‌ကောက်ရိုးကို အာဟာရဓာတ်ပြုပြင်မြှင့်တင်လို့ ကျွဲ၊ နွားများကို ကျွေးမွေးကြပါစို့

Type
7

 

မင်းစံပယ်(မွေး/သု)

ကောက်ရိုးသည် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကောက်ရိုးကို နွားစာ အဖြစ် အသုံးပြုလာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။    မြန်မာနိုင်ငံဒေသအနှံ့အပြား၌  ခြောက်သွေ့ရာသီတွင် ကောက်ရိုးကို ကျွဲ၊ နွားများ အတွက် အစာကြမ်းအဖြစ် အဓိကကျွေးမွေးကြပါ သည်။ ကောက်ရိုးကျွေးမွေးခြင်းကြောင့်  အရွယ် ရောက်ပြီး ကျွဲ၊ နွားများတွင် ခန္ဓာကိုယ်အလေးချိန် လျော့ကျခြင်း၊  နွားငယ်များတွင်   ကြီးထွားနှုန်း နှေးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ကောက်ရိုးသည် စပါးစိုက်ပျိုးသောဒေသတိုင်း၌ အလွယ်တကူရရှိ နိုင်သော စိုက်ပျိုးရေးဘေးထွက်ကုန်ကြမ်းပစ္စည်းဖြစ်ပြီး ကောက်ရိုးကို ကျွဲ၊ နွားအစားအစာအဖြစ် ကျွေးမွေးခဲ့သည်မှာ   ရှေးပဝေသဏီကပင် ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် ကောက်ရိုးကျွေးမွေးသော ကျွဲ၊ နွားများဖြင့် လယ်ယာလုပ်ငန်းကို ဆောင်ရွက် ခဲ့ရပြီး စက်မှုလယ်ယာသို့ ကူးပြောင်းချိန်တွင်လည်း ကျွဲ၊ နွားများကို ဆက်လက်အသုံးပြုနေရဆဲ ဖြစ်ပါ သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ ၏ အသက်သွေးကြောဖြစ်၍ ကောက်ရိုးသည်လည်း တိရစ္ဆာန်အစာအဖြစ်    သွယ်ဝိုက်သောနည်းဖြင့် အရေးပါလျက်ရှိနေသည်။ ကောက်ရိုးထက် ဈေးနှုန်း သက်သာပြီး အလွယ်တကူရနိုင်သော   တိရစ္ဆာန် အစားအစာကို အစားမထိုးနိုင်သရွေ့ ကောက်ရိုး သည် မြန်မာနိုင်ငံ၏ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွင် အရေးပါနေမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျွဲ၊ နွား မွေး တောင်သူများသည် ကောက်ရိုးကို ကောက်ရိုးပုံ အဖြစ်လည်းကောင်း၊ ကောက်ရိုးစဉ်းဖတ်အဖြစ် လည်းကောင်း သိုလှောင်၍ ဆား၊ ဖွဲနု၊ နှမ်းဖတ်၊ ပဲဖတ်၊ ပဲမှော် စသည်တို့ဖြင့် ရောနှောကျွေးမွေးကြပါ သည်။ ဤသို့ကျွေးမွေးခြင်းဖြင့် ကျွဲ၊ နွားတို့၏ အစာ စားနှုန်းကို တိုးတက်စေသော်လည်း ကောက်ရိုး၏ အစာချေဖျက်ခံရမှုနှင့်      အာဟာရတန်ဖိုးတို့ကို တိုးတက်ပြောင်းလဲနိုင်စွမ်းမရှိပါ။     ထို့ကြောင့် ကောက်ရိုး၏  အာဟာရတန်ဖိုးမြင့်တက်စေရန် ကုန်ကျစရိတ်နည်းနည်းဖြင့် ရုပ်ပိုင်းနည်းဖြင့် ပြုပြင် ခြင်း(Physical treatment)၊ ဓာတုနည်းဖြင့် ပြုပြင် ခြင်း (Chemical treatment)နှင့် ဇီဝနည်းဖြင့်ပြုပြင် ခြင်း (Biological treatment) နည်းလမ်းတို့ကို အသုံးပြု၍ ကျွေးမွေးခဲ့ကြပါသည်။
ကောက်ရိုးကို စဉ်းဖတ်ပြုလုပ်ခြင်း၊    အမှုန့် ပြုလုပ်ခြင်း၊ အစာတောင့်ပြုလုပ်ခြင်း စသည့်နည်း များသည် ရုပ်ပိုင်းပြုပြင်ခြင်း နည်းလမ်းများ ဖြစ်ပါ သည်။ ကောက်ရိုးကို ထုံး၊ ယူရီးယား၊ အမိုးနီးယား စသည်တို့ဖြင့် ပြုပြင်ကျွေးမွေးခြင်းနည်းတို့သည် ဓာတုနည်းဖြင့်ပြုပြင်ခြင်း ဖြစ်ပါသည်။ ကောက်ရိုး ကို ထရိုင်ကို ဒါးမားမှို(Trichoderma fungus)ဖြင့် ပြုပြင်ကျွေးမွေးခြင်း၊ ကောက်ရိုးကို ဗက်တီးရီးယား ထည့်သွင်း အချဉ်ဖောက်ပြုလုပ်ခြင်း စသည့်နည်း တို့သည် ဇီဝနည်းလမ်းဖြင့် ပြုပြင်ခြင်းများ ဖြစ်ပါ သည်။
ကောက်ရိုးကိုယူရီးယားဖြင့်   ပြုပြင်ကျွေးမွေး ခြင်းသည် ကျွဲ၊ နွားများအတွက် အစာချေဖျက်ရန် ခက်ခဲသည့် ကောက်ရိုးတွင်ပါဝင်သော   လင်နင် (Lignin)ဓာတ်နှင့် အသားဓာတ်၊ အမျှင်ဓာတ်တို့ ချိတ်ဆက်နေမှုကိုပြေလျော့စေ၍ ကောက်ရိုးတွင်ပါဝင်သောအာဟာရတန်ဖိုးမြင့်တက်လာစေပြီး ကျွဲ၊ နွားများမှ လွယ်ကူစွာစားသုံးနိုင်ခြင်း  ဖြစ်ပါသည်။ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေး ရာတွင် ယူရီးယားအသုံးပြုမှုကို (၃-၁၀)ရာခိုင်နှုန်း အထိ သုတေသနပြုလုပ်၍ လေ့လာခဲ့ကြပါသည်။ သို့သော်လည်း      ကောက်ရိုးအလေးချိန်များစွာ ပြုလုပ်မည်ဆိုပါက ယူရီးယား ငါးရာခိုင်နှုန်း အသုံးပြု ခြင်းသည် ကောင်းမွန်သင့်တော်ပါသည်။ ကောက်ရိုး ကို   ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးမည်ဆိုပါက အောက်ပါအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါသည်-
    v    ကောက်ရိုးစုဆောင်းထားရှိပါ။
    v     ယူရီးယား တစ်အိတ်၊    လေးဂါလန်ဆံ့ ရေဖျန်းပုံး၊ ၉၀ လီတာဆံ့ ကျောက်စည်၊    ပလတ်စတစ်၊   တိပ်အကြည်၊   ခက်ရင်းခွ (၂-၃)ချောင်းတို့ကို အဆင်သင့်ပြင်ထားပါ။                        
    v     ၁၀ ပေ x ၁၀ ပေ x ၆ ပေရှိ  အုတ်ကန် (သို့မဟုတ်)အခန်း      ပြင်ဆင်ထားရှိပါ။ ထိုအတိုင်းအတာအတွင်း    ကောက်ရိုး နှစ်တန်ခန့်      ထည့်သိပ်သိုလှောင်နိုင်ပါ သည်။
    v     ကောက်ရိုးထည့်သိပ်မည့် အခန်းအနီးတွင် ရေလီတာ ၉၀  ဆံ့သော  ကျောက်စည် အတွင်းသို့ ယူရီးယား (၄.၅) ကီလိုဂရမ် ထည့်ပြီး ရေအပြည့်ထည့်ပါ။ ထို့နောက် ယူရီးယားများ   ရေတွင်ပျော်ဝင်အောင် မွှေပါ။
    v     ၁၀ ပေ x ၁၀ ပေ x ၆ ပေရှိ   အုတ်ကန် (သို့မဟုတ်)အခန်းအတွင်းသို့ ကောက်ရိုး ၁၆  ကီလိုဂရမ်ထည့်ပြီး    ဖြန့်ထားပါ။ ထို့နောက် ကျောက်စည်ထဲမှ   ယူရီးယား ဖျော်ရည်ကို လေးဂါလန်ဆံ့ ရေဖျန်းပုံးဖြင့် တတ်နိုင်သမျှ  နှံ့အောင်ဖျန်းပြီး ခြေဖြင့် နင်းသိပ်ပါ။ မိမိအလိုရှိသော    ပမာဏ ရရှိသည်အထိ ကောက်ရိုး ၁၆ ကီလိုဂရမ် လျှင် ယူရီးယားဖျော်ရည်   လေးဂါလန် နှုန်းဖြင့်      အထက်ပါနည်းအတိုင်း ဆောင်ရွက်ပါ။
    v     ယခုအသုံးပြုသော       အချိုးအစားမှာ ကောက်ရိုးတစ်ကီလိုဂရမ်အတွက်  ရေ တစ်လီတာနှင့်  ယူရီးယား ၅၀ ဂရမ်နှုန်း အသုံးပြုထားပါသည်။
    v    မိမိအလိုရှိသော ပမာဏအထိ ကောက်ရိုး ကိုနင်းသိပ်ပြီး ပလတ်စတစ်ဖြင့်ဖုံးအုပ်ပါ။
    v     ပလတ်စတစ်ကို အခန်းနံရံနှင့် ကောက်ရိုး များကြားထိုးသွင်း၍ တတ်နိုင်သမျှ လေလုံ အောင် ဖုံးထားပါ။
    v     ပလတ်စတစ်တွင်   အပေါက်များရှိပါက လေလုံအောင် တိပ်ဖြင့်ပိတ်ပါ။   ဖုံးထား သော ပလတ်စတစ်အပေါ်သို့ ကောက်ရိုး အနည်းငယ် ထပ်မံဖုံးအုပ်ပါ။ ပြုလုပ်သည့် နေ့ရက်ကို မှတ်တမ်းထားပါ။
    v     အထက်ပါနည်းအတိုင်း ပြုလုပ်ဆောင်ရွက် ပြီး အနည်းဆုံး ၁၄ ရက် ထားရပါမည်။ ၁၄ ရက်ပြည့်ပြီးသော်လည်း ကျွဲ၊ နွားများ ကို  အသုံးပြုကျွေးမွေးခြင်း မပြုမီအချိန် ထိ ဖုံးအုပ်ထားနိုင်ပါသည်။ ဖုံးအုပ်ထားစဉ် ရေဝင်ခြင်းမရှိအောင်     ဆောင်ရွက်ပါ။ မိုးရာသီ၌     အမိုးအကာအောက်တွင် ပြုလုပ်ပါ။
    v     အရေးကြီးဆုံးအချက်မှာ ကျွဲ၊ နွားများကို မကျွေးမွေးမီအချိန်   ဖုံးအုပ်ထားသော ပလတ်စတစ်ကို အနည်းဆုံး (၂-၆) နာရီ ကြိုတင်၍ဖယ်ပြီး      လေသလပ်အောင် ထားပါ။
နွားပြာစိမ်းများ၏ ကြီးထွားနှုန်းအပေါ်
အကျိုးသက်ရောက်မှု
မွေးမြူရေးသုတေသနဦးစီးဌာနတွင်   ပဲနှစ်၊ သဘာဝကောက်ရိုး၊    ယူရီးယားဖြင့်ပြုပြင်သည့် ကောက်ရိုးနှင့် နှံစားပြောင်းချဉ်ဖတ်တို့ကို ကျွေးမွေး ခြင်းဖြင့် နွားများ၏ ကြီးထွားနှုန်းအပေါ်   အကျိုး သက်ရောက်မှုကို      သုတေသနပြုလုပ်ခဲ့ပါသည်။ သုတေသနတွင် အသုံးပြုကျွေးမွေးသော အစာကြမ်း သုံးမျိုးနှင့် ပဲနှစ်တို့ကို ဓာတ်ခွဲစမ်းသပ်ပြီး အာဟာရ ပါဝင်နှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စာမျက်နှာ ၁၆ မှ
DM    =    Dry Matter (တိရစ္ဆာန်ရရှိသော အသား တင် အခြောက်အစာ)
OM    =     Organic Matter (ကစီ၊ အသားနှင့် အဆီ တို့ ပါဝင်သော အော်ဂဲနစ်ဒြပ်ပေါင်း)
CP    = Crude Protein(အသားဓာတ်)
NDF    = Neutral Detergent Fibre (အနည်းငယ် ချေဖျက်ရခက်သော အမျှင်ဓာတ်)
ADF = Acid Detergent Fibre(ချေဖျက်ရအလွန် ခက်သော အမျှင်ဓာတ်)
အထက်ဖော်ပြပါ သုတေသနပြုလုပ်ရရှိသော အချက်အလက်များအရ ဇယား(၁)တွင်   ဖော်ပြ ထားသည့်အတိုင်း ကောက်ရိုးကို   ယူရီးယားဖြင့် ပြုပြင်ပြီးအချိန်တွင်    အသားဓာတ်ပါဝင်မှုနှုန်း (CP %) သိသိသာသာတိုးတက်လာသည်ကို တွေ့ရှိ ရပါသည်။ ထို့ပြင် ဇယား(၂)တွင် ဖော်ပြထားသည့် အခြောက်ဓာတ်    အခြေခံတွက်ချက်မှုများအရ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးပါက အစာစားနှုန်း သိသိသာသာ တိုးတက်လာပါသည်။     ထို့ကြောင့် ကောက်ရိုးကို ယူရီးယားဖြင့်ပြုပြင် ကျွေးမွေးခြင်းသည် ပြုပြင်ခြင်းမရှိသောကောက်ရိုး ကို ကျွေးမွေးသည့်နွားများထက်   ကြီးထွားနှုန်း ကောင်းပါသည်။ သက်တမ်းရက် ၇၀ ရှိ နှံစားပြောင်း ပင်ကို ချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်းနှင့် ယူရီးယား ဖြင့် ကောက်ရိုးကို    ပြုပြင်ကျွေးမွေးခြင်းသည် နွားငယ်လေးများ၏ ကြီးထွားနှုန်းအပေါ်တွင် သိသိ သာသာကွာခြားမှုမရှိကြောင်း တွေ့ရှိရပါသည်။ 
ရရှိနိုင်သည့်အကျိုးကျေးဇူးများ
နို့စားနွားမများတွင် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းသည် ပြုပြင်ထားခြင်းမရှိသော ကောက်ရိုးကိုကျွေးခြင်းထက် နို့ထွက်နှုန်းပိုမိုခြင်း၊ အစာစားနှုန်းကောင်းမွန်ပြီး မြိုင်သံသရာ လည်ပတ် မှုမှန်ကန်ခြင်း၊    မျိုးအောင်နှုန်းကောင်းမွန်ခြင်း အကျိုးကျေးဇူးများရရှိကြောင်း   တွေ့ရှိရပါသည်။ အစာအိမ်လေဖောင်းခြင်းနှင့် အအေးမိခြင်းကဲ့သို့ သော ရောဂါဖြစ်ပွားမှု လွန်စွာနည်းခြင်းကိုလည်း တွေ့ရှိရပါသည်။ ဒေသနွားများတွင် ကောက်ရိုးကို ယူရီးယားဖြင့်ပြုပြင်ကျွေးမွေးသော ဒေသနွားများ သည် ပြုပြင်ထားခြင်းမရှိသော ကောက်ရိုးကျွေးမွေး သည့် ဒေသနွားများထက် အစာစားနှုန်း ကောင်းမွန် ခြင်း၊ ကြီးထွားနှုန်းကောင်းမွန်ခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်ကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသည်ကို လေ့လာတွေ့ရှိရပါသည်။
နွားမွေးမြူရေးလုပ်ငန်း အောင်မြင်ရန်အတွက် အစာအရည်အသွေးကောင်းမွန်ရန်နှင့်       အစာ လုံလောက်စွာရရှိရေးသည် အဓိကအချက် ဖြစ်ပါ သည်။ ထို့ပြင် နွားမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိ သော အသား၊ နို့နှင့်   သားရေချပ်များအတွက် ဈေးကွက်ကောင်းများ ပေါ်ပေါက်လာရေးအချက် သည်လည်း အရေးကြီးပါသည်။ ထိုကဲ့သို့ ဈေးကွက် ကောင်းဖော်ဆောင်နိုင်ပါက    စားကျက်မြေများ စိုက်ပျိုး၍ မြက်ချဉ်ဖတ်ပြုလုပ်ခြင်း၊ မြက်ခြောက် များပြုလုပ်ခြင်းတို့ ပြုလုပ်ကျွေးမွေးခြင်းဖြင့် နွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာပါမည်။ မြန်မာနိုင်ငံ ၏ နွားမွေးမြူရေးလုပ်ငန်းအများစုသည်  စိုက်ပျိုး ရေး စွန့်ပစ်ပစ္စည်းဖြစ်သည့် ကောက်ရိုးအပေါ် မှီခို မွေးမြူနေကြဆဲ ဖြစ်ပါသည်။ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်မွေးမြူသူများတွင်     စားကျက်သီးခြား စိုက်ပျိုးမွေးမြူနိုင်သူနည်းပါးပါသည်။ စားကျက်ကွင်း များအတွင်း  စားကျက်ပင်  သီးခြားမစိုက်ပျိုးနိုင် သော နွားမွေးမြူရေးသမားများနှင့် ကောက်ရိုးအပေါ် မှီခိုကျွေးမွေးနေကြသော  နွားမွေးမြူရေးသမားများ အတွက် ယူရီးယားဖြင့် ကောက်ရိုးကို ပြုပြင်ကျွေးမွေး ခြင်းသည် ကုန်ကျစရိတ်အနည်းဆုံးနှင့် အသုံးဝင် အကျိုးရှိဆုံး နည်းလမ်းတစ်ခု ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိအချို့ဒေသများ၌ ကောက်ရိုးကို နွားမွေးမြူရေးအတွက် အကျိုးရှိစွာအသုံးမပြုဘဲ မီးရှို့၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုကြသည် ကိုလည်း တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် နွားမွေးမြူ ရေးလုပ်ကိုင်ပြီး စားကျက်စိုက်ပျိုးရန် မြေမရှိသူများ၊ ကောက်ရိုးအပေါ်မှီခို၍ နွားမွေးမြူသူများအတွက် ကောက်ရိုးကို ယူရီးယားဖြင့်ပြုပြင်၍ ကျွေးမွေးသော နည်းလမ်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ရာလည်းသက်ရောက်ပြီး နွားမွေးမြူရေးအတွက် အကျိုးပြုသောနည်းလမ်းဖြစ်ပါသည်။ ထို့ကြောင့် ကောက်ရိုးကို ယူရီးယားဖြင့် အာဟာရဓာတ်ပြုပြင် မြှင့်တင်၍ နွားများကို ကျွေးမွေးခြင်းဖြင့် နွားမွေးမြူ ရေးလုပ်ငန်းကို မြှင့်တင်ကြပါစို့ဟု တိုက်တွန်းရင်း ရေးသားတင်ပြလိုက်ရပါသည်။      ။
ကိုးကားကျမ်းစာရင်း
    ၁။    Aung San Win et al 2023: Myan, Annual conference: Department of Livestock and Aquaculture Research.
    ၂။    Tin Ngwe et al 1993: Myan. J.Agric. Sci. 5; 65-75.
    ၃။    Indian Council of Agriculture Research; Urea treatment of poor quality roughages
        https://krishi.icar.gov.in.