
နေပြည်တော် နိုဝင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာမဏ္ဍပ်တော်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရည်ရွယ်ချက် ၄ ရပ်ဖြင့် ဖော်ဆောင်
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “မာရ ဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ တော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပ လျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်း ပြည် အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွား တော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုကို အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အား အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စကျင်ကျောက်တော်ကြီးအား Angelo Mining Co., Ltd. က ၂၀၁၃ ခုနှစ်တွင် Shwe Foundation သို့ လှူဒါန်းခဲ့ပြီး Shwe Foundation ၏ လွှဲအပ်ချက်အရ တပ်မတော်က စကျင်ရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ရန် ဦးစီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
အဆင့်ဆင့် ပင့်ဆောင်
စကျင်ကျောက်တော်ကြီးအား အဆင့် ဆင့် တူးဖော်ခြင်းနှင့် ကျောက်တုံး တော်များအား အပိုင်းအလိုက် သယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒခံယူ၍ ရတနာပုံခေတ်ဟန်ဖြင့် ထွင်းထုပူဇော်မည်ဖြစ်ပြီး ကျောက်တုံး တော်များအား ပင့်ဆောင်ရာတွင် စကျင်တောင်မှ နေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း များဖြင့် အဆင့်ဆင့် ပင့်ဆောင်ခဲ့ရ ကြောင်း၊ စကျင်တောင်မှ မြောင်မြစ်အထိ အကျယ်ထိပ်ဝ ပေ ၁၂၀၊ အောက်ခြေ ပေ ၉၀ ၊ တာပေါင် အမြင့် ပေ ၄၀ ရှိ တူးမြောင်းဖောက်လုပ်၍ ၎င်းမှ တစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံ မြို့နယ်ရှိ ဆီမီးခုံ ဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင်ခဲ့ကြောင်း၊ ထိုမှ တစ်ဆင့် မန္တလေး - ရန်ကုန် အမြန်လမ်းမ ကြီးအတိုင်း Modular Trailer များဖြင့် ယခုတည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ် တော်နေရာသို့ အဆင့်ဆင့် ပင့်ဆောင်ခဲ့ရကြောင်း။
ဉာဏ်တော်အမြင့်ဆုံး
ကျောက်တုံးတော်ကြီးများ ပင့်ဆောင် ပြီးစီးချိန်တွင် ဖောက်လုပ်ခဲ့သည့် တူးမြောင်းနေရာအား မြေပြန်လည်ဖို့ ခြင်းများ ဆောင်ရွက်ပေးခဲ့မှုကြောင့် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း နှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ ပြုပြင်ခဲ့သည့် By pass ၈၄ နေရာနှင့် အခြားနေရာများအား မူလအတိုင်း ပြန်လည် ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ကျောက်တုံးတော်ကြီးများ ပင့်ဆောင်မှုသည် ကမ္ဘာပေါ်တွင် ရေလမ်း ခရီးအရလည်းကောင်း၊ ကုန်းလမ်းခရီး အရလည်းကောင်း အဝေးဆုံးဖြစ် သကဲ့သို့ အလေးချိန်အရလည်း အများဆုံး ဖြင့် စံချိန်တင်မှု အခြေအနေများ နှင့် အခက်အခဲအမျိုးမျိုးများကြားမှ ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ “မာရ ဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ထားကိုးကွယ်မှုပြီးစီးပါက ကမ္ဘာပေါ်ရှိ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည်ဖြစ်ကြောင်း။
ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ် ပူဇော်ရာတွင် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒများနှင့် အညီ မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ် ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ် သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာ ဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ဆင်းတုတော်ကြီးတည်ထားမည့် ဥယျာဉ် တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူး လာပြည်သူများ အဆင်ပြေစေရေး အတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ မုစလိန္ဒ အိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကို ရတနာပုံခေတ် လက်ရာများအတိုင်း ထည့်သွင်းတည်ဆောက်၍ မြန်မာ့ အနုပညာလက်ရာ စုံလင်စွာဖြင့် ဗိသုကာ လက်ရာမြောက်အောင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရတနာပုံခေတ် လက်ရာများကို အခြေပြုထားပြီး အတု မရှိ ကျောင်းတော်၊ ရွှေစည်းခုံတို့မှ ဗိသုကာလက်ရာများအပြင် နိုင်ငံတကာ မှ ကမ္ဘာ့အံ့ဖွယ် အဆောက်အဦတို့၏ နည်းပညာလက်ရာများကို လေ့လာ၍ Conceptual Design များဖြင့် ဖော်ထုတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဂန္ဓကုဋိ တိုက်အတွင်း၌လည်း ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်သွား မည်ဖြစ်ကြောင်း၊ ယခုအခါ ပလ္လင်တော် အပိုင်း ၁ နှင့် ၂ ကိုနေရာ ချထားပြီးစီးပြီဖြစ် ကြောင်း၊ ရုပ်ပွားတော်ကြီး၏ ပင်မ ကိုယ်ထည်ပိုင်းကို အပိုင်း လေးပိုင်းဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး အပိုင်း ၁ နှင့်အပိုင်း ၄ တို့အား ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်မှုများ ဆောင်ရွက်နေကြောင်း၊ ရုပ်ပွားတော်မြတ် ကြီးအား ရာသီဥတုနှင့် အခြားသဘာဝ ဘေးဒဏ်များ ခံနိုင်ရည်ရှိစေရေးအတွက် အလေးချိန် တန်ချိန် ၂၀၀၀၀ ခံနိုင်သော Foundation ဖြင့် တည်ဆောက်ထားပြီး ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ် မုန်တိုင်း၏ အပြင်းဆုံး လေတိုက်နှုန်း 120 Mph နှင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံး လှုပ်ခတ်နိုင်သည့် ငလျင်လှုပ်ခတ်နှုန်း Earthquake Magnitude 8.7, 8.8 အထိ ခံနိုင်ရည်ရှိစေရန်အတွက် Steel Rebars များ ထည့်သွင်းအားဖြည့်ထားကာ သမား ရိုးကျနည်းလမ်းများနှင့် ခေတ်မီနည်း လမ်းများပေါင်းစပ်၍ Composite နည်း ပညာအသုံးပြု တွဲဆက်ခြင်းများ ဆောင်ရွက်ထားကြောင်း။
ရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော် အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေ အမြင့်ရှိမည်ဖြစ်ပြီး ဆင်းတုတော် အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော် အလေးချိန် ၃၅၁၀ တန် စုစုပေါင်း အလေးချိန် ၅၂၉၂ တန်ရှိမည် ဖြစ်ကြောင်း။
ကျမ်းစာမြတ်များကိုပါ ဖူးမြော်နိုင်
ဗုဒ္ဓဥယျာဉ်တော်အတွင်း “မာရဝိဇယ” ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရာတွင် ပိဋကတ်သုံးပုံ ကျမ်းစာမြတ်များကိုပါ တစ်ပါတည်းဖူးမြော်နိုင်ရေးနှင့် ခေတ် အဆက်ဆက် မှတ်တမ်းကျန်ရှိစေရေးတို့ အတွက် ဩဝါဒါဆရာတော်ကြီးများမှ ဩဝါဒပေးပါကြောင်း၊ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများ သည် ယခင်က မြန်မာအက္ခရာဖြင့်သာ ရှိခဲ့သဖြင့် ကမ္ဘာ၌ပိုမိုတွင်ကျယ်စေရေး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ် ဟောင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂ မဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ အရှင်သီလာ နန္ဒာဘိဝံသ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးက ကြီးကြပ်ကွပ်ကဲ၍ Romanize Language ဖြင့် ဖလှယ်ပြီး ပုံနှိပ်ထုတ်ဝေ နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ကြောင်း၊အဆိုပါ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင် ကျောက်တော်များ၌ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုး ပူဇော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
အဆိုပါ ကျောက်စာရုံများ တည်ထား နိုင်ရေး ဆောင်ရွက်ရာတွင် ကမ္ဘာ့အကြီး ဆုံး စာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန်တင် ထားသည့် မန္တလေးမြို့ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါ ယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ထားပုံအရလည်း ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဌ်တော်များကို ဗုဒ္ဓ၏ မျက်နှာ တော်ရှေ့တွင် ထားရှိဖူးမြော်နိုင်သော ပုံစံဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ဥယျာဉ်တော်ကြီးအတွင်း ရာသီမရွေး သာယာလှပစေရေးအတွက် သစ်ပင် ပန်းမန်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ပြည်သူအများ“မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား စိတ်လက်ကြည်သာစွာဖြင့် ဖူးမြော်နိုင်ရေးနှင့် အေးချမ်းသာယာမှုရှိစေရေးတို့အတွက် “မာရဝိဇယ” ဗုဒ္ဓဥယျာဉ် တော်ကြီးအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း Powerpoint များ၊ 3D Animation များဖြင့် ရှင်းလင်းပြောကြား ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည်“မာရဝိဇယ”ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ပုံစံအတိုင်း ပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော် အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော်ကြီးပုံစံငယ်များ၊ ပိဋကတ် ကျောက်စာရုံနှင့် ကျောက်စာနမူနာများ၊ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၁ နှင့် ၂ တို့အား နေရာချထားမှုနှင့် ဆင်းတုတော်အပိုင်း ၁ နှင့် ၄ တို့အား CNC Machine များဖြင့် ထုဆစ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်