
ရန်ကုန် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၃၉) ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၅ နာရီမှစတင်၍ ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အရုဏ်ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ် လှူဒါန်းပူဇော်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဂေါပကအဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဩဝါဒါစရိယ ဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်၊၊
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်း ဒေသကြီးဝန်ကြီး၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာ ရေးဝတ်အသင်းအဖွဲ့များသည် (၃၉) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပရန် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး အခမ်းအနား ကျင်းပမည့် မဟာဗောဓိညောင်ပင်နေရာ၌ နေရာ ယူကြသည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်း ဩဝါဒါစရိယဆရာတော်ကြီးများက ပရိဘောဂ စေတီ(မဟာဗောဓိညောင်ပင်)အား ဗုဒ္ဓါဘိသေက မင်္ဂလာအနေကဇာတင်လှူ ပူဇော်ကြသည်၊၊
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိက ဗောဒိရုက္ခ ဥဒကပူဇာမင်္ဂလာကို လျှောက်ထားသည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် မဟာ ဝိသုဒ္ဓါရုံတိုက်သစ် ဦးစီးပဓာနနာယက တိပိဋကဓရ၊ တိပိဋက ဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီရိန္ဒာဘိဝံသထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်၊၊
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီး များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတ ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်ချအမျှပေးဝေကြသည်၊၊
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့ များနှင့် ဘုရားဖူးလာပြည်သူများက ဗောဓိညောင်ပင် အား ညောင်ရေသွန်းလောင်းပူဇော်ကြသည်၊၊
အလားတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော် ဦးစေတီတော်၊ ဆံတော်ရှင်ဆူးလေစေတီတော် ဂေါပကအဖွဲ့များက ကြီးမှူးကျင်းပသည့် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားများကို သက်ဆိုင်ရာ စေတီတော်များ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက မဟာဗောဓိ ညောင်ပင်များ၌ ညောင်ရေသွန်းလောင်းပူဇော် ကြသည်၊၊
ထို့ပြင် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ ရှေးဟောင်း သမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီ တော်တို့၌လည်း သက်ဆိုင်ရာ စေတီတော်ဂေါပက အဖွဲ့များက ကြီးမှူး၍ ညောင်ရေသွန်းလောင်းပူဇော်ပွဲ များ ကျင်းပကြကြောင်း သိရသည်။
သတင်းစဉ်