ကော့သောင်းမြို့နယ်ထဲက ကျွန်းများစွာအနက် အလှပဆုံးဖြစ်တဲ့ ဆေးတံကျွန်း

 

ယဉ်လာဒ်

လှပတဲ့ကျွန်းစုတွေကို   ပိုင်ဆိုင်ထားတဲ့    တနင်္သာရီတိုင်းဒေသကြီးအတွင်းက ကျွန်းများစွာအနက် သဲအနူးညံ့ဆုံးနဲ့ အဖြူဆုံးကျွန်းတွေထဲမှာ   တစ်ခုပါဝင်တဲ့ ဆေးတံကျွန်းဆီကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတပတ်ရဲ့ ခရီးသွားလမ်းညွှန် အနေနဲ့ ဖော်ပြပေးချင်ပါတယ်။ 
ယခင်က    နေ့ချင်းပြန်လည်ပတ်ခွင့် သာ ခွင့်ပြုပေးထားတဲ့    ဆေးတံကျွန်းမှာ အခုဆိုရင် ညအိပ်အပန်းဖြေခွင့်ကိုလည်း ရရှိနေပြီဖြစ်ပါတယ်။
ကော့သောင်းမြို့ကနေ ၃၅ မိုင်ခန့် အကွာအဝေးမှာ တည်ရှိတဲ့  ဆေးတံကျွန်း (Saytan     Island)ရဲ့   ကမ်းခြေဟာ ရှည်လျားပြီး     သဲဖြူသန့်သန့်ရှိတဲ့ ကျွန်းတန်းရှည်ပုံစံမျိုး တည်ရှိပါတယ်။ ဧက ၄၀၀ ခန့်       အကျယ်အဝန်းရှိတဲ့ ဆေးတံကျွန်းပေါ်မှာ      Good Shan Brothers ကုမ္ပဏီက ဟိုတယ်စီမံကိန်းကို အကောင်အထည်ဖော်   ဆောင်ရွက်နေပါ တယ်။ 
တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုး         ဦးလွှမ်းမိုးက “အခုဆိုရင် ကျွန်းပေါ်မှာ ညအိပ်လို့ရပါပြီ။ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ဖို့   ကျွန်တော် တို့ ဘက်က       လိုင်စင်ခွင့်ပြုပေးလိုက် ပါပြီ”လို့ စာရေးသူကို ပြောပါတယ်။ 
လက်ရှိမှာ    ဆေးတံကျွန်းပေါ်မှာ   Good Shan Brothers  ကုမ္ပဏီက ဦးစီး ပြီး         ဟိုတယ်တည်ဆောက်ထားကာ လတ်တလောအနေနဲ့ အခန်းပေါင်း ၃၀ ကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။ 
ကော့သောင်းမြို့နယ်က  ကျွန်းတွေ ကို   လာရောက်လည်ပတ်တဲ့     ခရီးသွား ဧည့်သည်အများစုကတော့ ကယက်‌လှေ (Kayak)လှော်ခြင်းနဲ့ အပျော်တမ်းရေငုပ် ခြင်း(Snorkelling)ကို အဓိက ပြုလုပ် လေ့ရှိကြပါတယ်။       ဆေးတံကျွန်း တစ်ဝိုက်မှာတော့ Snorkeling    လုပ်ပြီး ကြည့်ရှုစရာ nemo ငါးမျိုး  အပါအဝင် ငါးမျိုးစုံမျိုးကွဲတွေ၊     ဂျယ်လီငါးတွေနဲ့ အပူပိုင်းသန္တာကျောက်တန်းနေ အခြား ရေနေသတ္တဝါမျိုးစုံကိုလည်း   များစွာ တွေ့မြင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 
ကော့သောင်းမြို့နယ်မှာရှိတဲ့   ကျွန်း ပေါင်း ၈၀၀ ခန့်အနက် အလှပဆုံးကျွန်း တွေလို့   တင်စားခံရတဲ့      115 ကျွန်း၊ ဟန်းနီးမွန်းကြီးကျွန်း၊    ငါးမန်းကျွန်း၊ Pulo Balu ကျွန်း၊    လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၊    တာရာကျွန်း၊ ကြက်မောက်ကျွန်း၊      ဆေးတံကျွန်း စတဲ့  ကျွန်းတွေဟာ    ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ           အဓိက   လာရောက်လည်ပတ်ကြတဲ့    ကျွန်းတွေ    ဖြစ်​ကြပါတယ်။ 
ကျွန်းခရီးစဉ်တွေကို      လာရောက် လည်ပတ်ကြတဲ့   ခရီးသွား ဧည့်သည် အများစုဟာ နေ့ချင်းပြန်ခရီးစဉ်အနေနဲ့  လည်ပတ်ကြလေ့          ရှိပါတယ်။ ဆေးတံကျွန်းဟာ လက်ရှိမှာ   ခရီးသွား ဧည့်သည်တွေ အများဆုံးသွားရောက်ကြ တဲ့         ကျွန်းတစ်ကျွန်းဖြစ်ကြောင်း ကော့သောင်းအခြေစိုက်ဖွင့်လှစ်ထားတဲ့ Coral Fish Travels & Tours မှ တာဝန်ရှိ  သူ တစ်ဦးက စာရေးသူကို ပြောပါတယ်။
ဆေးတံကျွန်းကနေတစ်ဆင့် နာမည် ကြီးတဲ့ အသည်းပုံကျွန်းနဲ့ ဇာဒက်အော် တို့ကိုလည်း       အချိန်တိုအတွင်း အလွယ်တကူ   သွားရောက်လည်ပတ် နိုင်ပါသေးတယ်။ ဒုတိယ ညွှန်ကြားရေးမှူး    ဦးလွှမ်းမိုးက “၂၀၁၅ မှာ   နေ့ချင်းပြန် ခရီးစဉ်တွေကို စတင်ခွင့်ပြုပေးတုန်း​က     ခရီးသွားဧည့်သည်တွေက      အသည်းပုံ ကျွန်းနဲ့   ဇာဒက်အော်ကို    အဓိက လည်ပတ်ကြပါတယ်။   နေ့လယ်စာကို  ဆေးတံကျွန်းမှာ   စားသောက်ပြီး     အနားယူကြပါတယ်။   နေ့ချင်းပြန် ခရီးစဉ်တွေ       စတင်ခဲ့ကတည်းက  ဆေးတံကျွန်းက    လူအသိအများဆုံး ကျွန်း   ဖြစ်ခဲ့တာပါ”လို့    စာရေးသူကို ပြောပြပါတယ်။ 
ဆေးတံကျွန်းကို     လာရောက် လည်ပတ်သူတွေအနေနဲ့ ကျွန်းပေါ်မှာ နေရာစုံလည်ပတ်၊ အနားယူနိုင်ပါတယ်။ ဆေးတံကျွန်း    တောင်ထိပ်ပေါ်ကနေ ကြည့်ရင်   ပင်လယ်ပြင်ရဲ့    သဘာဝ မြင်ကွင်းတွေနဲ့ ကျွန်းအုပ်စုတွေ     ဝန်းရံ ထားတာကို တွေ့မြင်ရပါတယ်။ ဒါ့ပြင် Jungle Trekking လုပ်ရင်း   သဘာဝ အလှတရားတွေကိုလည်း    ခံစားကြည့်ရှု နိုင်ပါတယ်။    ဆေးတံကျွန်းကမ်းခြေ ရေပြင်မှာ   Snorkeling   လုပ်နိုင်မယ်။ လှိုင်းလုံးတွေစီးပြီး ပင်လယ်ရေအောက် ရှုခင်းတွေကြည့်နိုင်မယ်။
ကမ်းခြေ    တစ်လျှောက်မှာလည်း လမ်းလျှောက်ရင်း လေ့ကျင့်ခန်းလုပ်နိုင် မယ်။ ဒါ့အပြင်   နယ်စပ်မြို့လေးဖြစ်တဲ့ ကော့သောင်းမြို့ကနေ   အိမ်နီးနားချင်း ဖြစ်တဲ့   ထိုင်းနိုင်ငံ  ရနောင်းမြို့ထဲက ခရီးသွားနေရာတွေကိုလည်း သွားရောက် လည်ပတ်ရင်း Shopping  ထွက်နိုင်ပါတယ်။
ပင်လယ်လေကို တဝကြီး   ရှူရှိုက် ခံစားရင်း   ပျော်ပျော်ပါးပါး    အပန်းဖြေ အနားယူနိုင်ဖို့ သဘာဝက ပေးထားတဲ့ လက်ဆောင်မွန်များစွာ        တည်ရှိတဲ့ တနင်္သာရီတိုင်းဒေသကြီးထဲက ကျွန်း များစွာအနက်    အလှပဆုံး    ကျွန်း တစ်ကျွန်းဖြစ်တဲ့    ဆေးတံကျွန်းဆီကို သွားရောက်         လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့    ခရီးသွားလမ်းညွှန်အဖြစ် ရေးသားဖော်ပြပေးလိုက်ပါတယ်။     ။