

 


ထိုနည်းတူ ရုပ်ရှင်သရုပ်ဆောင်များ သည်လည်း   မြန်မာ့ရုပ်ရှင်ကို   ခံ့ညား ထည်ဝါစေလိုသော ရုပ်ရှင်ဖခင်ဒါရိုက်တာ ကြီးများ၏ လက်ထပ်သင်ကြားပေးမှုဖြင့်  ခေတ်အဆက်ဆက်      အောင်မြင်မှုရရှိခဲ့ ကြပြီး အချို့မှာ ယနေ့တိုင် သက်ရှိထင်ရှား   ကျန်ရှိလျက်ရှိကာ ဆက်လက်၍လည်း မြန်မာ့ရုပ်ရှင်၏      သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြလျက်ရှိသည်။ အသက်  ၇၀ ကျော်၊  ၈၀  ကျော်အထိ ရုပ်ရှင်ကို အသက်နှင့်ထပ်တူချစ်မြတ်နိုးပြီး ရုပ်ရှင် လုပ်ငန်းဖြင့်    တိုင်းပြည်နှင့်   လူမျိုးကို အလုပ်အကျွေးပြုလျက်ရှိသည်။ 

 


ယနေ့တွင် အနုပညာစွမ်းရည်ပြည့်ဝ သော အနုပညာရှင်နှစ်ဦးအား နိုင်ငံတော် မှ ရုပ်ရှင်တစ်သက်တာဆုကို ထိုက်ထိုက် တန်တန်   ပေးအပ်ချီးမြှင့်သော   အခမ်း အနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုသူ တို့ကို  အသက်  ၄၀၊  ၅၀ ကျော် ရုပ်ရှင် ချစ်ပြည်သူများ ပိုမိုသိရှိကြမည်ဖြစ်သည်။ အကယ်ဒမီခုနစ်ဆုရရှိခဲ့သော      ရုပ်ရှင် မင်းသားကြီး    ဦးညွန့်ဝင်းနှင့်     ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးအောင်လွင်  တို့ပင် ဖြစ်ပေသည်။ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်မှာ ရုပ်ရှင်လုပ်ငန်း တာဝန်  များကို ဆက်လက် ထမ်းဆောင်နိုင်လျက်ရှိ  သော်လည်း အကယ်ဒမီဆုများရှင် သရုပ် ဆောင် ဦးညွန့်ဝင်းမှာ အသက် ၈၀ တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။    ရုပ်ရှင်ကြည့် ပရိသတ်တို့၏  နှလုံးသားကို  ညှို့ယူဖမ်း နိုင်စားခဲ့သည့် ရုပ်ရှင်မင်းသားကြီး နှစ်ဦး အတွက် ရုပ်ရှင်တစ်သက်တာဆုပေးပွဲမှ  တာဝန်ရှိသူတို့၏   လွမ်းမောဖွယ်  ပီတိ စကားသံတို့ကို   ယခုလို   ဖော်ပြလိုက်ရ ပါသည်။

 


ဦးကြည်စိုးထွန်း 
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ) 


ရုပ်ရှင်တစ်သက်တာ ဆုပေးအပ်ပွဲမှာ နှစ်ဦးကို  ပေးသွားတာပါ။   အရင်သုံးနှစ် ကတည်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်း  အရုံး အမှုဆောင်အဖွဲ့က တစ်သက်တာဆု  အဖြစ်   လျာထားခဲ့တဲ့သူတွေပါ။   ရုပ်ရှင် အကယ်ဒမီဆု   မပေးနိုင်ခင်မှာ   အချို့ လည်း အသက်ရပြီး ဆုံးပါးသွားသူတွေ လည်းရှိတာကြောင့်   အခုလိုပေးတာပါ။  ရုပ်ရှင်တစ်သက်တာဆုအတွက် လျာထား တာက  အသက်  ၈၀  ရှိရမယ်။   ရုပ်ရှင် လုပ်သက်နှစ်  ၅၀  ရှိရမယ်။ နိုင်ငံတော် ကပေးတဲ့  ဆုတစ်ဆုရရှိထားပြီး ရုပ်ရှင် လောကသားတွေအကျိုးကို ဆောင်ရွက် သူ၊ ကြည်ညိုသူလည်း ဖြစ်ရမယ်ဆိုတဲ့  အချက်ငါးချက်နဲ့ ပြည့်စုံသူကို ပေးတာပါ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့   ရုပ်ရှင် လောကသားတွေက ပထမဆုံး ဦးတင်ယု ကို  ဆုပေးခဲ့တယ်။  အဘဗိုလ်ကလေး တင့်အောင်နဲ့ ဒေါ်မြင့်မြင့်ခင်တို့ကို နိုင်ငံ တော်က ဆုချီးမြှင့်ခဲ့တယ်။ အခုပုဂ္ဂိုလ် နှစ်ဦးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က ရွေးချယ်ပေးပြီး နိုင်ငံတော်က အသိ အမှတ်ပြုပြီးတော့ ရုပ်ရှင်တစ်သက်တာ ဆုကို   ချီးမြှင့်တာပါ။  ဆုအနေနဲ့  ရွှေ ငါးကျပ်သားပါတဲ့   အကယ်ဒမီ   ရွှေစင် ရုပ်တုကို ပေးအပ်တာပါ။

 


ရုပ်ရှင်မင်းသားကြီး      ဦးညွန့်ဝင်း  အခုရှိမယ်ဆိုရင် အသက် ၈၃ နှစ် ရှိပါပြီ။ သူအသက်   ၈၀   မှာ   ကွယ်လွန်သွားခဲ့ တယ်။ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင် က အသက်  ၈၇  နှစ်ရှိပြီ။ သူကတော့  မာမာချာချာပါပဲ။    အခုအသက်အရွယ်  အထိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ တာဝန်ထမ်းဆောင်ဆဲပါပဲ။ တကယ်လို့ သာ ၂၀၁၉  ခုနှစ်အတွက် အကယ်ဒမီပေး ခဲ့ရင် ဦးညွန့်ဝင်းလည်း မီတယ်။ မပေးခဲ့ နိုင်ဘူး။ ဦးအောင်လွင်လည်း အသက်ကြီး နေပြီဆိုတော့     ရှိနေချိန်မှာ    ပေးချင် တယ်။  နိုင်ငံတော်ကလည်း ကူညီတယ်၊ ကျွန်တော်တို့ကလည်း    ကြိုးစားတယ် ဆိုတော့    အဆင်ပြေသွားတဲ့အတွက် အားရဝမ်းသာဖြစ်ရပါတယ်။ မိသားစု တွေက နိုင်ငံခြားရောက်နေပြီး ဦးညွန့်ဝင်း ဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ  နာယကလုပ်ခဲ့တယ်ဆိုတော့ တစ်သက် တာဆုကို    ကိုယ်စားအနေနဲ့    နာယက အဖွဲ့ဝင်    တစ်ဦးက     ယူပေးပါတယ်။ ပြည်သူတို့ရဲ့ နှလုံးသားမှာရှိနေတဲ့ ရုပ်ရှင် မင်းသားကြီးတွေဖြစ်တဲ့အတွက် အခုလို ရုပ်ရှင်တစ်သက်တာဆု      ပေးအပ်မှုကို ကျွန်တော်နဲ့ထပ်တူ ရုပ်ရှင်ချစ်ပြည်သူ များလည်း ထပ်တူဝမ်းသာပီတိ  ဖြစ်နေ ကြမယ်လို့ ယုံကြည်ပါတယ်။

 


ဦးနှင်းမိုး
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက)


ဦးညွန့်ဝင်းဆိုတာ အနုပညာလောက မှာ ကြိုးစားပမ်းစားနဲ့ သရုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ အကယ်ဒမီစပြီးယူတဲ့ အချိန်ကစပြီး အကယ်ဒမီ ရှစ်ခုရရမယ် ဆိုပြီး   နေရာရှစ်နေရာမှာ   လုပ်ဆောင် ထားတဲ့သူပါ။ ရည်မှန်းချက်နဲ့ ရည်ရွယ် ချက်   ကောင်းမွန်တဲ့သူပါ။    ပြီးတော့  ရည်မှန်းချက်ပြည့်အောင်လည်း ကြိုးစား ခဲ့တယ်။   အကယ်ဒမီ  ခုနစ်ခုရရှိချိန်မှာ ဆုံးပါးသွားတာကြောင့် သူ့ရဲ့ဆန္ဒမပြည့် ခဲ့ဘူးလို့ဆိုရပေမယ့် ရုပ်ရှင်တစ်သက်တာ ဆုရရှိခဲ့တာကြောင့်  သူရည်မှန်းထားတဲ့ အကယ်ဒမီ ဆုရှစ်ဆု ပြည့်သွားတဲ့အတွက်  ဝမ်းသာပီတိဖြစ်ရပါတယ်။    သူရှိစဉ်က တစ်သက်တာဆုရမယ်ဆိုတာ  သတင်း စကားပါးခဲ့ဖူးတာရှိတယ်။ မကွယ်လွန် ခင်မှာ  ဆုရှစ်ဆုရမယ်ဆိုတာ  သိရှိသွား တာကြောင့်  သူ့အတွက် ကောင်းသွားပါ တယ်။   ဦးညွန့်ဝင်းကိုယ်စား  ဆုယူပေး ရတဲ့အတွက်      ဝမ်းသာဝမ်းနည်းလည်း ဖြစ်ရပါတယ်။ ဝမ်းသာတာက သူရည်မှန်း  ထားတဲ့ ဆုရှစ်ဆုရမယ်ဆိုတဲ့ ရည်ရွယ် ချက်    ပြည့်သွားလို့ပါ။  ဝမ်းနည်းတာက တကယ်       ဆုရှစ်ဆုပြည့်တဲ့အချိန်မှာ သူကိုယ်တိုင်မရှိခဲ့လို့ပါ။ 
ရုပ်ရှင်တစ်သက်တာဆုဆိုတာ   ရခဲ ပါတယ်။ သူ့မှာစည်းကမ်းချက်တွေ ရှိနေ လို့ပါ။    ဒီလိုအချက်တွေ     ပြည့်စုံတဲ့သူ ရှားရှားပါးပါး  ထွက်လာတာပါ။   ရှိတော့ ရှိမယ် ရှားတယ်၊  အဲဒီရှားတဲ့အထဲကမှ ရွေးရတာပါ။   ဦးညွန့်ဝင်း    မိသားစုဟာ  နိုင်ငံခြားမှာ ဆေးသွားကုနေတာကြောင့်  ရုပ်ရှင်အစည်းအရုံးအနေနဲ့ တစ်သက်တာ ဆုကို    မိသားစုထံ   လွှဲပြောင်းပေးအပ် သွားမှာပါ။

 


ဦးအောင်လွင် 
(ရုပ်ရှင်တစ်သက်တာဆုရှင်)


၁၉၂၀ ပြည့်နှစ်ကစတင်ခဲ့တဲ့ မြန်မာ့ ရုပ်ရှင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ် ၁၀၀ ပြည့်တဲ့အတွက် ကျွန်တော်တို့တစ်တွေ  များစွာပြင်ဆင်ထားခဲ့တယ်။ မြန်မာ့ရုပ်ရှင်  နှစ် ၁၀၀ ပြည့်မှာ အကယ်ဒမီ ထူးထူး ခြားခြားပေးနိုင်အောင်  ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို အပင်ပန်း ခံပြီး ကြည့်ခဲ့ပါတယ်။ အလွှာအသီးသီး က အကဲဖြတ်များရဲ့ သုံးသပ်ချက်တွေကို  ချိတ်ပိတ်သိမ်းထားခဲ့တယ်။        ၂၀၂၀ ပြည့်ရင် နှစ် ၁၀၀ ပွဲတော်နဲ့အတူ ပြဇာတ် တွေကမယ်၊    တေးသရုပ်ဖော်အတွက် အသံတွေ   သွင်းကြတယ်၊  အကယ်ဒမီ တွေလည်း ပေးမယ်၊ ပြီးတော့ ဦးညွန့်ဝင်း နဲ့    ဦးအောင်လွင်ကိုလည်း    ရုပ်ရှင် တစ်သက်တာဆု    ပေးမယ်ဆိုပြီး   အမှု ဆောင်အဖွဲ့ကလည်း       ဆုံးဖြတ်ထား တယ်။  သို့သော်လည်း ၂၀၂၀ မှာ ကိုဗစ် ကပ်ရောဂါကြီး   ဖြစ်လာတယ်ဆိုတော့  ဘာမှမလုပ်နိုင်ဘူး        ဖြစ်သွားတယ်။ ပြီးတော့   ကျွန်တော်နဲ့အတူ     ဆုရရင် ပျော်မှာပဲလို့ပြောခဲ့တဲ့ ဦးညွန့်ဝင်းလည်း ကွယ်လွန်သွားခဲ့တယ်။ ကျွန်တော်လည်း မနက်ဖြန်၊ သန်ဘက်ခါဆိုရင် ၈၇ နှစ်ပြည့် ပါပြီ။
ကျွန်တော်ဇာတ်ကားပေါင်း   ၁၀၀  နီးပါး   ရိုက်ခဲ့တယ်။    ဦးညွန့်ဝင်းက ဇာတ်ကားပေါင်း ၂၁၆ ကား ရိုက်ခဲ့တာ။  မြန်မာပြည်ရဲ့ နေရာဒေသအသီးသီးမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ခဲ့တယ်။ ပွေလီ ဝေလင်းဆိုရင် မွန်ပြည်နယ်၊ ကလောအလွန် တစ်ဘူတာဆိုရင်   ရှမ်းပြည်တောင်ပိုင်း၊ ကျောက်မဲအကျဉ်းသားဆိုရင် ရှမ်းပြည် မြောက်ပိုင်း၊   နေခြည်ဖြာဆိုရင်   ကချင် ပြည်နယ်၊  တိမ်လွှာမို့မို့လွင်နဲ့  မိုးကုပ်  စက်ဝိုင်းကျော်လွန်၍ဆိုရင် ရခိုင်ပြည်နယ်  စတဲ့ ဇာတ်ကားပေါင်းများစွာ ပင်ပန်းစွာ ရိုက်ခဲ့ပါတယ်။  နည်းပညာနဲ့  စက်ပစ္စည်း အားနည်းတဲ့အတွက်  အားလုံးဝိုင်းဝန်း လက်တွဲပူးပေါင်းမှုရဲ့ စွမ်းအားနဲ့ ဖြတ် ကျော်ခဲ့ရတာပါ။ ပြည်သူတွေ မရောက် ဖူးတဲ့   ဒေသတွေကို   ကျွန်တော့်မျက်စိ ကတစ်ဆင့်    မြင်တွေ့စေလိုတဲ့    ဆန္ဒနဲ့ ကြိုးစားခဲ့တာပါ။
ဦးညွန့်ဝင်းနဲ့     အမှတ်တရဆိုရင်  သူနေကောင်းစဉ်မှာ ခင်ဗျားနဲ့ ကျွန်တော်  ဆုတက်ယူရမှာဗျလို့ ပြောခဲ့တဲ့ပုံရိပ်ကို  စိတ်ထဲအမှတ်တရရှိပြီး စိတ်မကောင်း လည်းဖြစ်ရပါတယ်။ သူကိုယ်တိုင်လည်း ယူစေချင်တာပေါ့လေ။ ဦးညွန့်ဝင်းနဲ့ အချစ် ကြွေးကို သွေးနဲ့ဆပ်မယ် ဇာတ်ကားနဲ့  အခြားရုံမတင်ခဲ့ရတဲ့ ဇာတ်ကားနှစ်ကား လည်း   တွဲဖူးတယ်။   ၁၉၇၄ ခုနှစ်မှာ နော်ကူးမ   ဇာတ်ကားနဲ့     ကျွန်တော် အကယ်ဒမီရတယ်။     အကယ်ဒမီဆုကို ရွှေတိဂုံဘုရားမှာ လှူခဲ့ပါတယ်။  ၁၉၅၈  ခုနှစ် အသက် ၂၃ နှစ်ကစပြီး ရုပ်ရှင်ကို  နည်းပေါင်းစုံနဲ့ ဖြတ်သန်းခဲ့တာကြောင့်  ယနေ့လိုချီးမြှင့်တဲ့ ရုပ်ရှင်တစ်သက်တာ  ဆုအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။  ရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတွေ အနေနဲ့ ကျွန်တော်ဆုရရှိမှုအပေါ် ဝမ်းသာ ကြောင်းကို    နားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်။

 


မြင်စိုင်းသားအောင်အောင်
(ရုပ်ရှင်သရုပ်ဆောင်)


ရုပ်ရှင်       တစ်သက်တာဆုဆိုတာ ရှားရှားပါးပါးပါပဲ။    သူတို့နှစ်ဦး အခုလို ဆုရရှိတာ  အင်မတန်   ဝမ်းသာဂုဏ်ယူ တယ်။ ကိုညွန့်ဝင်းနဲ့တွဲခဲ့တဲ့  ဇာတ်ကား များစွာရှိတယ်။  မှတ်မှတ်ရရ  ပြောရရင် ဒူးမထောက်လက်မမြှောက် ဇာတ်ကားပါ။  သားအဖ သုံးယောက်မှာ သူကနှစ်ကိုယ်ခွဲ ကျွန်တော်နဲ့    သရုပ်ဆောင်ထားတယ်။ ဇာတ်ကြမ်းဖြစ်တဲ့အတွက် ပရိသတ်တွေ အထူးအားပေးခဲ့တယ်။    မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်နိုင် ခွင့်ရမယ်ဆိုရင်    ဒီထက်ပိုပြီး  တိုးတက် သွားမယ်ထင်တယ်။ ရုပ်ရှင်လောကသား တွေမှာ ကိုယ်စီကိုယ်စီ အနုပညာစွမ်းရည် တွေ ရှိကြတယ်လေ။  ထုတ်ဖော်ပြသဖို့ ရှိကြပါတယ်။  

 


ဦးညွန့်ဝင်း   ရေးသားခဲ့သော    စာအုပ်မှ  အမှတ်တရစကား


သရုပ်ဆောင်ကောင်း  တစ်ယောက် ဟာ တစ်ချိန်တည်းမှာ အနည်းဆုံးအဆင့် သုံးဆင့်ကို ပိုင်ဆိုင်နိုင်ရမယ်။ ကိုယ်ပြော ရမယ့်စကား၊    ကိုယ့်စိတ်ဆန္ဒ၊    ကိုယ့် ပရိသတ်။
ကျွန်တော်တို့ဟာ ပရိသတ်ရဲ့ဝန်ထမ်း တွေပါ၊ အစေခံတွေပါ။
ယခုတက်လာတဲ့ သရုပ်ဆောင်တွေ ကို ကျွန်တော်တို့ခေတ်က လုပ်ခဲ့သလို လုပ်ကြည့်ခိုင်းရင် သူတို့အတွက် ခက်ခဲ လိမ့်မယ်။
သရုပ်ဆောင်တွေ     လုပ်ငန်းခွင်မှာ၊ အလုပ်ထဲမှာ ပျော်နေအောင် စိတ်လက် ပေါ့ပါးနေအောင်     ဘယ်လိုတွေလိုမလဲ ဆိုတာ အဓိကပဲ။

 


တစ်ခါတလေ    ကျွန်တော်စဉ်းစား မိတယ်၊ ဝေဖန်ရေးသမားတွေကို ဇာတ် တိုက်နေတုန်း လာလေ့လာစေချင်တယ်။ 
စဉ်းစဉ်းစားစား ရိုးရိုးသားသား ဂရု တစိုက် ဝေဖန်ကူညီကြပါလို့၊ ကျွန်တော် ကတော့ ဘယ်ပြန်ညာပြန်၊ အဖူးအရောင် တွေရော၊ အမြှောက်အပင့် အထုအထောင်း တွေ  စုံနေအောင်ခံခဲ့ရပြီးပြီ၊ ရယ်လည်း ရယ်ခဲ့ရတယ်   ငိုလည်းငိုခဲ့ရတယ်၊   ထူပူ ပေါက်ကွဲရပြီးပြီ။ 

 


ကျွန်တော်လေးစားရတဲ့     ဆရာ သမားကြီးတွေ၊  ဝါသနာတူကြတဲ့ သရုပ် ဆောင်  သူငယ်ချင်းတွေ၊  ကျွန်တော့်ကို နှစ်ပေါင်းများစွာ       အားပေးခဲ့ကြတဲ့ ပရိသတ်တွေပါမကျန်      ဦးထိပ်ထားပြီး ကျွန်တော်ဂါရဝများစွာဖြင့် အသက် ၈၀ ပြည့်မှာ    အမှတ်တရ   မေတ္တာရောင်ပြန် လိုက်ပါတယ်။


တွေ့ဆုံမေးမြန်းသူ-ညိမ်းသူ (သတင်းစဉ်)