ကျောက်ပန်းတောင်းမြို့သို့ အောက်ဆီဂျင်စက်တစ်လုံးထပ်မံရောက်ရှိ တစ်နေ့လျှင် အောက်ဆီဂျင် လီတာ ၄၀ အိုး အလုံးရေ ၉၀ ထုတ်ယူနိုင်မည်

 

ကျောက်ပန်းတောင်း  စက်တင်ဘာ   ၁၅


မန္တလေးတိုင်းဒေသကြီး    ကျောက်ပန်းတောင်း မြို့နယ်တွင် အများပြည်သူလှူဒါန်းငွေဖြင့် တရုတ် နိုင်ငံမှ ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက် အသစ် တစ်လုံး စက်တင်ဘာ ၁၄ ရက်က   ထပ်မံရောက်ရှိ လာကြောင်း သိရပြီး  စက်ထည့်ယူသယ်ဆောင်လာ သည့် တွဲကားပေါ်မှ    ကွန်တိန်နာဘောက်စ်အား ညနေ ၆ နာရီတွင် စက်ထားရှိမည့်  အထိုင်ခုံပေါ်သို့ ကရိန်းဖြင့်  တင်ပို့နိုင်သည်။


ယခုရောက်ရှိလာသည့်စက်မှာ   ကျောက်ပန်း တောင်းမြို့အတွက်      ဒုတိယမြောက်စက်ဖြစ်ပြီး စက်အမျိုးအစားမှာ PSA oxygen  generation system scheme ဖြစ်ကြောင်းနှင့်    မြို့မိမြို့ဖများ ထံမှ ငွေကျပ်သိန်း ၁၉၀၀ ကျော်  အလှူခံရရှိခဲ့သဖြင့်  ကော်မတီ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ဇူလိုင် ၁၅ ရက်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး    စက်တန်ဖိုးမှာ ဒေါ်လာ ၅၉၉၀၀ ဖြစ်ကြောင်း   စက်ဝယ်ယူရေး  အကျိုးတော်ဆောင်တစ်ဦးထံမှ သိရသည်။  ယင်း စက်ကို ကျောက်ပန်းတောင်းမြို့    အောင်မင်္ဂလာ ရပ်ကွက်ရှိ ကျောက်ကပ်ဆေးစက်အနီး ပေ ၁၀၀ ပတ်လည်ရှိမြေနေရာတွင်    စိတ္တပါလဂူကျောင်း ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် အဆောက်အအုံဆောက်လုပ်ထားရှိသွားမည်ဖြစ်ပြီး ၁၀၀ ကေဗွီအေ ထရန်စဖော်မာတပ်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရ သည်။ 


အဆိုပါစက်   သယ်ချနေမှုအခြေအနေများကို အောက်ဆီဂျင်စက် ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်း လွင်နှင့်   အဖွဲ့ဝင်   ဗိုလ်မှူး  မိုးကိုကိုတို့  လာရောက် ကြည့်ရှုအားပေးကြသည်။


ကျောက်ပန်းတောင်းမြို့နယ်အတွက်   ပထမ အောက်ဆီဂျင်စက်တစ်လုံးကို    သုဂတိရှင်နာရေး ကူညီမှုအသင်း၏အစီအစဉ်ဖြင့်       ဝယ်ယူခဲ့ရာ ယင်းစက်မှာ  ဩဂုတ်   ၁၁ ရက်တွင် ရောက်ရှိ၍ ၁၂ ရက်တွင် စတင်ကာ   အောက်ဆီဂျင်ထုတ်ပေးနိုင်ခဲ့ပြီး တစ်ရက်လျှင် လီတာ ၄၀ ဝင်   အောက်ဆီဂျင်အိုး အလုံး ၆၀ ကျော် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ယခုစက်မှာ     ဒုတိယမြောက်ရောက်ရှိခြင်းဖြစ်၍ တစ်ရက်လျှင် ၁၈ နာရီ   မောင်းနှင်နိုင်ကြောင်းနှင့်  လီတာ ၄၀ ဝင်  အောက်ဆီဂျင်အိုး   အလုံး   ၉၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ စက်နှစ်လုံး ထုတ်လုပ် အားဖြင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းသာမက အနီးဝန်းကျင်မှလိုအပ်သည့် မြို့နယ် /ကျေးရွာ များအတွက်ပါ        အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ် ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


နေအောင် (ပြန်/ဆက်)