စမတ်ဖုန်းများကို အရွယ်သုံးပါး သုံးစွဲကြခြင်းက မျက်မှောက် ခေတ်၏ ခေတ်ပြိုင်လူနေမှုဘဝပုံစံ အတော်များများကို ပြောင်းလဲ သွားစေသည်။ သွားလေရာကို ယူဆောင်သွားနိုင်ကြသည့် စမတ် ဖုန်းများကို အသုံးပြုကာ လူမှုကွန်ရက်များတွင် အချိန်များစွာ ကုန်ဆုံးနေကြခြင်းကြောင့် ရုပ်ရှင်ရုံများကို ကျောခိုင်းလာကြ သလို ရုပ်မြင်သံကြားကြည့်ရှုချိန်များလည်း များစွာ လျော့ကျ သွားကြသည်။ သုတရသစာအုပ်များ ဖတ်ရန်လည်း အချိန်ရော ငွေပါမပေးလိုတော့။ ကျောင်းနေအရွယ်ကျောင်းသားများ စမတ် ဖုန်းနှင့် အခြားဒစ်ဂျစ်တယ်အီလက်ထရွန်နစ်ပစ္စည်းများကို အလွန်အကျွံသုံးစွဲလာကြသည့်အခါ ပညာသင်ယူမှုအပေါ် ထိခိုက်လာစေသည်သာမက အခြားဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခြင်းကြောင့် ယင်းအပြုအမူများကို အိမ်တွင်ရော ကျောင်းတွင်ပါ ကွပ်ကဲထိန်းချုပ်ရန်လိုအပ်လာသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်အောက်ကလေးများ စမတ်ဖုန်းအသုံးပြုချိန် ကို တစ်နေ့လျှင် အများဆုံး နှစ်နာရီသာ ကန့်သတ်ထားပြီး ည ၁၀ နာရီမှ နံနက် ၆ နာရီအတွင်း အင်တာနက်အသုံးမပြုနိုင်ရန် ပိတ်ပင်သွားရန် တရုတ်အာဏာပိုင်များက ယမန်နှစ်ကပင် ကြိုးပမ်းခဲ့သည်။ ယင်းသို့ဆောင်ရွက်ခြင်းမှာလည်း တရုတ် လူငယ်များတွင် မျက်စိအဝေးမှုန်ခြင်းနှင့် အင်တာနက်စွဲလမ်း ခြင်းတို့အပေါ် စိုးရိမ်မှုများကြောင့်ဖြစ်ကြောင်း သတင်းများက ဆိုသည်။ ပြီးခဲ့သည့်ရက်အတွင်းက ထိုင်းနိုင်ငံတွင် ကျောင်းသား များ ကျောင်းသို့ စမတ်ဖုန်းများနှင့် တက်ဘလက်များ ယူဆောင် လာကာ အသုံးပြုမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ ယင်းကိရိယာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် ကျောင်း သားများ၏ အာရုံစူးစိုက်မှုနှင့် ဉာဏ်ရည်နိမ့်ကျမှုကို ဖြစ်ပေါ် စေပြီး ကျောင်းသားများ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်စေသည် ဟု ထိုင်းပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သတင်း တစ်ပုဒ်တွင် တွေ့ရသည်။
အနောက်နိုင်ငံများတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့် ကပင် ကလေးသူငယ်များ စမတ်ဖုန်းသုံးစွဲမှုအပေါ် ထိန်းချုပ်မှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ၂၀၁၈ ခုနှစ် ကတည်းကပင် အသက် ၁၅ နှစ်နှင့်အောက် ကျောင်းသားများ ကျောင်းသို့ စမတ်ဖုန်း၊ တက်ဘလက် စသည်တို့ ယူဆောင်လာ ခြင်းကို ဥပဒေဖြင့် တားမြစ်ခဲ့သည်။ အမေရိကန်နိုင်ငံရှိ စာသင် ကျောင်းများတွင်လည်း ဖုန်းအသုံးပြုခွင့်ကို ပိတ်ပင်ရန်၊ ကန့်သတ်ရန် စည်းကမ်းများ ထုတ်ပြန်ခဲ့ကြသည်။ ကလေးများ နှင့် ကျောင်းသူ၊ ကျောင်းသားများ စမတ်ဖုန်း၊ တက်ဘလက် နှင့် အခြားဒစ်ဂျစ်တယ်အီလက်ထရွန်နစ်ကိရိယာများ သုံးစွဲမှု အပေါ် ပိတ်ပင်ထိန်းချုပ်မှုများကို ကမ္ဘာ့နိုင်ငံအများအပြားတို့၌ ပြုလုပ်လာကြခြင်းမှာ ၎င်းနည်းပညာပစ္စည်းများ၏ စွဲလမ်း စေတတ်မှုနှင့် ဆိုးကျိုးဖြစ်ပေါ်စေတတ်မှုတို့ကြောင့်ပင် ဖြစ်သည်။ အတွေ့အကြုံနှင့် အသိဉာဏ်တို့ ရင့်ကျက်မှုမရှိသေးသည့် ကျောင်းသူ ကျောင်းသား အရွယ်များအတွက် ဆိုရှယ်မီဒီယာ များပေါ်မှ အန္တရာယ်များကို ရှောင်တိမ်းတတ်ရန်မှာ အသိပညာ ပေး သင်ကြားမှုများစွာလိုသည်။ မသမာသူများက ဆိုရှယ်မီဒီယာ မှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိင်အမြတ် ထုတ်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် ဥပဒေ၊ လူမှုစည်းကမ်း၊ ယဉ်ကျေးမှုတို့နှင့် မကိုက်ညီ သော ကျောင်းသူ ကျောင်းသား လူငယ်များအတွက် တစ်နည်း နည်းဖြင့် အန္တရာယ်ရှိစေသော နည်းပေးလမ်းပြများ စသည်တို့ မှလည်း ကာကွယ်ရန်လိုအပ်သည်။
စာသင်ကြားကြရမည့် ကျောင်းသူ ကျောင်းသား လူငယ်များ စမတ်ဖုန်းများ သုံးစွဲခွင့်ပြုမှုကန့်သတ်ခြင်းကို မိမိတို့၏ အိမ်နီး ချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ဆောင်ရွက် နေကြခြင်းမှာ ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းတို့ကို ထိခိုက် မှုများ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့်ဖြစ်သည်။ စင်စစ် စမတ်ဖုန်း နှင့် အင်တာနက်လူမှုကွန်ရက်တို့မှာ အသုံးပြုတတ်လျှင် အကျိုး ကြီးမားသကဲ့သို့ မသုံးတတ်လျှင်၊ အလွဲသုံးလျှင်လည်း အန္တရာယ် ကြီးသည်။ ကျောင်းသူ ကျောင်းသားကလေးငယ်များ အင်တာ နက်လူမှုကွန်ရက်များ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ မိဘများနှင့် ဆရာ ဆရာမများက ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးမှု၊ ထိန်းကျောင်းကွပ်ကဲမှုများပြုကာ လမ်းမှန်သို့ တည့်မတ်ပေးကြ ရပါမည့်အကြောင်း။ ။