
တွေ့ဆုံမေးမြန်း - သိမ့်သိမ့်မျိုး၊ ဇော်ဝင်းအောင်
လူရည်ချွန်စီမံကိန်းကို ပညာရေးဝန်ကြီးဌာနက ၁၉၆၄ ခုနှစ်မှစတင်၍ သတ္တမတန်းမှ ဒသမတန်းအထိ ရွေးချယ်ခဲ့သည်။ ယခုနှစ် စနစ်သစ် ပညာရေးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ Grade- 9 မှ Grade-12 အထိ ပြန်လည်ရွေးချယ်ခဲ့ရာ ပညာရေးထူးချွန်မှုသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး နိုင်ငံတော်ကို ဦးဆောင်သည့် ခေါင်းဆောင် ကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင် မွေးထုတ်ပေးလျက်ရှိပါသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရမည်သင်းမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း Grade-10 မှ နှစ်ထပ်ကွမ်း လူရည်ချွန် မဖြိုးဖြိုးသွယ်နှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (မြို့မ) Grade-10 မှ လူရည်ချွန် မောင်ကျော်ဇင်သိုက်ထွန်းတို့အား တွေ့ဆုံမေးမြန်းထားပါသည်-
မေး ။ နှစ်ထပ်ကွမ်းလူရည်ချွန် ရွေးချယ်ခံရသူအနေနဲ့ မဖြိုးဖြိုးသွယ်ရဲ့ ရင်တွင်းခံစားချက်ကို ပြောပြပေးပါဦး။
မဖြိုးဖြိုးသွယ် ။ အတိုင်းမသိပျော်ရွှင်မိပါတယ်။ သမီးတို့ လူရည်ချွန် ဖြေဆိုထားပြီး သတင်းစာမှာ ကြေညာ ခံရတယ်လို့သိရတဲ့နေ့ကဆို အလွန်ပျော်ရွှင်မိပြီး အိပ်လို့တောင် မပျော်တဲ့အထိ ပီတိဖြစ်ရပါတယ်။
မေး ။ လူရည်ချွန် မောင်ကျော်ဇင်သိုက်ထွန်းအနေနဲ့လည်းရင်တွင်းစကားလေး ပြောပြပေးပါဦး။
မောင်ကျော်ဇင်သိုက်ထွန်း။ ကျွန်တော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကတည်းက လူရည်ချွန်ရဖို့ ကြိုးစားခဲ့ပေမယ့် မြို့နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာတော့ ရမည်းသင်းခရိုင်အဆင့် Grade-10 အနေနဲ့ အခုလို လူရည်ချွန်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် လူရည်ချွန်အဖြစ် ရွေးချယ်ခံရတဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။
မေး ။ မဖြိုးဖြိုးသွယ်အနေနဲ့ နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ဖို့ ဘယ်လို တွေ ကြိုးစားခဲ့ရသလဲဆိုတာကို ပြောပြပေးပါဦး။
မဖြိုးဖြိုးသွယ် ။ လူရည်ချွန်ဖြစ်ဖို့အတွက် ကျောင်းစာအပြင် ဗဟုသုတရရှိတဲ့ စာအုပ်စာပေတွေကို လေ့လာ မှတ်သားရပါတယ်။ ဒါ့အပြင် လူရည်ချွန်ဖြစ်ဖို့ အားကစားနဲ့ စာပေ ဘက်စုံထူးချွန်မှသာဖြစ်တဲ့အတွက် အားကစားကိုလည်း နေ့စဉ်ပုံမှန် လေ့ကျင့်ရပါတယ်။ လူရည်ချွန်ဖြစ်ဖို့ အမြဲလေ့ကျင့်နေရသလို အခြား ပြိုင်ပွဲတွေနဲ့ လုံးဝမတူပါဘူး။ ခက်ခဲပါတယ်။ ဒါ့အပြင် မိဘ၊ ဆရာ/ဆရာမတွေရဲ့သွန်သင်ဆုံးမမှုနဲ့ ကြိုးစားရသလို အဓိကတော့ အင်္ဂလိပ် စာကို နေ့စဉ်လေ့လာရပါတယ်။ လူရည်ချွန်ပြိုင်ဘက်တွေလည်း ရှိတာမို့ ကောင်းသောယှဉ်ပြိုင်ခြင်းနဲ့ ယှဉ်ပြိုင်ပြီး ဘက်စုံထူးချွန် အောင် ကြိုးစားခဲ့လို့ အခုလို လူရည်ချွန် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။
မေး ။ မောင်ကျော်ဇင်သိုက်ထွန်းအနေနဲ့ လူရည်ချွန်အတွက် ပြင်ဆင်ခဲ့ရတာလေးကို နောင်မျိုးဆက်သစ် ညီငယ်၊ ညီမငယ်များ သိရအောင်ပြောပြပေးပါဦး။
မောင်ကျော်ဇင်သိုက်ထွန်း။ ကျွန်တော်က Grade-9 တုန်းက လူရည်ချွန် မရခဲ့ပါဘူး။ ဒါ့ကြောင့် အခု Grade-10 မှာ လူရည်ချွန်ရအောင် နေ့စဉ်ကြိုးစားခဲ့ပါတယ်။ ကျောင်းစာအပြင် ဗဟုသုတရရှိဖို့ စာအုပ်စာစောင်တွေကို ဒီပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်မှာ အမြဲမပြတ် လာရောက်လေ့လာဖတ်ရှုခဲ့ပါတယ်။ ဒါ့အပြင် မိဘ၊ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှုကို လိုက်နာခဲ့ပါတယ်။ အားကစားကို နီးကပ်မှ ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ယူမယ်ဆိုရင် အခက်အခဲများစွာ ရှိတတ်ပါတယ်။ ဒါ့ကြောင့် အားကစားနှင့် ကာယပညာဦးစီးဌာနရဲ့ ကြီးကြပ်သွန်သင်ပေးမှုနဲ့ ကျောင်းဖွင့်စကတည်းက ပုံမှန်လေ့ကျင့် သင်ယူခဲ့ရပါတယ်။
မေး ။ ထူးချွန်ထက်မြက်တဲ့သူဖြစ်ဖို့ မိဘဆရာတွေရဲ့သွန်သင်ဆုံးမ မှု ခံယူခဲ့တာနဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။
မဖြိုးဖြိုးသွယ် ။ ကံ ၊ ဉာဏ် ၊ ဝီရိယဆိုပြီး သုံးခုရှိရာမှာ ဉာဏ်နဲ့ ဝီရိယနှစ်ခုတည်း ကောင်းလို့မရပါဘူး။ ကံလည်း လိုပါတယ်။ ဒါကြောင့် မိဘဆရာတွေရဲ့ သွန်သင်ဆုံးမမှုခံယူရသလို ဘုရား၊ တရား၊ သံဃာကိုလည်း မေ့ထားလို့မရပါဘူး။ စာတွေ လက်တွေ့ကောင်းစွာဖြေနိုင်ဖို့ဆိုရင် ကံကောင်းဖို့လည်း လိုပါတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘုရား၊ တရား၊ သံဃာကိုလည်း မမေ့လျော့ဖို့ ပြောကြားလိုပါတယ်။
မောင်ကျော်ဇင်သိုက်ထွန်း။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဖြစ်တာမို့ ဘုရား၊ တရား၊ သံဃာကို မမေ့လျော့ သင့်ပါဘူး။ ဗုဒ္ဓနဲ့ ပတ်သက်တဲ့စာပေတွေ လူရည်ချွန်စာမေးပွဲမှာ လည်း ဖြေဆိုရပါတယ်။
မေး ။ ကိုယ်ကာယကြံ့ခိုင်မှုအတွက် ဘယ်လိုလေ့ကျင့်ခဲ့ရသလဲ ဆိုတာကိုလည်း မျိုးဆက်သစ် ညီငယ်၊ ညီမငယ်တွေ သိအောင် ရှင်းပြပေးပါဦး။
မဖြိုးဖြိုးသွယ် ။ ကိုယ်ကာယကြံ့ခိုင်ရေးမှာ လေ့ကျင့်ခန်း ငါးမျိုး ရှိပါတယ်။ (၁) အိပ်ထမတင်၊ (၂) မီတာ ၁၀၀ ၊ (၃) မီတာ ၄၀၀ ၊ (၄) အလျားခုန်နဲ့ (၅) ဒိုက်ထိုးတို့ ဖြစ်ပါတယ်။ အဲဒါတွေအတွက် ပထမဦးဆုံးနှစ်စကတည်းက ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဂရုစိုက်ရပါတယ်။ ကျန်းမာမှ ဒီလေ့ကျင့်ခန်းမှန်မှန် လုပ်နိုင်ပါမယ်။ လူရည်ချွန်ဖြစ်ဖို့မှာ အားကစားကလည်း အရေးကြီး ပါတယ်။ တချို့က စာကိုသာကြိုးစားပြီး အားကစားမှာ လိုအပ်ချက် ရှိကြလို့ လူရည်ချွန်နဲ့ လွဲသွားကြပါတယ်။
မောင်ကျော်ဇင်သိုက်ထွန်း။ ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ကျောင်းသား လူငယ်များအနေနဲ့ အားကစားနည်းအလိုက် စနစ်တကျရှိစေဖို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှာရှိတဲ့ နည်းစနစ်မှန်ကန်အောင် သင်ယူလေ့ကျင့်ဖို့ လိုပါတယ်။ ကျွန်တော် ဆိုရင် နေ့စဉ် အားကစားကို ပုံမှန်လေ့ကျင့်သလို ကျောင်းပိတ်ရက်တွေ အတွင်း အားကစားနည်းတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရ ပါတယ်။ အားကစားပြုလုပ်ခြင်းကြောင့် စိတ်ရွှင်လန်းပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ စာတွေကိုလေ့လာဖတ်မှတ်နိုင်ခဲ့ရပါတယ်။
မေး။ နောက်ဆုံးမေးခွန်းအနေနဲ့ မျိုးဆက်သစ်လူရည်ချွန်တွေ အတွက် အကြံပြုစကားလေး ပြောကြားပေးပါဦး။
မဖြိုးဖြိုးသွယ်။ မျိုးဆက်သစ် မောင်လေး၊ ညီမလေးတွေကို သမီးလိုပဲ လူရည်ချွန် နှစ်ထပ်ကွမ်းမှ ထပ်ကွမ်း လူရည်ချွန်တွေဖြစ်စေချင်ပါတယ်။ ပြီးတော့ နှစ်စကတည်းက ကျောင်းစာတွေကို မှန်မှန်သင်ယူသလို ပြင်ပဗဟုသုတရရှိစေဖို့ စာပေတွေကို အမြဲလေ့လာနေရပါမယ်။ ဘာကြောင့်လဲဆိုရင် သမီး တို့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လစဉ် စာစီ စာကုံးပြိုင်ပွဲ၊ ကဗျာရေးနည်းပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ အစ ရှိတဲ့ပြိုင်ပွဲတွေကို အမြဲဝင်ရောက် ယှဉ်ပြိုင်ရင်းနဲ့ စာအုပ်စာပေတွေကို ဖတ်ရှုခဲ့ရတာမို့ အသိပညာတွေ ရရှိခဲ့ပါတယ်။ သမီးအနေနဲ့ ကျောင်း သင်ခန်းစာအပြင် ဗဟုသုတရရှိဖို့ ဒီစာကြည့်တိုက်က အကျိုးရှိတဲ့ စာပေတွေကိုဖတ်ရလို့ အထောက်အကူတွေ အများကြီးရခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူတွေကို ကျောင်းစာအပြင်ဗဟုသုတ ရရှိစေမယ့်စာပေတွေ လေ့လာကြဖို့နဲ့ ကျန်းမာကြံ့ခိုင်ဖို့ အားကစား ကိုလည်း မှန်မှန်လုပ်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
မောင်ကျော်ဇင်သိုက်ထွန်း။ ကျွန်တော့်အနေနဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က Grade-9 မှာ မြို့နယ်အဆင့်အထိ လူရည်ချွန်ရွေးချယ်ခံရပြီး ခရိုင် အဆင့်မှာတော့ အားကစားမှာ လိုအပ်ချက်တွေရှိတာကြောင့် အရွေးချယ်မခံရခဲ့ပါဘူး။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-10 မှာ ဘက်စုံ မျှတအောင် ကြိုးစား ပြင်ဆင်ခဲ့လို့ လူရည်ချွန်ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကြောင့် မျိုးဆက် သစ်တွေအနေနဲ့ ကျောင်းစာတစ်ခုတည်း ထူးချွန်လို့ လူရည်ချွန် မဖြစ်ဘူး။ ဘက်စုံထူးချွန်ဖို့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနဲ့ ဘောဂ ဆိုတဲ့ ဗလငါးတန်ပြည့်စုံဖို့ အရေးကြီးကြောင်း ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။
ယခုကဲ့သို့ လူရည်ချွန်များ၊ ထပ်ဆင့်လူရည်ချွန်များ ဖြစ်လာရန် အတွက် ကြိုးစားအားထုတ်မှုများကို မျိုးဆက်သစ်များ နမှုနာရယူနိုင် စေရန်နှင့် အတုယူနိုင်စေရန်အတွက် မေးမြန်းရေးသားတင်ပြလိုက် ရပါသည်။