
လင်းလက်ကြယ်
ကမ္ဘာပေါ်မှာ ရေပြီးရင် သောက်သုံးမှု အများဆုံးက ကော်ဖီဖြစ်ပါတယ်။ ကော်ဖီကို မနက်ပိုင်းသောက် တာက တစ်နေ့တာ စတင်မယ့် အားအင်တွေကို တိုးပွားစေတယ်လို့ ဆိုစမှတ်ရှိပြီး နေ့လယ်ပိုင်း သောက်တာက အစာခြေစနစ်ကို ကူညီပေးကာ အစာအဆိပ်တက် ငိုက်မျဉ်းတာကနေ ကာကွယ် ပေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး ညနေပိုင်း သောက်တာက လန်းဆန်းစေတယ်လို့ဆိုတာ ကြောင့် တချို့ ကော်ဖီကြိုက်နှစ်သက်သူတွေဟာ တစ်နေ့ကို သုံးကြိမ်လောက် သောက်သုံးကြလေ့ ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ကမ္ဘာ့ကော်ဖီတင်ပို့မှု
ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာပါဝင်
ဒါ့အပြင် ကမ္ဘာတစ်ဝန်းမှာ ကော်ဖီကို နေ့စဉ် သောက်သုံးတဲ့ ခွက်ရေပေါင်း ၂ ဒသမ ၂၅ ဘီလီယံ အထိရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါ တယ်။ ကမ္ဘာတစ်ဝန်းမှာ အဲဒီလို ကော်ဖီသောက်သုံး သူ အများအပြားရှိသလို ဘရာဇီး၊ ဗီယက်နမ်၊ အင်ဒို နီးရှား၊ ကိုလံဘီယာ စသဖြင့် ကော်ဖီတင်ပို့ရောင်းချ တဲ့ နိုင်ငံတွေလည်း အများအပြားရှိပါတယ်။ အဲဒီလို တင်ပို့ရောင်းချတဲ့ နိုင်ငံတွေအနက် အရှေ့အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီသီယိုပီးယားနိုင်ငံဟာ ကမ္ဘာ့ကော်ဖီတင်ပို့မှု ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ ပါဝင်ပါတယ်။
ဝင်ငွေ အမေရိကန်ဒေါ်လာ
၁ ဒသမ ၄၃ ဘီလီယံရှိ
ခရီးသွားလုပ်ငန်း၊ သဘာဝဓာတ်ငွေ့ရေနံ လုပ်ငန်း စတဲ့လုပ်ငန်းတွေကနေ နိုင်ငံရဲ့ ဂျီဒီပီကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးလျက် ရှိသလို ကော်ဖီလုပ်ငန်းကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ဂျီဒီပီကို တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့ ကူညီပေးလျက်ရှိပါတယ်။ ကော်ဖီတင်ပို့မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အီသီယိုပီးယားနိုင်ငံဟာ မကြာသေးမီက အဆုံးသတ်ခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ကော်ဖီ တင်ပို့မှုကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံရှိခဲ့တယ်လို့ အီသီယိုပီးယားအစိုးရက ပြောပါတယ်။
ကော်ဖီတန်ချိန် ၂၉၈၅၀၀ တင်ပို့
ဇူလိုင် ၇ ရက်မှာ အဆုံးသတ်ခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ ကော်ဖီတန်ချိန် ၂၉၈၅၀၀ တင်ပို့နိုင်ခဲ့တယ်လို့ အီသီယိုပီးယား ကော်ဖီနှင့်လက်ဖက်လုပ်ငန်း အာဏာပိုင်အဖွဲ့ (အီးစီတီအေ)က ပြောပါတယ်။ ဇွန်လတစ်လတည်း မှာပင် ကော်ဖီတန်ချိန် ၄၆၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁၈ သန်း ရရှိခဲ့တယ်လို့ အီးစီတီအေက ဆိုပါတယ်။
၂၀ ရာခိုင်နှုန်း မြင့်တက်လာ
အီသီယိုပီးယားနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ်မှာ ကော်ဖီတန်ချိန် ၂၄၀၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရရှိခဲ့ပါတယ်။ အီးစီတီအေက ထုတ်ပြန်တဲ့ အချက် အလက်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ တင်ပို့တဲ့ ကော်ဖီပမာဏဟာ ယခင်ဘဏ္ဍာနှစ်နဲ့နှိုင်းစာရင် ၂၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။
တစ်ရက်ကို ကော်ဖီသုံးကြိမ်ခန့် သောက်သုံး
အာရေဗီးကားကော်ဖီရဲ့ မူလအစလို့ သတ်မှတ် ခံထားရတဲ့ အီသီယိုပီးယားနိုင်ငံဟာ အာဖရိက ဒေသရဲ့ အများဆုံး ကုန်စည်ထုတ်လုပ်မှုနဲ့ တင်ပို့ ရောင်းချမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ကော်ဖီက အီသီယိုပီးယားနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေရရှိတဲ့ ထိပ်တန်းရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ အီသီယိုပီးယားမှာရှိတဲ့ ပျမ်းမျှလူတစ်ယောက်ဟာ တစ်ရက်ကို ကော်ဖီသုံးကြိမ်ခန့် သောက်သုံးကြ တယ်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ မူဘာရက် အာမက်က ပြောပါတယ်။
အထူးကော်ဖီစိုက်ပျိုးဒေသ များစွာရှိ
အီသီယိုပီးယားနိုင်ငံရဲ့ ကော်ဖီစိုက်ပျိုးတဲ့ ဒေသတွေမှာ အမျိုးအစားထောင်ချီရှိကြောင်းနဲ့ အမျိုးအစားတစ်ခုချင်းစီမှာ ထူးခြားတဲ့ အရည် အသွေးနဲ့ ကွဲပြားတဲ့အရသာတွေရှိတယ်လို့ ဆိုပါ တယ်။ အီသီယိုပီးယားနိုင်ငံမှာ ယာဂါချက်ဖီ၊ စီဒါမို၊ ဂူဂျီ၊ လင်မူ၊ နီခမ်းတီ၊ ဟာရာအပါအဝင် အထူး ကော်ဖီစိုက်ပျိုးဒေသ များစွာရှိပါတယ်။ အီသီ ယိုပီးယားနိုင်ငံဟာ အာဖရိကမှာ ကော်ဖီအများဆုံး စိုက်ပျိုးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရသာရှိတဲ့ အာရေဗီးကားကော်ဖီကို ကမ္ဘာသို့ တင်ပို့တဲ့ ပဉ္စမမြောက် အများဆုံးတင်ပို့တဲ့နိုင်ငံလည်း ဖြစ်ပါ တယ်။
ကော်ဖီကို မက်ထရစ်တန် ၂၀၀၀၀ အထိ တိုးမြှင့်တင်သွင်း
တရုတ်ဈေးကွက်က အီသီယိုပီးယားရဲ့ ကော်ဖီ အဓိကတင်ပို့တဲ့ ဈေးကွက်တွေအနက်တစ်ခုဖြစ်ပြီး မကြာသေးမီနှစ်တွေအတွင်း ရောင်းအား ၂၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသို့ နှစ်စဉ် ကော်ဖီ မက်ထရစ်တန် ၈၀၀၀ ကနေ ၁၀၀၀၀ အထိ တင်ပို့ခဲ့တယ်လို့ အီသီယိုပီးယား ကော်ဖီနဲ့လက်ဖက်လုပ်ငန်း အာဏာပိုင်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒီဘဲလာက ပြောပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တရုတ်နိုင်ငံက အီသီယိုပီးယားကော်ဖီကို မက်ထရစ်တန် ၂၀၀၀၀ အထိ တိုးမြှင့်တင်သွင်း လျက်ရှိပြီး ဒါဟာ အဋ္ဌမမြောက် အများဆုံးတင်သွင်းသူ ဖြစ်လာခဲ့ပါတယ်။
ကိုးကား - ဆင်ဟွာ