
နေပြည်တော် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင် များသည် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၂၁ မိုင် အကွာ၌ ကောင်းကောင်း အမည်ရှိ ကင်းမွန်မီးထွန်း လှေတစ်စင်းရေဝင် နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန် သွားရောက်ရှာဖွေရာ လှေကိုမတွေ့ရှိဘဲ အမှတ်အသားပြ ဘွိုင်ကိုသာ တွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်အား ဆက်လက်လိုက်လံရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေစဉ် လှေသား သုံးဦးကို ရှာဖွေတွေ့ရှိ ကယ်ဆယ်ခဲ့ပြီး အဆိုပါ လှေသားများ၏ ပြောကြားချက်အရ မီးထွန်းလှေတွင် လှေသား ရှစ်ဦးပါရှိကြောင်း သိရှိရ၍ ဆက်လက်လိုက်လံရှာဖွေရာ ၎င်းနေရာ အနီးတွင်ရှိသော ရတနာထွန်း-၁ အမည်ရှိ မီးထွန်းလှေမှ လှေသား လေးဦးအား ကယ်ဆယ်ထားသဖြင့် စုစုပေါင်းလှေသား ခုနစ်ဦးအား ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်