
ကျောက်ဖြူ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDPs စခန်း အတွင်းတွင် ခိုလှုံလျက်ရှိသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်း စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး အသိဉာဏ် ပညာ ဗဟုသုတများ တိုးပွားလာ စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိ လာစေရန်ရည်ရွယ်၍ ယမန်နေ့ က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အဆိုပါခိုလှုံရာစခန်းသို့ သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စာအုပ်များ ငှားရမ်း
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင်သည့် ဝန်ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း စသည့် စာအုပ်ပေါင်း ၃၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယင်း IDPs စခန်းအတွင်းရှိ ကျောင်း သား ကျောင်းသူများနှင့် ပြည်သူ များက စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့် ငှားရမ်းကြ သည်။
“ကျွန်တော်တို့ ဒီ IDPs Camp ကို ရောက်တာ ကြာပါပြီ၊ တစ်ခါမှဒီလိုမျိုး Mobile Library နဲ့ လာရောက်ပြီးတော့ ငှားရမ်း ပေးခဲ့တာမျိုး မရှိပါဘူး။ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ အခုလိုလာရောက် ငှားရမ်းပေးတဲ့ အတွက် ကျွန်တော့်အနေနဲ့ အတိုင်းမသိ ဝမ်းသာပါတယ်။ ဒီမှာနေတဲ့ ကလေးတွေက စာအုပ်၊ စာပေ တွေနဲ့ ဝေးနေကြတာကြာပြီလေ၊ အခုလိုလာရောက် ငှားရမ်းပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါ တယ်။ နောက်နောင်တွေလည်း အခုလိုပဲ လာရောက်ငှားရမ်းပေး စေလိုပါတယ်”ဟု ယင်းစခန်းမှ တာဝန်ခံကျောင်းအုပ် ဆရာဦးနေ ထွန်းလင်းက ပြောသည်။
ယင်းနောက် စာအုပ်၊ စာပေ လာရောက် ငှားရမ်းသူ တက္ကသိုလ် ဝင်တန်း တက်ရောက်နေသော မယမင်းသူနှင့် မခင်နှင်းဝင်းတို့က “သမီးတို့က စာအုပ်၊ စာပေဖတ်ရ တာကို ဝါသနာပါသူတွေဖြစ်ပါ တယ်။ စာပေဖတ်ရှုခြင်းက ကောင်းတဲ့ အလေ့အကျင့်ဖြစ် တယ်လို့ သမီးတို့ သိထားပါတယ်။ အခုငှားပေးတဲ့ စာအုပ်တွေထဲမှာ သမီးတို့ကြိုက်တဲ့ စာရေးဆရာ တွေနဲ့ စာအုပ်တွေပါပါတယ်။ အခုလိုလာရောက် ငှားပေးတဲ့ အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက်လည်း အခုလိုမျိုး လာရောက် ငှားရမ်းပေးဖို့ ပြောချင်ပါတယ်” ဟု ပြောကြား သည်။
ငှားရမ်းပေး
အဆိုပါ ခိုလှုံရာစခန်းတွင် ခိုလှုံနေပြည်သူ ၁၀၀၈ ဦးနေထိုင် လျက်ရှိပြီး စာအုပ်၊ စာပေဖတ်ရှုရန် အတွက် စာအုပ်လာရောက် ငှားရမ်းသူများကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက လက်သန့်ဆေး ရည်များဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှ ပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)