ကောင်းခြင်းစုံလင် အောင်ရိပ်ဆင်

 

    ရတုစိန်ရောင် ၊ ဂုဏ်တန်ဆောင်လျှင်
    တဘောင်အတိတ် ၊ ဆောင်နိမိတ်နှင့်
    အောင်ဟိတ်ဆင်လျက် ၊ ထက်ဘဝဂ်ထိ
    ပြက်ပြက်ပြိုးပြိုး ၊ ထိန်လျှံဖြိုးပြီ
    မျိုးမြန်မာတို့  ကောင်းရန်ကို...။
    အတီအတေ ၊ ရှေးပဝေထိ
    ရှည်လျားဖြန့်ကြက်၊ တွေးနယ်ဆက်မူ
    မပျက်ချစ်ခြင်း ၊ နောင်ညီရင်းသို့
    အခင်းကြီးငယ် ၊ ရှိခါဝယ်လည်း
    သွေဖည်မစောင်း ၊ ညီလှကြောင်းမို့
    သောင်းတပ်ရန်မျိုး ၊  မာန်စွယ်ကျိုးအောင်
    ရိုက်ချိုးနိုင်စွမ်း ၊ အံ့မခန်းပြီ
    မှတ်တမ်းမော်ကွန်း ခံ့တယ်ကို...။
    ယူနီယံဂျက် ၊ အမျိုးဖျက်တို့
    အိမ်ကြက်ချင်းလျှင်၊ ရန်သူထင်အောင်
    စိတ်စဉ်သေးနုတ် ၊ အိုးမည်းသုတ်လျက်
    ဇာတ်ရှုပ်ဖန်ရင်း သွေးခွဲခြင်းကို
    ထင်းထင်းကြုံရ ၊ မြင်ပါရမို့
    နိုးကြွသတိ ၊ ပင်လုံသိသည်
    ပီတိရွှန်းစို လွှမ်းတယ်ကို...။
    ထူးခြားလှစွာ ၊ ယနေ့ခါဝယ်
    မြန်မာဟူငြား ၊ နောင်ညီများတို့
    တစ်သားတည်းတည်...
    တညီတည်းလှမ်း...
    တစ်လမ်းတည်းပေါ်...
    မြော်မြင်ဆင့်တွေး ၊ “ငြိမ်းချမ်းရေး”ကို
    ပိုက်ထွေးပိုင်စွာ ၊ တည်ဆောက်ပါမှ
    ပြည်ရွာမြင့်ကြောင်း၊တိုးတက်ကြောင်းကို
    ထပ်လောင်းတွေးချိန် တန်ပြီကို...။
     နေခြည်ဖွင့်လှစ် ၊ အရုဏ်သစ်ဖြင့်
    ထုဆစ်စိန်ရောင် ၊ ဂုဏ်တန်ဆောင်ကား
    ထွန်းပြောင်တင့်လျှမ်း ၊ အံ့ဘနန်းတည့်
    ခမ်းနားထင်စွာ၊ မင်္ဂလာတို့
    ယှဉ်လာသွန်းလောင်း ၊ ခဝပ်ညောင်းလျက်
    ကောင်းခြင်းစုံလင်၊ အောင်ရိပ်ဆင်လျက်
    သဘင်ဝှဲချီး ကျင်းတယ်ကို.....။
    လင်္ကာဖွဲ့ရေး ဦးညွှတ်ကြို....။     ။

မောင်စိမ်းနောင်(လယ်ဝေး)