
နေပြည်တော် ဩဂုတ် ၂၀
ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေးနှင့် စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များတွင် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် ကျေးလက်လယ်ယာ ကုန်ထုတ်လမ်းများ၊ ဆိပ်ခံတံတားများ၊ ကျေးရွာတွင်းလမ်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်မီးလင်းရေးအတွက်လည်း ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက်နှင့်အညီ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု မဟာဓာတ်အားလိုင်း ပြင်ပစနစ်(Off-Grid) မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ကျေးလက်ကုန်ထုတ်လမ်း တံတား လုပ်ငန်းများနှင့် ကျေးလက်မီးလင်းရေးလုပ်ငန်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ထိုကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း များ အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးလုပ်ငန်းများ၏ မြေပြင်ပကတိ အခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှုစစ်ဆေး လေ့လာသုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ပိုမိုပြည့်စုံကောင်းမွန်အောင် ဖန်တီး လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်မှ ကျခံသုံးစွဲရသည့်ငွေကြေးများ အလေ အလွင့်နည်းပါးပြီး အရည်အသွေး ပြည့်ဝသော လုပ်ငန်းများအဖြစ် ကျေးလက်နေပြည်သူများကို ပြည့်ပြည့်ဝဝ အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၈၁၅ ရွာ တွင် ကုန်ထုတ်လမ်းအမျိုးအစားအလိုက် လမ်းမိုင် ပေါင်း (၈၂၉/၀ ဒသမ ၇)မိုင်နှင့် ကုန်ထုတ်တံတား စင်းရေ စုစုပေါင်း ၁၂၀၀ ကို ကုန်ကျငွေကျပ် ၄၀၉၅၀ ဒသမ ၁၆၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် လူထုအခြေပြု စီမံကိန်းများဖြစ်သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်းများ ဖြင့် ကျေးရွာတွင်းလမ်း (၁၃၆၇၉/ ၄ ဒသမ ၄၅) မိုင်၊ တံတားစင်းရေ ၄၃၇၃ စင်း ဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ ကျေးလက်ကုန်ထုတ်လမ်းတံတားများ ဖောက်လုပ်ပေးခြင်းဖြင့် ကောက်ပဲသီးနှံ၊ ကုန်ပစ္စည်း များ သယ်ယူပို့ဆောင်ရာတွင် အချိန်ကုန်သက်သာ လွယ်ကူမြန်ဆန်စေပြီး စိုက်ပျိုးမွေးမြူရေး ဧကပေါင်း ၁၀ ဒသမ ၁၄ သိန်းကျော် အကျိုးပြုပေးနိုင်ခဲ့ပါ ကြောင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆိုလာစနစ်၊ အသေးစား ရေအားစနစ်၊ ဒီဇယ်အင်ဂျင် စနစ်၊ မဟာဓာတ်အားလိုင်း တိုးချဲ့သွယ်တန်းခြင်း စနစ်တို့ဖြင့် (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း ၁၈၄၆၄ ရွာတွင် အိမ်သုံးဆိုလာစနစ်ဖြင့် ၈၁၂၂၃၄ စုံ၊ အသေးစားဓာတ်အားစနစ်ဖြင့် လုပ်ငန်းပေါင်း ၃၇၃ ခု၊ မဟာဓာတ်အားလိုင်း တိုးချဲ့သွယ်တန်းပေးမှု အနေဖြင့် လုပ်ငန်းပေါင်း ၃၄၂၀ ဆောင်ရွက် ပေးခဲ့ပြီး ကျေးလက်နေပြည်သူ ၄ ဒသမ ၆၂ သန်း ခန့် အကျိုးခံစားခွင့် ရရှိခဲ့ပါကြောင်း၊ ကျေးလက် မီးလင်းရေးကဏ္ဍတွင် ပြည်သူ -ပုဂ္ဂလိက ပူးပေါင်း ပါဝင်ဆောင်ရွက်မှု တိုးမြင့်လာစေရေးအတွက် စီမံကိန်းအာမခံချက်ပေးနိုင်ရန် အသေးစားဓာတ်အား စနစ် စီမံကိန်းဧရိယာများသို့ မဟာဓာတ်အားလိုင်း ရောက်ရှိလာပါက ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အတွက် တိကျခိုင်မာသည့် မူဝါဒများ ချမှတ်ထားရှိရန် လိုအပ်ပါကြောင်း၊ အသေးစားဓာတ်အားစနစ် ဖွံ့ဖြိုးရေး ဆောင်ရွက်သူ Developer များအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကာလရှည်၊ ကာလလတ် ချေးငွေ အထောက်အပံ့များကို ဘဏ်လုပ်ငန်းကဏ္ဍမှ ရရှိရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူး များက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက် များကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်