
နေပြည်တော် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ဒေသသည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှားပြီး ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သော ကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေအတွက် ဆည်/ကန် တမံများကို အဓိကအားထားရလျက်ရှိပြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် နှင့် စဉ့်ကိုင်မြို့နယ်များအတွင်းတွင် ဇော်ဂျီရေသောက်စနစ်ဖြင့် စိုက်ပျိုး ရေ၊ သောက်သုံးရေပေးဝေလျက်ရှိရာ ယခုနှစ် ဇော်ဂျီရေသောက်စနစ်မှ မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် နွေသီးနှံ သီးထပ် သုံးသီးအတွက် စိုက်ပျိုးရေ ပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဇော်ဂျီမြစ်ပေါ်တွင် ဇော်ဂျီနှင့် မြို့ကြီးတမံ နှစ်ခု ကို တည်ဆောက်ထားပြီး ဇော်ဂျီမြစ်၏ စီးဝင်ရေ များကို ထိန်းသိမ်းသိုလှောင်ထားလျက်ရှိသည့်အပြင် ဇော်ဂျီတမံ၏အထက်ဘက်တွင် ထပ်မံ၍ ကျိုင်းခမ်း ရေလှောင်တမံကို တည်ဆောက်နေပြီး ယခု တည်ဆောက်ဆဲကာလတွင် ရေလွှဲမြောင်းဖြင့် ဇော်ဂျီ ရေလှောင်တမံအတွင်းသို့ ရေကူဖြည့်သွင်းပေးလျက် ရှိကြောင်း သိရသည်။ ဇော်ဂျီနှင့် မြို့ကြီးတမံ နှစ်ခုမှ ရေအားလျှပ်စစ်ထုတ်လုပ်ရင်း ထုတ်လွှတ်လိုက်သည့် ရေများကို အောက်ဘက်ရှိ မြို့ကြီး၊ နောင်ခမ်း၊ ငပြောင်၊ သင်းတွဲ၊ မင်းရဲ၊ ဇီးတော၊ ဇော်ဂျီ စသည့် ရေလွှဲဆည်များဖြင့် အဆင့်ဆင့်ထိန်းညှိသိုလှောင်ကာ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့နယ် ဇော်ဂျီဆည်ရေ သောက်ဧရိယာအပြင် မြစ်သားမြို့နယ်အတွင်းရှိ ကင်းတားလက်ယာမြောင်း ရေသောက်ဧရိယာသို့ လည်း စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရ သည်။
ရေလုံလောက်ပြည့်ဝစွာ ပေးဝေနိုင်မည်
ယခု မိုးသီးနှံရာသီတွင် ဇော်ဂျီရေသောက်ဧရိယာ အတွင်း၌ မိုးစပါး ၆၂၃၃၉ ဧက၊ မိုးအခြား သီးနှံ ၆၆၄၁ ဧက၊ ကင်းတားလက်ယာ ရေသောက်ဧရိယာ အတွင်း၌ မိုးစပါး ၃၀၆၆၄ ဧက၊ မိုးအခြား သီးနှံ ၇၅၀၆ ဧက စုစုပေါင်း မိုးစပါး ၉၃၀၀၃ ဧက၊ မိုးအခြား သီးနှံ ၁၄၁၄၇ ဧကကို လျာထားစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်မှ စတင်၍ စိုက်ပျိုးရေပေးဝေ လျက်ရှိကာ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးရေပေးဝေ သွားမည်ဖြစ်ကြောင်း၊ ယနေ့ထိ မိုးစပါး ၈၉၈၄၁ ဧက၊ မိုးအခြားသီးနှံဧက ၇၇၄၀ ကို စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။ ဇော်ဂျီနှင့် မြို့ကြီးတမံ နှစ်ခုပေါင်းတွင် လက်ရှိရေပမာဏ ဧကပေ ၅၄၀၀၀၀ ခန့် သိုလှောင် ထားနိုင်သည့်အတွက် ယခုလျာထားစိုက်ပျိုးထားပြီး ဖြစ်သည့် မိုးသီးနှံများကို အောင်မြင်ဖြစ်ထွန်းသည် အထိ စိုက်ပျိုးရေလုံလောက်ပြည့်ဝစွာ ပေးဝေနိုင်မည် ဖြစ်သည်။
မိုးသီးနှံ စိုက်ပျိုးရေပေးဝေပြီးချိန်ဖြစ်သည့် နိုဝင်ဘာလကုန်အထိ ထပ်မံဝင်ရောက်လာနိုင်သည့် စီးဝင်ရေ ပမာဏနှင့် သုံးစွဲမည့် ပမာဏ၊ လက်ကျန်ရေ ပမာဏများအပေါ်တွင် အခြေခံ၍ နွေရာသီအတွင်း လိုအပ်သော ဒေသသောက်သုံးရေနှင့် လာမည့်နှစ် မိုးစပါးပျိုးထောင်ရေ လိုအပ်ချက်များကို အဓိကထား ၍ လျာထားချန်လှပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ ကို ဆက်လက်ပေးဝေနိုင်ရန် ဌာနမှ စနစ်တကျ တွက်ချက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အကျိုးအမြတ် ပိုမိုရရှိ
အယ်လ်နီညိုကဲ့သို့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များကြောင့် မိုးရွာသွန်းမှုနည်းပါးကာ တမံများ အတွင်း ရေဝင်ရောက်မှုလျော့နည်းလာခြင်း၊ အပူချိန် မြင့်တက်လာပြီး စိုက်ပျိုးရေလိုအပ်ချက် ပိုမိုမြင့်မား လာခြင်း စသည့်စိန်ခေါ်မှုများအပေါ်တွင် ရေလိုအပ် ချက်များပြားသော နွေစပါးလျာထားစိုက်ပျိုးမှုကို လျှော့ချပြီး ရေလိုအပ်ချက်နည်းနည်းဖြင့် စီးပွားရေး ပိုမိုတွက်ခြေကိုက်သည့် အခြားသီးနှံများကို တောင်သူ များ ပြောင်းလဲစိုက်ပျိုးလာသည့် အားသာချက်ရရှိ အောင်ဆောင်ရွက်လျက်ရှိပြီး သီးထပ် သုံးသီးစိုက်ပျိုး ကာ တောင်သူများ စီးပွားရေးအကျိုးအမြတ် ပိုမိုရရှိ စေလျက်ရှိကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှ လျော့ပါး သက်သာစေရန်၊ မြောင်းဆုံးမြောင်းဖျား စိုက်ပျိုးရေ ပြည့်ဝစွာ ပေးဝေနိုင်ရန်နှင့် ချောင်းရိုးများအတွင်းသို့ စွန့်ပစ်သည့်ရေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး အတွက် ပြန်လည်ပိတ်ဆို့သိုလှောင်ပြီး စိုက်ပျိုးရေ အဖြစ် ပြန်လည်အသုံးပြုပေးဝေနိုင်ရန် စသည့်ဆည်ရေ သောက်စနစ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ဖွဲ့စည်းထားပြီးဖြစ် သည့် ရေအသုံးချသူများအဖွဲ့ (WUG)များနှင့် ပူးပေါင်း ၍လည်း စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့်လာမည့် နွေရာသီတွင် အပူချိန် မြင့်တက်ပြီး စိုက်ပျိုးရေလိုအပ်ချက် မြင့်မားလာနိုင် မည့် အခြေအနေနှင့်အတူ ရေရှားပါးခက်ခဲလာနိုင်မည့် အခြေအနေ၊စိုက်ပျိုးရေများကို တောင်သူအချင်းချင်း ညီညွတ်မျှတသည့် စိတ်ဓာတ်ဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး လေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျ ခွဲဝေသုံးစွဲရန် လိုအပ်မှုအခြေအနေ၊ နွေသီးနှံရာသီတွင် နွေစပါး ကဲ့သို့ ရေလိုအပ်ချက်များပြားသော သီးနှံအစား ရေလိုအပ်ချက်နည်းပြီး စီးပွားရေးပိုမိုတွက်ခြေကိုက် သည့် နွေအခြားသီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးရမည့် အခြေအနေ စသည့်မြေအသုံးချစိုက်ပျိုးမှု၊ ရေအသုံးချ စိုက်ပျိုးမှုဆိုင်ရာများကို တောင်သူများ သိရှိနားလည် ပြီး ဌာန၏ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအပေါ် ပူးပေါင်းဆောင်ရွက်နိုင်စေရေး ပညာပေးဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မွှေး