ကျေးရွာစိတ်ဓာတ်နှင့် ရေရှည်ဖွံ့ဖြိုးရေး

Type

 

ခန့်ဇော် (ကျေးလက်)

 

ဖွံ့ဖြိုးရေးတွေဟာ ရေရှည်တည်တံ့ဖို့လိုသလို စဉ်ဆက်မပြတ်ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ ဒီအတွက်လည်း ကဏ္ဍအလိုက် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ရေးဆွဲအကောင်အထည်ဖော်ကြရတယ်။ မဟာဗျူဟာ ရေးဆွဲရာမှာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများ၊ မူဝါဒများရေးဆွဲ ဆောင်ရွက်ရတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ  ရေရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို စဉ်းစားရာမှာ  အချိန်ကာလအားဖြင့် သုံးပိုင်း ရှိပါတယ်။ (၁) မဆောင်ရွက်မီ အချိန်ကာလ၊ (၂) ဆောင်ရွက်ဆဲကာလ၊ (၃) ဆောင်ရွက်ပြီးကာလတို့ပဲ ဖြစ်ပါတယ်။

 

မဆောင်ရွက်မီကာလ - အရေးကြီးတာကတော့ ဒီစီမံကိန်းတွေလုပ်ဖို့ အခြေခံကျတဲ့  ဖြစ်နိုင်ခြေ လေ့လာမှု (Feasibility Study-FS)က အရေးကြီး ပါတယ်။ FS ကောင်းကောင်း  မလုပ်ခဲ့ရင် ဒီဇိုင်းမှာ    လိုအပ်ချက်တွေ    ရှိမယ်၊    တည်ဆောက်ရေး ကာလမှာ  လိုအပ်ချက်တွေရှိမယ်၊ ပြင်ရတာတွေ များမယ်၊ အချိန်ပိုကုန်ပါမယ်၊ ငွေကြေးပိုကုန်မယ်။ FS ကောင်းရင် “အစကောင်းမှ အနှောင်းသေချာ” ဆိုသလို ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုကောင်းတဲ့အတွက်   ဒီဇိုင်းကောင်းမယ်၊   တည်ဆောက်ရေး ကာလ အဆင်ပြေချောမွေ့မယ်။ ဒေသခံပြည်သူတွေ ရဲ့အသံ  နားထောင်ဖို့ လိုအပ်ပါတယ်။ ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။

 


ဆောင်ရွက်ဆဲကာလ -  အရေးကြီးတာကတော့ Project Team  စနစ်တကျ   စုဖွဲ့ဆောင်ရွက်ဖို့၊ အုပ်ချုပ်ထောက်ပံ့မှုတွေ ပြည့်ပြည့်စုံစုံ ထောက်ပံ့ ပေးဖို့၊ စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်း (Moni- toring and Evaluation)  စနစ်တကျ  ဆောင်ရွက်ဖို့၊ သတ်မှတ် Design၊ Specification  တွေအတိုင်း လုပ်ဖို့၊ စစ်ဖို့၊ သတ်မှတ်ကာလအတွင်း ပြီးစီး‌အောင် စီမံခန့်ခွဲဖို့၊  အထက်အဖွဲ့အစည်း   အသီးသီးနှင့် အကြီးအကဲများ၏ အားပေးကူညီမှု၊ တာဝန်ယူမှု၊ ပံ့ပိုးမှု(Top Level Commitment)ရှိဖို့ စတာတွေ အရေးကြီးပြီး ရေရှည်ကောင်းခြင်း၊ မကောင်းခြင်း၊ သတ်မှတ် Design Period အတွင်း ခံနိုင်မှု၊ ခံနိုင်ရည် ရှိ/ မရှိ  စတာတွေဟာ   ဒီဆောင်ရွက်ဆဲကာလ ကြီးကြပ်ခြင်း၊  Quality Control (QC) အပိုင်း ကောင်းမှ ကောင်းမယ်၊ ရေရှည်ခံမယ်။  ဒီနေရာမှာ ကြီးကြပ်သူများရဲ့ ကျင့်ဝတ်လိုက်နာမှုက  အလွန် အရေးကြီးပါတယ်။     ကျင့်ဝတ်ဖောက်ဖျက်ပြီး မကောင်းတာ၊ မလုပ်သင့်တာကို မျက်ကွယ်ပြုခဲ့ရင် ရေရှည်အတွက် ဒုက္ခပေးတတ်ပါတယ်။ ဆောင်ရွက် ဆဲကာလတစ်လျှောက်လုံး ဒေသခံပြည်သူများကို ကဏ္ဍအလိုက်   လိုအပ်သလို  ပူးပေါင်းပါဝင်ခွင့် ပေးရမှာဖြစ်ပြီး   ပြည်သူရဲ့အားနဲ့   လုပ်ငန်းများ စီမံကိန်းများ အောင်မြင်အောင် အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။

 


ကြားကာလ - အရေးကြီးတာက  Contract Management အပိုင်းဖြစ်ပြီး စာချုပ်ပါ ဆောင်ရွက် ရန် အချက်များကို ဆောင်ရွက်မှုရှိ/ မရှိ ကြီးကြပ် ရမှာ ဖြစ်ပါတယ်။  ဒီနေရာမှာ နည်းပညာပိုင်း စီမံ ခန့်ခွဲမှုအပိုင်း၊ ရန်ပုံငွေ၊ အချိန်၊ လုပ်ထုံးလုပ်နည်းများ အပါအဝင် လိုအပ်သည့် အထောက်အထား Docu-mentation  များကိုပါ စီမံခန့်ခွဲရန် လိုအပ်ပါတယ်။
ဆောင်ရွက်ပြီးကာလ - အလွန်ပဲ အရေးကြီး သွားပါပြီ။  စာချုပ်အရ   အာမခံကာလကလွဲလို့ Design Period အရက လွဲလို့ ရေရှည်ခံဖို့ဆိုတာက လွယ်တာမဟုတ်။ ဒါကြောင့် ဆောင်ရွက်ပြီး ကာလ Operation & Maintenance (O&M) အပိုင်းဟာ အလွန်အရေးကြီးပါတယ်။  ဒီနေရာမှာ O & M ကို တာဝန်ရှိ    အဖွဲ့အစည်းတွေနဲ့   တာဝန်ရှိ  ကျေးရွာ ကော်မတီက  လုပ်ကြရပါတယ်။   ကျေးရွာများမှာ ရှိနေတဲ့   ဖွံ့ဖြိုးရေးလုပ်ငန်းတွေ   အတွက်တော့ တာဝန်ရှိ ဌာနဆိုင်ရာအဖွဲ့အစည်း၊ ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီနဲ့  ကျေးရွာကော်မတီတွေဟာ   အလွန်ပဲ အရေးကြီးပါတယ်။ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်း လည်ပတ်ရေး အစီအစဉ်ကောင်းတွေ မရေးဆွဲလို့ မရပါဘူး။ O & M Plan ရှိရမယ်။ Plan Budget နဲ့ ချိတ်ထားရမယ်။ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးတွေ ပုံမှန်ဆောင်ရွက်ပြီး ထိန်းသိမ်းရပါတယ်။

 


တန်ဖိုးထားမှုနှင့် ပိုင်ရှင်စိတ်ဓာတ်(Ownership) ဟာလည်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အရေး ကြီးပါတယ်။ ဘယ်သူတွေ ဆားဗစ်ပေးပြီး ဘယ်သူ တွေက ဆားဗစ်ကို ရယူသုံးစွဲနေကြလဲ။

 


နိုင်ငံတော်ရဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ကုမ္ပဏီ တွေက ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့  ဝန်ဆောင်မှု(Service) တွေကို  ပေးရမှာဖြစ်ပြီး  မြို့ပြ/ ကျေးလက်နေ ပြည်သူများက ဝန်ဆောင်မှုကို ရယူသုံးစွဲ ခံစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထိုက်သင့်တဲ့ အခွန်အခ ပေးဆောင်ချင်တဲ့   စိတ်ဓာတ်ရှိဖို့နဲ့  ဝန်ဆောင်မှု ကောင်းပေးဖို့  အပြန်အလှန်  လိုအပ်ပါတယ်။ ဝန်ဆောင်မှုမကောင်းရင်   သုံးစွဲသူများက  အခွန် မပေးချင်သလို ထိုက်သင့်အခွန်မပေးရင် ဝန်ဆောင် မှုကောင်းကောင်း မပေးနိုင်ပါဘူး။ ဖွံ့ဖြိုးရေးလုပ်ငန်း တွေဆိုတာ အလှထားတာ မဟုတ်ပါဘူး။ သုံးစွဲနေ တာ။ သုံးနေရင်း  အချိန်တစ်ခု၊  ကာလတစ်ခုမှာ ပျက်တာပဲ၊  ပြင်ရမှာပဲ၊ လဲလှယ်ရမှာပဲ၊ ပြင်ရင်၊ လဲရင် ရန်ပုံငွေလိုမှာပဲ၊ ရန်ပုံငွေ ဘယ်ကရမှာလဲ။ ဝန်ဆောင်မှုကြောင့်ရတဲ့အခွန်(Pay for Service) က ပေးရမှာပဲ။

 


သို့သော်   ကျေးလက်ဖွံ့ဖြိုးရေး   အခြေခံ အဆောက်အအုံ  အများစုအတွက်   နိုင်ငံတော်ကို အခွန်မပေးကြရပါဘူး။ ဥပမာ - စာသင်ကျောင်း၊ ဆေးပေးခန်း၊  ကျေးလက်လမ်း၊  ရွာတွင်းလမ်း၊ ကျေးရွာရေရရှိရေး  စတာတွေဟာ   နိုင်ငံတော်မှ တာဝန်ရှိအဖွဲ့အစည်းများကသာ     ကျခံရင်းနှီး ဆောင်ရွက်ရပြီး အချို့မှာတော့ ပြည်သူ့ထည့်ဝင်မှုနဲ့ ဆောင်ရွက်ကြတာလည်းရှိပြီး   သုံးစွဲမှုအတွက် မှာတော့  အခွန်အခ မပေးဆောင်ရပါဘူး။ သို့သော် ဖုန်း၊ အင်တာနက်၊ လျှပ်စစ်မီး(Grid) တို့ကတော့ သုံးစွဲသမျှ အခွန်အခ ပေးဆောင်ရပါတယ်။

 


ဒါဆိုရင် အခွန်မပေးရတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ ဘာအရေးကြီးလဲဆိုရင် ပြည်သူ့ အခန်းကဏ္ဍ၊  ပြည်သူဗဟိုပြု(People  Center) စီမံကိန်းတွေ ဆောင်ရွက်ဖို့၊ စီမံကိန်းစတင်သည်မှ စီမံကိန်းကာလတစ်လျှောက်လုံး ပြည်သူတွေ ပါဝင် ခွင့်ရဖို့၊ တာဝန်တွေ ခွဲဝေပေးဖို့၊ ရန်ပုံငွေ ပွင့်လင်း မြင်သာသုံးစွဲဖို့၊ ပြည်သူပါဝင်မှုကို   အသိအမှတ်ပြု တန်ဖိုးထားဖို့ စတာတွေဖြစ်ပါတယ်။

 


“ဒါငါတို့ရွာ စီမံကိန်း၊ ငါတို့မှာ တာဝန်ရှိတယ်” ဆိုတဲ့ စိတ်ဓာတ်ကို အစကတည်းက ရိုက်သွင်း လေ့ကျင့်ပေးရမှာ  ဌာနရဲ့တာဝန်ပဲ  ဖြစ်ပါတယ်။ ဒါကို “ကျေးရွာစိတ်ဓာတ်”လို့ ခေါ်ပါတယ်။ ကျေးရွာ စိတ်ဓာတ်ဆိုတာ-
    u    စည်းလုံးညီညွတ်အောင်   နေထိုင်ပြုမူ ပြောဆိုတဲ့စိတ်ဓာတ်
    u    ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ    တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်ဓာတ်
    u    ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓာတ်
    u    မိမိကိုယ်တိုင်  ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်ဓာတ်
    u    ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပြီး ထိန်းသိမ်းတဲ့  စိတ်ဓာတ် တွေပဲဖြစ်ပါတယ်။

 


စည်းလုံးညီညွတ်ခြင်း (Be Unite)


ကျေးရွာတွေမှာလည်း တိုင်းရင်းသားလူမျိုးများ၊ ဘာသာတရား ကိုးကွယ်ယုံကြည်မှု အစုံ၊ အယူအဆ အတွေးအခေါ်အစုံ ရှိနေနိုင်တာပါပဲ။ ဒါပေမယ့်ကျေးရွာ ဖွံ့ဖြိုးရေးဆိုတဲ့ ဘုံသဘောကိစ္စတွေမှာ ‘‘အမြင်မတူ ငါ့ရန်သူ” လုပ်လို့မရပါ။ ဦးစားပေးရွေးချယ်သတ်မှတ် ရာမှာ အများသဘော၊  အမှန်တကယ်   လိုအပ်မှု စတာတွေကို  ဆိုင်ရာဌာနတွေက   Facilitation လုပ်ပေးပြီး ကျေးရွာကို ဆုံးဖြတ်ပိုင်ခွင့်ပေးရမှာမို့ အများအကျိုးအတွက်၊  ရွာအတွက်၊  တို့အားလုံး အတွက် စည်းလုံးညီညွတ်ရပါမယ်။ လွတ်လပ်စွာ ကိုးကွယ်ပါ။ ယုံကြည်ပါ။ ဒါပေမယ့် စည်းလုံးမှုမရှိ၊ တစ်ယောက်တစ်ပေါက်၊   ဦးနင်းပဲ့ထောင်၊  ပဲ့နင်း ဦးထောင်ဖြစ်နေရင် ဘယ်အဖွဲ့အစည်း ဘယ်ဌာန ကမှ လာချင်၊ လုပ်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စည်းလုံးညီညွတ်ခြင်းသည် အဓိက ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေရဲ့  ဖွံ့ဖြိုးရေးဆိုင်ရာ   ဦးစားပေးမှု (Targeting) မှာလည်း စည်းလုံးညီညွတ်မှုကို အခြေခံ လာကြပြီ ဖြစ်ပါတယ်။   ရပ်ရွာဖွံ့ဖြိုးရေးအကျိုး၊ အများအကျိုးလိုလားသူ ရပ်မိရပ်ဖများ၊ ကျေးရွာ ခေါင်းဆောင်များ၊ လူငယ်များက ကျေးရွာစည်းလုံး ညီညွတ်အောင် တည်ဆောက်ကြရမယ်။ ကျေးရွာ စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်တာတွေ ကို  သိရှိရှောင်ရှားကြရမယ်။    နိုင်ငံရေးပါတီများ/ နိုင်ငံရေးသမားများကြောင့်လည်းကောင်း၊ ဘာသာ ရေးယုံကြည်မှုကြောင့်လည်းကောင်း၊ အုပ်ချုပ်သူ ဦးဆောင်သူများ   ညံ့ဖျင်းပြီး   ပွင့်လင်းမြင်သာ ဆောင်ရွက်မှုမရှိခြင်းကြောင့်       လည်းကောင်း စည်းလုံးညီညွတ်မှု  ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် ရွာအကြီးအကဲ တွေ၊ အုပ်ချုပ်သူတွေ၊  ဦးဆောင်သူ   ကျေးရွာ ခေါင်းဆောင်တွေဟာ ဆောင်ရန်/ရှောင်ရန် စည်းမျဉ်း စည်းကမ်းတွေ ချမှတ်လိုက်နာကျင့်ကြံ  နေထိုင် ကြရန် လိုအပ်ပါတယ်။

 


တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း (Get Active Participation)


“လက်သည်ချည်းပဲ  အားမကိုးနဲ့ ကိုယ်တိုင်လည်း အားစိုက်ဦး” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတာကိုး။ အရင်းအမြစ်တွေဆိုတာ အကန့်အသတ်နဲ့ရှိတာ၊ နိုင်ငံတော်ပံ့ပိုးမှုဆိုတာလည်း အကန့်အသတ်ရှိတာ ပဲ။ ဒါကြောင့် စီမံကိန်းစကတည်းက ဖွဲ့စည်းတာဝန် ပေးမှုအပေါ်  မူတည်ပြီး  ကျရာကဏ္ဍမှ တက်တက် ကြွကြွ ပူးပေါင်းပါဝင်ကြမှ အောင်မြင်မယ်၊ ဌာန ဆိုင်ရာများက   တာဝန်ရှိလို့   လာလုပ်ပေးရတယ် ဆိုပေမယ့် ရွာရဲ့မူလစိတ်ဓာတ်ကိုက ဖော်ရွေတယ်၊ တက်တက်ကြွကြွရှိတယ်၊ ပူးပေါင်းပါဝင်မှု ကောင်း တယ်ဆိုရင် ဌာနဆိုင်ရာ ဝန်ထမ်းတွေပါ တက်ကြွ လာမယ်၊   စေတနာထပ်တိုးလာမယ်၊   အတူတကွ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ။ အောင်မြင်မှု အသီးအပွင့်ဟာ  တစ်ရွာလုံးနဲ့ ဆိုင်တယ်ဆိုတာ သက်သေပြဖို့  အားလုံး  တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ကြရမယ်။ ဒီရွာက တာဝန်ပေးလည်း  မရ၊ ကူပါဆိုလည် မကူ။  လိုတာမှန်သမျှအကုန် နိုင်ငံတော် က ကျခံရအောင်လည်း အဆင်မပြေ၊ ဒီလိုဆိုရင် ကူညီပါဝင်မှု၊   လုပ်အားပါဝင်မှု၊   တတ်နိုင်တဲ့ ကြီးကြပ်မှုမရှိရင် ကုန်ကျစရိတ်များပြီး အနည်းငယ် သာ လုပ်နိုင်မယ်။ အဲဒီလိုမဟုတ်ဘဲ နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လုပ်အားနှင့် တတ်နိုင်သမျှ ပါဝင် ကြမယ်ဆိုရင်ဖြင့် ငါတို့ကိုယ်တိုင် ပါဝင်လုပ်ခဲ့တာမို့ ငါတို့ တန်ဖိုးထားရမယ်၊  ထိန်းသိမ်းကြရမယ်၊  ဒါဆို ရေရှည်တည်တံ့ခိုင်မြဲပါမယ်။

 


ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်မွေးမြူခြင်း 
(Nurture Self–reliant Mindset)


ရေရှည်တည်တံ့ဖို့ကတော့ ကိုယ့်အားကိုယ်ကိုး ရမယ်၊ ဒီစိတ်ဓာတ်လေးမွေးမြူခြင်းက တစ်ဦးချင်း၊ တစ်အိမ်ချင်းနဲ့ တစ်ရွာလုံးအတွက် အခြေခံကျတဲ့ အုတ်မြစ်မျိုးဖြစ်တယ်။ လုပ်မှ ရမယ်၊ ကိုယ်လုပ်မှ ကိုယ်ရမယ်၊ ဒါကြောင့်  သူများကို  အားမကိုးဘူး။ ကိုယ်တိုင်    အားကိုးရမယ်။  ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်မရှိရင်   နိုင်ငံတကာ   အကူအညီတွေ ဘယ်လောက်ပဲရရ၊ ဌာနဆိုင်ရာတွေရဲ့ ဆောင်ရွက် ပေးမှု ဘယ်လောက်ပဲရှိရှိ ကြာရှည်ခံမှာ မဟုတ်ပါ ဘူး။  ပျက်ရင် ဌာနက လာပြင်လိမ့်မယ်။ ဒီလိုစိတ် မျိုးတွေရှိရင် ပိုပျက်စီးပါမယ်။  ပျက်ရင်ပြင်မယ်၊ တို့တာဝန်ဖြစ်လို့ သူများအားမကိုးဘူးဆိုရင် မှီခို စိတ်ကင်းလာပြီး၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်တွေ ရှင်သန်လာပြီး    ဖွံ့ဖြိုးရေးလုပ်ငန်းတွေသာမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာပါ   ရေရှည် ထိန်းသိမ်းလာနိုင်မှာ ဖြစ်ပါတယ်။

 


မိမိကိုယ်တိုင် ဖွံ့ဖြိုးလိုစိတ် မွေးမြူခြင်း 
(Bear We–Can–Do Spirit)


မိမိကိုယ်တိုင်    မိမိရပ်ရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရပါမယ်။ သူများလာလုပ်ပေးမှ ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ဖွံ့ဖြိုးလိုစိတ်၊ ဖြစ်ချင်စိတ်က သူများပေးတာက ရတာမဟုတ်။ မိမိတို့ကျေးရွာက စရမှာဖြစ်ပြီး  မိမိတို့ရဲ့   ပကတိလိုအပ်ချက်က ဘာတွေလဲ၊ ဘာတွေဦးစားပေးရမှာလဲ စတာတွေကို သိရှိပြီး အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တတ်နိုင်တာကစပြီး   သန္ဓေတည် စတင်ရပါမယ်။ သူကူမှ ငါကူမှဆိုပြီး စောင့်နေလို့ မရပါဘူး။  လုပ်နိုင်တာကို ကိုယ့်ခွန်ကိုယ့်အားနဲ့ လုပ်ထားမှ  ဌာနဆိုင်ရာတွေရဲ့ဘက်က   ဖွံ့ဖြိုးလို စိတ်ရှိမှု၊  အားထည့်မှုတွေကို   အသိအမှတ်ပြုပြီး လုပ်ပေးသွားမှာဖြစ်တယ်။ ကိုယ်တိုင် စတင်ဆောင် ရွက်မှ ဖွံ့ဖြိုးမှုအကူအညီတွေ၊ ဖွံ့ဖြိုးရေးရန်ပုံငွေတွေ လုပ်ငန်းတွေ  ရလာတဲ့အခါမှာလည်း ထိရောက် အကျိုးရှိမှာ ဖြစ်တယ်။ ကိုယ်တိုင်ဖွံ့ဖြိုးလိုတဲ့စိတ် ရှိတဲ့အတွက် ရေရှည်ထိန်းသိမ်းမယ့်   စိတ်ဓာတ် အလိုလိုပါပြီး ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။

 


ဆောင်ရွက်ပြီးလုပ်ငန်းများကို တန်ဖိုးထားခြင်းနှင့် 
အကျိုးရှိစွာအသုံးပြုခြင်း (Value Implemented 
Development Works and Utilize Effectively)


နိုင်ငံတော်မှာ ကျေးရွာပေါင်း ၆၄၀၀၀ ကျော် ရှိတယ်။ ဖွံ့ဖြိုးဖို့လိုအပ်နေတဲ့ကျေးရွာတွေ များစွာ ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အနေနဲ့ ဆောင်ရွက် ပြီး ကျေးလက်အခြေခံအဆောက်အအုံတွေအတွက် ရန်ပုံငွေ သိပ်မပေးနိုင်ဘဲ မဖြစ်မနေလိုအပ်တာတွေ ကို ဦးစားပေး စဉ်းစားပေးနေရပါတယ်။ ဒါကြောင့် ကျေးရွာသူ/ သားများကလည်း ဒီဖွံ့ဖြိုးရေးလုပ်ငန်း များမှာ အစကတည်းက ကိုယ်တိုင်ပါဝင် ရွေးချယ် ခဲ့တဲ့အလုပ်၊  ကိုယ်တိုင်ပါဝင်ဆုံးဖြတ်ချက်ချရတဲ့ အလုပ်၊ ကိုယ်တိုင်ပါဝင်   အကောင်အထည်ဖော်၊ ကိုယ်တိုင်ကြီးကြပ်    ဆောင်ရွက်ခဲ့တဲ့အလုပ်ကို ကိုယ်တိုင်ပဲ  တန်ဖိုးထား   ထိန်းသိမ်းရမှာပေါ့။  ကိုယ့်ရွာက စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်း၊  ရေတွင်း၊ ရေကန်၊ ရွာတွင်း လျှပ်စစ်မီးလိုင်းများကို ကိုယ်တိုင်က မထိန်းသိမ်းရင် ဘယ်သူတွေ လာထိန်း သိမ်းမှာတုန်း။ ဘယ်သူမှ လာမထိန်းပါဘူး၊  ကိုယ်တိုင် ပဲ ထိန်းသိမ်းရပါမယ်။ တန်ဖိုးထားပြီး ထိန်းရပါမယ်။ ပျက်ရင်ပြင်ဖို့  အစီအစဉ်ရေးဆွဲရပါမယ်။   ပြင်ဖို့ ရန်ပုံငွေရှိရမယ်။ ထိုက်သင့်တဲ့ အခွန်အခသတ်မှတ်‌ ကောက်ခံပြီး ပြင်ရမယ်၊ ထိုက်သင့်တဲ့  လုပ်အား ထည့်ဝင်ခြင်း၊  ငွေအင်အား   ထည့်ဝင်ခြင်းတို့ဖြင့် ပြင်ဆင်ထိန်းသိမ်းကြရပါမယ်။ ဆောင်ရန်/ရှောင်ရန် အချက်တွေကို အသိပညာပေးပြီး လိုက်နာကျင့်သုံး ခြင်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ  ရေရှည်တည်တံ့ဖို့ ပါဝင်ဆောင်ရွက်ကြရပါမယ်။ အပျက်အစီးနည်းလို့    ကုန်ကျစရိတ်သက်သာရင်ဖြင့် နိုင်ငံတော်အနေနဲ့ လည်း  အခြားလိုအပ်တဲ့နေရာတွေကို ပံ့ပိုး‌ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။
ခုဆွေးနွေးထားတဲ့   ကျေးရွာစိတ်ဓာတ်ဟာ တစ်အိမ်ချင်း  တစ်ဦးချင်းစီမှာလည်း   ရှိသင့်ပါ တယ်။ ဒီစိတ်ဓာတ်ဟာ   မိမိတစ်ဦးချင်းအတွက် လည်း အထောက်အပံ့ကောင်းတွေဖြစ်သလို ရွာ အတွက်၊ နိုင်ငံအတွက်လည်း အထောက်အပံ့ကောင်း တွေ ဖြစ်စေပါလိမ့်မယ်။ နိုင်ငံသားတိုင်း   နိုင်ငံ့ တာဝန်ကျေပွန်ရမှာပဲလေ၊ ဒီကျေးရွာစိတ်ဓာတ်ဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ   ရေရှည်တည်တံ့အောင် ထိန်းကျောင်းပေးမယ့် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး နိုင်ငံသားတာဝန် ကျေပွန်မယ့် အခြေခံစိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာလုပ်လုပ် ဒီကျေးရွာ စိတ်ဓာတ်ဟာ  အလွန်အရေးကြီးတာမို့ ဆရာကြီး မင်းသုဝဏ်ရဲ့ ‘ဝမ်းနည်းပါကြောင်း’ ကဗျာ “ လမ်း ဖောက်တော့ သူမပါ၊ လမ်းပြင်တော့ သူမရောက်၊ ဖြူးဖြောင့်စွာ  လမ်းပြေချောတော့၊  ကြော့ကြော့ လေးလျှောက်၊ ကန်တူးရာ သူမပါ၊ ကန်ဆယ်ရာ သူမရောက်၊ မြကန်သာ ရေကြည်သန့်မှ၊ ခန့်ခန့် လေးသောက်၊ ပန်းစိုက်ရာ သူမပါ၊ ပေါင်းသင်ရာ သူမရှိ၊ ပန်းပေါင်းစုံ သင်းကြူမွှေးတော့၊ ရွေးပန် ချင်၏၊ ရပ်ရွာရေး ဆွေးနွေးရာ၊ ဖယ်ရှောင်ခွာ သူ မရော၊ သူထင်ရာ မြင်အတွေးနဲ့၊ ဘေးထိုင်ဘုပြော။ လူ့ဘဝခဏတာ  မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့၊ လူပီစွာ  ကိုယ့်အမျိုးတွက်၊   ကြိုးလိုက်စမ်းပါ၊ သိလျက်နဲ့ သွေရှောင်ခွာ၊ ဝေဖန်ကာ အမြင်စောင်း၊ လူမမှန်   တယူသန်အတွေးတွေနှင့်၊   ကလေးလို အရေးဆိုကြမ်းတော့၊ ဝမ်းနည်းပါကြောင်း” ကဗျာနဲ့ ကျေးလက်ပြည်သူများကို   သတိအထပ်ထပ်ပေး ရင်း ဖွံ့ဖြိုးရေးတွေကို လုပ်ရင်ဖြစ်တယ်၊ လုပ်နိုင် တယ်၊ အတူလုပ်ကြမယ်၊ တန်ဖိုးထားထိန်းကြမယ် ဆိုတဲ့   “ကျေးရွာစိတ်ဓာတ်”    ပိုင်ရှင်စိတ်ဓာတ် မွေးမြူဆောင်ရွက်ကြပါစို့လို့  တိုက်တွန်းလိုက်ရ ပါတယ်။    
ကိုးကား - ဆရာကြီးမင်းသုဝဏ်၏ “ဝမ်းနည်းပါ ကြောင်း” ကဗျာ။