ကောလာဟလအန္တရာယ် တားဆီးကာကွယ်

Type

 

ခင်သန်းမြင့်
 

“တီတီရေ၊ ပုဂ္ဂလိကဘဏ်မှာထည့်ထားတဲ့ သမီးတို့ ပိုက်ဆံလေးတွေ  အစိုးရဘဏ်ကို  ပြောင်းထည့်ဖို့ လိုမလားမသိဘူး”
နိုင်ငံတော်က        ယခုထုတ်ဝေလိုက်သည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူကိစ္စနှင့် ပတ်သက်ပြီး အခြေအမြစ်မရှိ ထွက်ပေါ်လာသည့် ကောလာဟလ သတင်းအချို့ကြောင့် တူမလေးက စိုးရိမ်ကြောင့်ကြ စိတ်ဖြင့်  ကျွန်မကိုဖုန်းဆက်၍   ဆွေးနွေးတိုင်ပင် လာသည်။
လူမှုကွန်ရက်စာမျက်နှာကြည့်ရင်း   အချိန်ကုန်နေသူများဖြစ်
သူတို့က  သတင်းစာလည်းမဖတ်၊ မြန်မာ့ရုပ်မြင် သံကြားသတင်းလည်းမကြည့်၊   တစ်နေ့တစ်နေ့ ဖုန်းနှင့်မျက်နှာမခွာတမ်း လူမှုကွန်ရက်စာမျက်နှာ သက်သက်သာကြည့်ရင်း   အချိန်ကုန်နေသူများ ဖြစ်သည်။
“ဟဲ့၊ မနေ့တစ်နေ့ကလေးတင် သက်ဆိုင်ရာက သတင်းစာရှင်းလင်းပွဲတွေ၊    အင်တာဗျူးတွေ၊ သတင်းထုတ်ပြန်ချက်တွေ  ဆက်တိုက်ထုတ်ပြန် ပေးနေတယ်လေ။ ကျပ်နှစ်သောင်းတန် အသစ်က အထိမ်းအမှတ်အနေနဲ့ အကန့်အသတ်နဲ့ ထုတ်ဝေ တာဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှုမရှိနိုင်ဘူး၊ မဖြစ်နိုင်ဘူး။ နောက်ပြီး လက်ရှိ တရားဝင် အသုံးပြု နေတဲ့   ငွေကြေးတွေကိုလည်း   ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ     တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှ သတ်မှတ်မှာမဟုတ်ဘူး။ အာမခံချက် ပေးပါတယ်ဆိုပြီး ပြောနေတယ်လေ”
“သိပါဘူး၊  သမီးတို့က  ဟိုလူပြော၊  ဒီလူပြော၊ ဟိုရေး၊ ဒီရေးတွေဖတ်ပြီး လန့်လာလို့ ရှိစုမဲ့စုပိုက်ဆံ လေးတွေကို   ပုဂ္ဂလိကဘဏ်ကနေ  အစိုးရဘဏ် ပြောင်းထည့်ထားမလားလို့ပါ”
“ဒါဆိုလည်း ဇူလိုင် ၂၅၊ ၂၆ ရက်ထုတ် အစိုးရ သတင်းစာတွေသာ    ရှာဖတ်ကြည့်ပြီး   စဉ်းစား ဆုံးဖြတ်ပေတော့။   ညည်းကို  တစ်ဆက်တည်း ပြောရဦးမယ်၊    ဆန်တွေ   ဆီတွေလည်းမလိုဘဲ ဝယ်စုမနေနဲ့ဦး။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက်   အရန် ဆန်ထဲက ကနဦး အိတ်ငါးသောင်းကို ဈေးကွက်ထဲ အမြန်ဆုံး ထည့်သွင်းရောင်းချသွားမယ်၊ လိုအပ်ရင် ထပ်မံတိုးမြှင့်ရောင်းချသွားမယ်။ သတင်းမှားတွေ၊ ကောလာဟလတွေကြောင့်          စားသုံးသူတွေ စိုးရိမ်တကြီးနဲ့    ဆန်တွေဝယ်ယူစုဆောင်းခြင်း၊ စိုးရိမ်ပူပန်ခြင်းမဖြစ်ဖို့၊  လိုအပ်မှသာ  ဝယ်ယူဖို့ ပြီးခဲ့တဲ့ ဇူလိုင်  ၂၈   ရက်က  သတင်းထုတ်ပြန် ကြေညာထားတယ်နော်။”
ဈေးနှုန်းတက်ရိပ်ပြဖို့ ကြံစည်လုပ်ဆောင်
ကောလာဟလ၊    မြန်မာပြည်တွင်   ထူးခြား ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာလျှင် မသမာသူများ၊ ဝိသမလောဘသားများသည်   ကောလာဟလကို အသုံးပြု၍ အိမ်ခြံမြေဈေးကွက်၊ ကားဈေးကွက်၊ ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်မှအစ ကုန်ဈေးနှုန်း အထိ လှုပ်လှုပ်နှင့် တက်ရိပ်ပြဖို့ ကြံစည်လုပ်ဆောင် လေ့ရှိသည်မှာ ခေတ်အဆက်ဆက် ထူးဆန်းသည့် ကိစ္စတစ်ခုတော့ မဟုတ်ပါချေ။
သို့သော် ယုံတတ်သူများကလည်း ယုံလေ့ရှိကြ သည်။ အထူးသဖြင့် အကြားအမြင် ဗဟုသုတနှင့် ဆင်ခြင်တုံတရားနည်းပါးသူများ၊ ရိုးသားသူများက ပို၍အယုံလွယ်ကြသည်။ ကောလာဟလတစ်မျိုးစီ တွင် သူ့ပရိသတ်နှင့်သူ ရှိစမြဲပင်။ ကုန်သည်ပွဲစားများ ကြားတွင်လည်းကောင်း၊ ကျောင်းသားလူငယ်များကြားတွင်လည်းကောင်း၊   စာပေ၊   ရုပ်ရှင်၊  ဂီတ စသည့်အနုပညာရှင်များကြားတွင်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ၊   ဝန်ထမ်းလောကစသည်ဖြင့် နယ်ပယ်အလိုက်  သူ့ပရိသတ်နှင့်သူ  ရှိကြသည်။ စိတ်ဝင်စားမှု မြင့်မားသည်နှင့်အမျှ ကောလာဟလ သည် ပိုမိုပျံ့နှံ့လေ့ရှိသည်။
ကောလာဟလ သုံးမျိုးသုံးစားရှိ
ကောလာဟလ   သတင်းအမျိုးအစားများကို ယေဘုယျလေ့လာကြည့်လျှင် ကြောက်ရွံ့စိုးရိမ်မှုမှ ပေါ်ပေါက်လာသော  ကောလာဟလ၊  အာဃာတ အမုန်းတရားမှ ပေါ်ပေါက်လာသော ကောလာဟလ နှင့် မျှော်လင့်တမ်းတခြင်းမှ ပေါ်ပေါက်လာသော ကောလာဟလဟူ၍       သုံးမျိုးသုံးစားရှိကြောင်း တွေ့ရှိရပေမည်။
ကောလာဟလသည် အရေးပေါ်အခြေအနေမျိုး တွင် အပြိုင်းအရိုင်း ပေါ်ပေါက်တတ်သည်။ ထို့အတူ သတင်းများ ပျောက်ကွယ်နေချိန်တွင် ကောလာဟလ များသည် နေရာအနှံ့ ပျံ့နှံ့နေတတ်သည်။ အများ ပြည်သူများက သတင်းကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုချိန်တွင် သတင်းအပြည့်အဝ မပေးနိုင်သည့် အခါ  ထိုလိုကွက်ကို ကောလာဟလက ဝင်ရောက် နေရာယူလာသည်။ ထိုအခါ မသမာသူများက မျိုးချ ၍ ကောလာဟလသတင်းအမျိုးမျိုးကို ပျံ့နှံ့အောင် ဖြန့်ချိလေတော့သည်။ 
နိုင်ငံရေးအမြတ်ထုတ်လိုသူများက အခါအခွင့်ရတိုင်း ပြုလုပ်လေ့ရှိကြ
နိုင်ငံရေးအမြတ်ထုတ်လိုသူများက အခြေအနေ များ ပိုမိုရှုပ်ထွေးအောင်လည်းကောင်း၊ မသမာသူ များက   ပြည်သူများတွေဝေအောင်  ဝါဒဖြန့်ချိ၍ လည်းကောင်း၊ စီးပွားရေးအမြတ်ထုတ်လိုသူများက ပြည်သူလူထု     တုန်လှုပ်ချောက်ချားအောင်နှင့် ကုန်ဈေးနှုန်းများ       ကမောက်ကမဖြစ်အောင် လည်းကောင်း၊   ပွဲလန့်လျှင်  ဖျာခင်းလိုသူများက ပြည်သူလူထုကြား တည်ငြိမ်မှုပျက်ပြားပြီး ဖရိုဖရဲ ဖြစ်အောင်လည်းကောင်း ကောလာဟလ သတင်း အမျိုးမျိုးကို   လွှင့်တတ်ကြသည်။  ပြည်သူတို့၏ စိတ်ဓာတ်ကိုပျက်ပြားအောင်     ဖျက်ဆီးရာတွင် အဖျက်သမားများသည်      “ကောလာဟလ”ကို လက်နက်ကောင်း တစ်ခုသဖွယ် အသုံးပြုလေ့ရှိကြ သည်။   အဖျက်သမားတို့သည်    ကောလာဟလ  မမှန်သတင်းများကိုသာ အစွမ်းဆုံးလက်နက်အဖြစ် ကိုင်စွဲကာ  ပြည်သူလူထုအတွင်း  တွေဝေအောင်၊ ယိမ်းယိုင်အောင်၊   ချောက်ချားအောင်၊  အထင်လွဲ မှားအောင်၊   သဘောကွဲပြားအောင်၊  ခြေထိုးခြင်း၊ ခြေရှုပ်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်းများကို အခါအခွင့် ရတိုင်း ခေတ်အဆက်ဆက် ပြုလုပ်လေ့ရှိကြသည်။ 
ကမ္ဘာ့အင်အားကြီး      နိုင်ငံများသည်လည်း ကောလာဟလ     သတင်းဖြန့်ချိမှုကို   အရေးပါ အရာရောက်သော လက်နက်တစ်ခုအဖြစ် ယနေ့ တိုင် အသုံးပြုလျက်ရှိနေကြဆဲပင်။ ဝါဒမတူညီသည့် နိုင်ငံများ၏       နိုင်ငံရေးလူမှုရေးများကို    လိုလျှင် လိုသလိုတစ်မျိုး၊   မလိုလျှင်   မလိုသလိုတစ်မျိုး ပြောဆိုထုတ်လွှင့်တတ်ကြသည်။
အုပ်ချုပ်သူအစိုးရကို      မုန်းတီးနေသူများ ကလည်း နိုင်ငံရေးနှင့်ပတ်သက်၍ အမနာပစကား များ၊ မုန်းတီးမှုအပေါ် အခြေခံပေါက်ဖွားလာသော ကောလာဟလများ၊ ဇဝနဉာဏ်ရွှင်ရွှင်နှင့် ဝေဖန် ပြောဆိုသည့် ကောလာဟလဟာသပြက်လုံးများဖြင့် လူအများအကြား ပျံ့နှံ့အောင် ဖြန့်ချိတတ်ကြသည်။
အီဂျစ်နိုင်ငံတွင် သမ္မတ နာဆာက ဆိုရှယ်လစ် စနစ်ဖြင့်   ပြုပြင်ပြောင်းလဲမှုများ  ဆောင်ရွက် နေချိန်တွင် ဟာသတစ်ပုဒ် ပေါ်ပေါက်ခဲ့ဖူးသည်။ 
အိမ်ထောင်ရှင်ယောကျ်ားတစ်ဦးသည် အိမ်တွင် ဟင်းချက်စားရန် ဟင်းလျာမရှိ၍ ငါးမျှားထွက်ခဲ့ရာ ငါးကြီးတစ်ကောင်ဖမ်းမိသဖြင့်   ဝမ်းသာအားရ အိမ်ပြန်လာသည်။    အိမ်ရောက်သည့်အခါတွင် မိန်းမဖြစ်သူကို . . .
“မိန်းမရေ ငါးကို ကြော်စားကြရအောင်”
“ကြော်စားရအောင် ဆီမရှိဘူးရှင့်”
“ဒီလိုဆို မီးကင်စားကြတာပေါ့”
“ကင်စားရအောင် မီးသွေးလည်းမရှိဘူးရှင့်”
ဆိုတော့ ယောကျ်ားဖြစ်သူလည်း စိတ်ဆိုးပြီး ငါးကို   ရေထဲပြန်လွှတ်လိုက်ရာ   ငါးက “သမ္မတ နာဆာ ကျန်းမာချမ်းသာပါစေ”ဟု ဆုတောင်းပြီး ပျော်ရွှင်စွာ ကူးသွားသည်ဟု ဆိုသည်။ 
ဆိုရှယ်လစ်နိုင်ငံသို့  ကူးပြောင်းခါစ  အီဂျစ် နိုင်ငံတွင်   တွေ့ကြုံနေရသည့်  ပစ္စည်းရှားပါးမှုကို ပြက်ရယ်ပြုသည့်သဘောဖြင့် ပြက်လုံးထုတ်ခဲ့ကြ ခြင်းဖြစ်သည်။ ဆိုရှယ်လစ်စနစ်ကို မလိုလားသူများ၊ မနှစ်သက်လက်မခံလိုသူများက ဆိုရှယ်လစ်စနစ်ကို ရှုတ်ချသည့်သဘောဖြင့်     သမ္မတ   နာဆာကို လှောင်ပြောင်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
တစ်ဖန် သမ္မတနာဆာ ကွယ်လွန်သွားပြီးနောက် ဒုတိယသမ္မတ   အန်ဝါဆဒတ်  သမ္မတရာထူးကို ဆက်ခံသည့်အချိန်တွင်လည်း   မလိုသူများက “အီဂျစ်နိုင်ငံသားတွေအဖို့      တစ်ချိန်တည်းမှာ အဖြစ်ဆိုးကြီးနှစ်ရပ်နဲ့ တစ်ပြိုင်တည်းကြုံကြရပြီ။ တစ်ခုက သမ္မတကြီး နာဆာ ကွယ်လွန်သွားတာ ဖြစ်ပြီး တစ်ခုက ဆဒတ်ဆိုတဲ့လူကို သမ္မတအဖြစ် တင်မြှောက်လိုက်ရတာဖြစ်တယ်”ဟု      ဟာသ မမြောက်သည့်   ပြက်လုံးများဖြင့်  အရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်စကားဝိုင်းများတွင်  သိက္ခာချ ခဲ့ကြပြန်သည်။
ဆက်စပ်ပြောဆိုရာမှ 
တစ်စတစ်စကျယ်ပြန့်လာ
ဆိုရလျှင်   စိတ်ဝင်စားမှု၊  ယုံကြည်မှုနယ်ပယ် ကျယ်ဝန်းလာသည်နှင့်အမျှ      ကောလာဟလ အမျိုးအစားသည်လည်း များပြားလာလေ့ရှိသည်။ ရိုးရိုးသာမန်ပြည်သူများသည်  ဖြစ်ရပ်မှန်သတင်း အပြည့်အစုံကို မရရှိသောအခါတွင် မိမိ၏မူရင်း ဓာတ်ခံအယူအဆနှင့် ကြောက်ရွံ့ခြင်း၊ မုန်းတီးခြင်း၊ မျှော်လင့်တမ်းတခြင်းများဖြင့် ဆက်စပ်၍ပြောဆို ရာမှ ကောလာဟလသည် တစ်စတစ်စ ကျယ်ပြန့် လာသည်။
ကောလာဟလသတင်းများသည်    ရပ်ရွာ အေးချမ်းသာယာရေးနှင့်   တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝတည်ငြိမ်ရေးတို့ကို ထိခိုက်ပျက်ပြားစေနိုင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်  ပြဿနာ၏ အရင်းခံကို ပစ်မှတ် ပရိသတ်နားလည်စေရန် ဖြေရှင်းချက်များ နှင့် ရှင်းလင်းတင်ပြခြင်း၊ ကောလာဟလ ညွှတ်ကွင်း သို့ ပြည်သူများ မသက်ဆင်းမိစေရန် နည်းလမ်း မျိုးစုံဖြင့် ပညာပေးခြင်း၊ ကောလာဟလသတင်း၏ အခြေအမြစ်ကို အမြန်ဆုံးရှာဖွေဖော်ထုတ်ချေဖျက် ခြင်း စသည့်နည်းလမ်းများဖြင့် တားဆီးကာကွယ် ကြရသည်။ 


ထုတ်လွှင့်လိုက်သည့် သတင်းသည်
လူအများက လက်ခံယုံကြည်လာ
တိကျသော သတင်းမှန်များ ထုတ်လွှင့်ခြင်းဖြင့် လူအများ၏ စိတ်တွင်းမရှင်းလင်း၊ မကွဲပြားမှုများ ပျောက်ကွယ်သွားသည်နှင့်အမျှ    ကောလာဟလ ပျံ့နှံ့မှုအရှိန်သည်လည်း          တန့်သွားပေမည်။ ထုတ်လွှင့်လိုက်သည့်သတင်းသည် ယုံကြည်လောက် သောဌာနမှ ဖြစ်သည်နှင့်အမျှ လူအများက လက်ခံ ယုံကြည်လာကြမည်ဖြစ်သည်။ ယင်းကဲ့သို့လူများစု က လက်ခံယုံကြည်လာခြင်းဖြင့် ယင်းပုဂ္ဂိုလ်များ ကြားတွင် ကောလာဟလသည် ကင်းစင်ပပျောက် သွားမည်ဖြစ်သည်။ 
ဝိသမလောဘသားများ၊    မသမာသူများ၏ ကောလာဟလ သတင်းဖြန့်လွှင့်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများသာမက နိုင်ငံသားတိုင်းကလည်း ကြားရာအရပ်၊ ရောက်ရာနေရာမှ တာဝန်သိသိဖြင့် ခြေဖျက်ကြရန် လိုအပ်ပါသည်။
အဘယ်ကြောင့်ဆိုသော် အေသင်မြို့ရှိ လုလင် လေးများကို သူပုန်ထရန်မြှောက်ပေးသည်ဆိုသည့် ကောလာဟလကြောင့် ပညာရှိ ဆိုကရေးတီးသည် အသတ်ခံခဲ့ရသည်။   ဆင်းရဲနွမ်းပါးသည့်  မုဆိုးမ တစ်ဦး အိမ်ရှေ့တွင် ဆန်ပြာနေစဉ် လေပွေတိုက်ခတ် မှုကြောင့်    လွင့်ပါသွားသော   ဆန်ကောနောက်သို့ “ငါ့ဆန်ကော၊   ငါ့ဆန်ကော”ဟု    အော်ဟစ်၍  ပြေးလိုက်ရာမှ နဂိုကတည်းက တိုင်းပြည်အတွင်း    ဆူဆူပူပူ၊ စိတ်ဝမ်းကွဲမှုများကြောင့် ကျီးလန့်စာစား ထိတ်လန့်နေကြသည့်   တိုင်းသူပြည်သားများမှာ “ငါ့ဆန်ကော”  စစ်တပ်ကြီးလာပြီဟု   ယုံမှတ်မှားပြီး  အုတ်အော်သောင်းတင်း    ထွက်ပြေးကြရာကအစ သရေခေတ္တရာပြည်ကြီး  ပျက်စီးခဲ့ရသည်  မဟုတ် ပါလား။      ။