
ကော့သောင်း စက်တင်ဘာ ၂
ကော့သောင်းမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကွင်းဆက်ဖြတ်တောက်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးတွေ့ရှိမှု များပြားသည့် ရပ်ကွက်များအတွင်း ပိုးတွေ့သူနှင့် ဆက်စပ်သူများအား Antigen test kit ဖြင့် လှည့်လည် စစ်ဆေးခြင်းကို ကျန်းမာရေးဌာနက ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် အေးရိပ်ငြိမ် ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးပေးသည်။
အဓိကအားဖြင့် ရပ်ကွက်များထဲမှ ရောဂါ လက္ခဏာမပြဘဲ ကိုဗစ်-၁၉ ရောဂါပိုးရှိနေသူများကို ဖော်ထုတ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း၊ ရပ်ကွက်များအတွင်း ပိုးတွေ့သူများနှင့် ဆက်စပ်သူ များကို ကျန်းမာရေးဌာနက အခမဲ့ကွင်းဆင်း စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ ရောဂါပိုး တွေ့ရှိမှု များပြားသည့် ရပ်ကွက်နှင့်ကျေးရွာများအထိ မိုဘိုင်း အသွင်သဏ္ဌာန်ဖြင့် ကွင်းဆင်းလှည့်လည်၍ ရောဂါ ထိန်းချုပ်နိုင်သည့် အချိန်အတိုင်းအတာတစ်ခုအတွင်း လူဦးရေ ၃၀၀၀ ခန့်အား လိုက်လံစစ်ဆေးပေးရန် အစီအစဉ်ရှိကြောင်း၊ ရောဂါပိုးရှိသူကို စစ်ဆေးတွေ့ရှိ ပါက ပိုးတွေ့လူနာများထားရှိသည့် စင်တာသို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ထားရှိပြီး ဆေးကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြော သည်။
ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေး ဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတကျန်းမာရေး အဖွဲ့များဖြင့် လိုက်လံစစ်ဆေးခြင်းဖြစ်ပြီး ရောဂါပိုး တွေ့ရှိမှုများသည့် အေးရိပ်ငြိမ်ရပ်ကွက်အတွင်း လူ ၁၀ ဦးအား စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူတစ်ဦး ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ မြို့ပေါ်မှ အခြားရပ်ကွက်များနှင့် ကျေးရွာများအထိလည်း ကွင်းဆင်းစစ်ဆေး၍ ရောဂါပိုးရှိသူများကို ဖော်ထုတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)