
ကော့သောင်း ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမိုထိရောက်မှုရှိစေရေးအတွက် မြို့ပေါ်ရှိ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာအချို့ကို ဇူလိုင် ၁၀ ရက်မှစ၍ ယာယီပိတ်ထားလိုက်ပြီဖြစ် ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရ သည်။
ယခုလပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့အများအပြားတွင် မြင့်တက်ဖြစ်ပွားလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့် ခရိုင်နှင့် မြို့နယ်အလိုက် သတိပြု ကြပ်မတ်ထိန်းချုပ်မှုများ ဆောင်ရွက်နေရ သည်။
ရောဂါကူးစက်မှု ဖြစ်စဉ်များတွင် လူသူ အသွား အလာ များပြားစုဝေးရာ နေရာအချို့မှ ကူးစက် ဖြစ်ပွားမှုများသည် အဆိုးရွားဆုံးအခြေအနေတွင်ရှိ သဖြင့် ကော့သောင်းမြို့၏ လူသူအဝင်အထွက် စည်ကားများပြားရာ၊ မြို့နေပြည်သူများ အနားယူ အပန်းဖြေ စုဝေးရာ နေရာများဖြစ်သည့် ဘုရင့်နောင် ရုပ်တု ကုန်းမြေနှင့် ဆိပ်ကမ်းသာပန်းခြံတို့ကို ရောဂါ ကူးစက်မှု ထိန်းချုပ်ရာတွင် ထိရောက်မှုရှိစေရေး အတွက် ယာယီပိတ်ထားလိုက်ခြင်းဖြစ်သည်။
မြို့အတွင်း လူသူစုဝေးရာနေရာဖြစ်သည့် ဈေး များကိုမူ ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲ များ ဖြစ်ပေါ်လာနိုင်သဖြင့် လက်ရှိအခြေအနေတွင် ပိတ်သိမ်းခြင်းမပြုသေးဘဲ ဈေးရောင်းသူ ဈေးဝယ်သူ များအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး စည်း ကမ်းချက်များအတိုင်း တိကျစွာလိုက်နာစေလျက် တာဝန်ရှိအဖွဲ့အစည်းများက အချိန်ပြည့် ကြပ်မတ် စောင့်ကြည့်ကာ ဆက်လက်ဖွင့်လှစ်ထားရှိသည်။
ထို့အပြင် မြို့နေပြည်သူများအနေဖြင့် မလိုအပ် ပါက အိမ်အပြင်မထွက်ကြရန်၊ လူသူစုဝေးရာ နေရာ များသို့ မသွားရောက်ကြရန်နှင့် မဖြစ်မနေ အပြင် ထွက်သွားလာရပါက ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာကြ ရန်လည်း တာဝန်ရှိအဖွဲ့အစည်းများက စဉ်ဆက် မပြတ် သတိပေးနှိုးဆော်၍ ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)