
ကျောက်ဖြူ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အသက် ၁၈ နှစ်အထက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ယနေ့ နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ကျန်းမာရေး ဌာနမှဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေ ရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိပြီး နိုဝင်ဘာ ၁၄ ရက် အထိ ပထမအသုတ်တွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသူ ၅၃၁၉ ဦး၊ ဒုတိယအသုတ်တွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၆၁၂၇ ဦးနှင့် တတိယအသုတ်တွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၄၄၁၇ ဦး စုစုပေါင်း ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ပြည်သူ ၂၅၈၆၃ ဦးရှိပြီဖြစ်ကာ ယနေ့တွင် အသက် ၁၈ နှစ်အထက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသူများအား ပထမအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။ တင်ထွန်းဦး၊ ဖြိုးဝေလင်း ( ပြန်/ဆက်)