
မင်းဘူး အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကြီးမှူးပြီး ကျေးလက်နေတောင်သူများ အတွက် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး သင်တန်းကို အောက်တိုဘာ ၁၅ ရက်က ချောင်းကောက်ကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် မင်းဘူးခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သက်မွန်က အမှာ စကား ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမျိုးသူက ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ မင်းဘူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော ကျေးလက်နေတောင်သူများအတွက် တစ်ဖက် တစ်လမ်း အထောက်အကူပြုစေရန် ရည်ရွယ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ မင်းဘူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်လင်းက သင်တန်း တွင် ပို့ချမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားပြီး အဆိုပါသင်တန်းသို့ ချောင်းကောက်ကျေးရွာ၊ ထိန်တောကျေးရွာ၊ စိုင်ရှင်ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ပိုက်သင် ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကုန်းတန်းကျေးရွာ နှင့် မကျီးပင်ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြောင်း သိရ သည်။
အထွေး