ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော်အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

 

နေပြည်တော် မေ  ၂၂ 
ကဆုန်လပြည့်နေ့ဖြစ်သည့်   ယနေ့သည်  ဘုရား အလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာ မြတ်ဘုရားခြေတော်ရင်း၌      နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့သော နေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သောနေ့ဖြစ်ခြင်း၊    မြတ်စွာဘုရားရှင်သည်  ဗောဓိဟူသည့်   သဗ္ဗညုတဉာဏ်တော်ကို   ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသော နေ့ဖြစ်ခြင်းနှင့် မြတ်ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဖြစ်ခြင်း တို့ကြောင့်   ဗုဒ္ဓဘာသာဝင်     သူတော်စင်တို့အတွက် အလွန်ပင်ထူးခြားမွန်မြတ်သည့်    နေ့ထူးနေ့မြတ် ဖြစ်သည်။
မဟာဗောဓိပင်ဆိုသည်မှာ    ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသောနေ့တွင်    အတူ တကွဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့်     ဖွားဖက်တော် ခုနစ်ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး  သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့  ရောက်ရှိစေရန်  များစွာအထောက် အကူပြုခဲ့သည့်အတွက်   မဟာဗောဓိပင်သည်  ပရိ ဘောဂစေတီထိုက်သော  စေတီတော်တစ်ဆူလည်း ဖြစ်ပါသည်။ ကဆုန်လသည် မြေဓာတ်တွင် ရေပြတ် လပ်သည့် နွေကာလဖြစ်သည့်အတွက် ဗောဓိပင်တော် များကို   ကဆုန်ညောင်ရေသွန်းလောင်းခြင်းသည် မဟာဗောဓိပင်များ စိမ်းလန်းစိုပြည်၍ အခက်အလက် တို့    ဝေဆာစေခြင်း၊   သက်တမ်းရှည်စေခြင်းနှင့် သက်တော်ထင်ရှားရှိသော ဘုရားရှင်အား ပူဇော်ရာ ရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာ ဝပြောသောနိုင်ငံအဖြစ်  တည်ရှိစေရုံသာမက နိုင်ငံ သူ   နိုင်ငံသားများအားလုံးကိုလည်း   နှလုံးစိတ်ဝမ်း အေးချမ်းစေလျက် တူညီသော အကျိုးတရားများကို ဖြစ်ထွန်းစေမည်ဖြစ်သည်။
ကဆုန်ညောင်ရေ      သွန်းလောင်းခြင်းသည် ညောင်ပင်များကို ညှိုးနွမ်းခြောက်သွေ့ခြင်းမရှိဘဲ ရှင်သန်သကဲ့သို့ ဘုရားရှင်၏ သာသနာတော်သည် ရှင်သန်လျက်ရှိနေမည်သာ    ဖြစ်ပါကြောင်းနှင့် ဗုဒ္ဓမြတ်စွာဘုရားရှင်သည်  ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကိုအမှီပြု၍ သဗ္ဗညုတရွှေဉာဏ်တော် ကို ရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင်အား  ရည်မှန်းအာရုံပြု၍ ကျင်းပ လေ့ရှိသည့် မြန်မာ့ရိုးရာ  ဆယ့်နှစ်လရာသီပွဲတော် များအနက်    “ကဆုန်လပြည့် (ဗုဒ္ဓနေ့)      ကဆုန် ညောင်ရေသွန်းပွဲတော်”   ကို    အစဉ်အလာအရ ကျင်းပသည့်ပွဲတော်အဖြစ်      သတ်မှတ်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
ထိုသို့ ကဆုန်ညောင်ရေ  သွန်းလောင်းပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရားပုထိုးစေတီ များ၌   ထုံးတမ်းစဉ်လာများအတိုင်း    ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ  တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊   တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊   ဝတ်အသင်းအဖွဲ့များ   တက် ရောက်ကြပြီး သတ်မှတ်နေရာများအလိုက်  မဟာ ဗောဓိပင်များကို ညောင်ရေသွန်းလောင်းလှူကြ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။
ထို့ပြင်   ဗုဒ္ဓဘာသာဝင်များအနေဖြင့်   မြတ်စွာ ဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလ ဆောက်တည် ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရား‌တော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဘုရား၊ စေတီ၊  ပုထိုးများ၊   ဘုန်းတော်ကြီးကျောင်း များ၌    ကုသိုလ်ဒါန  သီလပွားများခြင်း    စသည့် သူတော်ကောင်းတရားများကို အားထုတ်ဆောင်ရွက် ကြသည့်အပြင်     တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများ ပြည်သူများ   စိတ်အေးချမ်းသာစွာဖြင့်   စည်ကား သိုက်မြိုက်စွာ     လာရောက်ဖူးမြော်ကြည်ညိုလျက် ရှိကြောင်း သတင်းရရှိသည်။                 သတင်းစဉ်