ကျောင်းသား ကျောင်းသူတွေ ကာကွယ်ဆေးထိုးဖို့အတွက် ကျောင်းသားတွေရဲ့ မိဘနဲ့ အုပ်ထိန်းသူတွေကလည်း ပူးပေါင်းပါဝင်ပေးဖို့ အရေးကြီးပါတယ်

နေပြည်တော် အောက်တိုဘာ ၁၃


အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် စပ်လျဉ်း၍ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး  ဦးမွန်ကျော်မြင့်က  “အခြေခံ ပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေမှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက်  ကျောင်းသား   ကျောင်းသူတွေ အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိပါတယ်။ အခုဆေးထိုးရတဲ့ ရည်ရွယ်ချက် ကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အခြေခံ ကျောင်းတွေကို ပိတ်ထားခဲ့ရတာ တစ်နှစ်ကျော် ရှိသွားပြီဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့  ကျောင်းတွေ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါကင်းစင်စွာနဲ့ ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့  ကာကွယ်ဆေး  ထိုးနှံပေးရခြင်း ဖြစ်ပါတယ်။     ကာကွယ်ဆေးထိုးနှံပေးရာမှာ ကျောင်းသားတွေရဲ့ မိဘအုပ်ထိန်းသူတွေ   သဘော တူညီချက်ရယူပြီး သဘောတူညီချက်ရတဲ့ ကျောင်းသား ကျောင်းသူတွေကို ဦးစားပေးထိုးနှံပေးနေတာဖြစ်ပါ တယ်။ မိဘ၊ အုပ်ထိန်းသူတွေရဲ့ သဘောတူညီချက် မရရင်တော့ ကာကွယ်ဆေးမထိုးပေးပါဘူး။ ကာကွယ် ဆေး မထိုးထားပေမယ့်လည်း ကျောင်းတက်ရောက် ခွင့်တော့ ပေးမှာဖြစ်ပါတယ်။ ဆေးထိုးနှံပေးနေတာ နှစ်ရက်ရှိပါပြီ။  ကျောင်းသားမိဘတွေကလည်း ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ဘာအခက်အခဲမှမရှိပါဘူး” ဟုပြောသည်။ 


     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ ၁၂ ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိ မြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရ သီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ အခြေခံ ပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၄၉၆ ကျောင်းတွင် ရှိသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦးအား   ကာကွယ်ဆေး   ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။


“နိုင်ငံတော်အစိုးရအနေနဲ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို   တစ်နိုင်ငံလုံး   အတိုင်းအတာနဲ့ ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်   သတ်မှတ် ထားတဲ့ရက်ထက်   စောနိုင်သမျှစောအောင်   စီစဉ် ဆောင်ရွက်နေပါတယ်။ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဆေးထိုး ပေးနေတဲ့အချိန်မှာ ကျောင်းသား ကျောင်းသူတွေ အားလုံး လာရောက်ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ ကျောင်းသား ကျောင်းသူတွေ ကာကွယ်ဆေးထိုးဖို့ အတွက် ကျောင်းသားတွေရဲ့ မိဘနဲ့ အုပ်ထိန်းသူတွေ ကလည်း ပူးပေါင်းပါဝင်ပေးဖို့ အရေးကြီးပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   ထိုးတဲ့အခါမှာ လည်း    ကိုဗစ်ကာကွယ်ရေးလမ်းညွှန်မှုများနဲ့ ကိုက်ညီမှုရှိအောင်         မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနနဲ့    NGO အဖွဲ့အစည်းတွေနဲ့    ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။  ကျောင်းသားတွေ အပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ဆရာ ဆရာမတွေနဲ့ သူတို့ရဲ့ မှီခို မိသားစုဝင်တွေကိုလည်း ထိုးနှံပေးသွားဖို့ စီစဉ်ထား ပါတယ်”ဟု ဦးမွန်ကျော်မြင့်က   ဆက်လက်ပြော ကြားသည်။


နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ် များအလိုက်  ဆေးထိုးနှံရန်  သတ်မှတ်ထားသည့် စုရပ်နေရာများ၌     အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဦးရေစာရင်းအတိုင်း ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ   ကာကွယ်ဆေးထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ ၌လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား ကျောင်းသူ များအား  ကိုယ်အပူချိန်   တိုင်းတာပေးခြင်းတို့ကို တာဝန်ကျကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ က ဆောင်ရွက်ပေးကြပြီး ပညာပေးဗီနိုင်းဆိုင်းဘုတ် များကိုလည်း ကျောင်းတွင်း၊ ကျောင်းပြင် ချိတ်ဆွဲ ထားရှိကာ အသိပညာပေးမှုများ ဆောင်ရွက်ထား သည်ကို တွေ့ရသည်။ 


     ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူများကိုလည်း နောက်ဆက်တွဲလက္ခဏာ များ  ဖြစ်ပေါ်မှု ရှိ၊ မရှိ  သီးသန့်အခန်းများတွင် နာရီဝက်စောင့်ကြည့်ပြီး     ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် ဆောင်ရွက်ထားသည်ကိုလည်း တွေ့ရသည်။ 


    ထို့ပြင် ဆေးထိုးနှံမည့် ကျောင်းသား ကျောင်းသူ များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင် စေရန် ကျောင်းကားများ စီစဉ်ပေးထားပြီး ဆေးထိုး စုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက်ပေးသည်ကို တွေ့ရှိရသည်။

 

သတင်း - ဟန်မင်း၊ ဓာတ်ပုံ - ကိုကိုအေး