ကျောက်ဆည်မြို့နယ်အတွင်း စိုက်ပျိုးသော ပန်းမုန်လာများ ဈေးကောင်းရနေ

 

ကျောက်ဆည်  ဒီဇင်ဘာ  ၁၀


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌   ဆည်ရေသောက် စနစ်ဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြသော်လည်း ယာမြေ အချို့နှင့် ကိုင်းကျွန်းမြေများတွင် ဥယျာဉ်ခြံမြေနှင့် သီးပင်စားပင်များ၊ ကာလတို   ဟင်းသီးဟင်းရွက်များ    စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ   ပန်းမုန်လာဈေးကွက်ကောင်းသဖြင့်    ပန်းမုန်လာစိုက် တောင်သူများ ဝင်ငွေကောင်းနိုင်ကြောင်း သိရသည်။ 

 


ပန်းမုန်လာသီးနှံသည် ဆောင်းသီးနှံတစ်မျိုးဖြစ်ပြီး ဆောင်းရာသီ တွင်  စိုက်ပျိုးပါက  သွင်းအားစုနည်း၍ ဖြစ်ထွန်းမှုကောင်းမွန်ကြောင်း နှင့် တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန်အတွက် မိုးတွင်းကာလ တွင် စိုက်ပျိုးလာကြကြောင်း၊    မိုးတွင်းကာလတွင်   ပန်းမုန်လာ စိုက်ပျိုးပါက ပျိုးပင်သေပျောက်မှုရှိသည့်အတွက် မျိုးစေ့ပို၍ အသုံးပြု ရကြောင်း၊ ထို့ပြင် မိုးရာသီတွင် ပေါင်းမြက်ရှင်းလင်းစရိတ်နှင့် ပိုးမွှား ကာကွယ်ဆေးများ  ပို၍ အသုံးပြုရသဖြင့် တစ်ဧကစိုက်ပျိုးစရိတ် ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းခန့် ကုန်ကျကြောင်း၊  အပင်ပြုစုမှု ကောင်းပါက တစ်ဧကလျှင်  ရောင်းတန်းဝင်  ပန်းမုန်လာပင် ၈၀၀၀ ခန့် ထွက်ရှိပြီး  တစ်ပင် ၅၀၀ ကျပ်နှုန်း ရောင်းချရပါက  ကျပ်သိန်း ၄၀ ခန့်အထိ ပြန်လည်ရရှိနိုင်သဖြင့် ပန်းမုန်လာသည်  ကျွမ်းကျင်မှု ရှိပါက   စိုက်ပျိုးသင့်သော  သီးနှံတစ်မျိုးဖြစ်ကြောင်း  ပင်တလည် ကျေးရွာမှ ပန်းမုန်လာစိုက်တောင်သူ ဦးဆန်းဝင်းက ပြောသည်။

 


ပန်းမုန်လာသီးနှံသည် သွင်းအားစု ကုန်ကျစရိတ်များသော်လည်း မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပြီး ရာသီ အစောပေါ်ပါက   ဈေးကောင်းပိုရသဖြင့်   ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့်  တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။


သက်မောင် (ပြန်/ဆက်)