
နေပြည်တော် မေ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။ (အပေါ်ပုံ)
အခမ်းအနားသို့ စာတမ်းဖတ်ပွဲ သဘာပတိ ဆရာတော်ကြီးများဖြစ်ကြသည့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကေသရနှင့် အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ စာတမ်းရှင်ဆရာတော်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဘာပတိ ဆရာတော် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ဘဒ္ဒန္တ ကုမာရ က အဖွင့်ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။
ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) မှ ပါမောက္ခ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကဝိဓဇ က “ကဆုန်လပြည့်နေ့တွင် ဗျာဒိတ်တော်ခံယူတော် မူခဲ့သည့် မြတ်ဗုဒ္ဓ၏ ထူးခြားဖြစ်စဉ်များနှင့် မဟာ ဗောဓိပူဇာ” စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမောက္ခ/ ဌာနမှူး ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအာစိဏ္ဏက “အလောင်း တော်မြတ်၏ ပါရမီခရီး၊ ဝေဿန္တရာမင်းအဖြစ် မွေးဖွားခြင်း” စာတမ်းတို့ကို ဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင်ဆရာတော် များက ပြန်လည်ဖြေကြားကြသည်။
ယင်းနောက် သဘာပတိဆရာတော် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရက ဩဝါဒ ကထာ မိန့်ကြားချီးမြှင့်တော်မူသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) အဘိဓမ္မပိဋက မဟာဌာန ပါမောက္ခ/ ဌာနမှူး ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ထေရိန္ဒက “သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ် ပွင့်တော် မူခြင်း” စာတမ်းနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ် စာပေဌာန၊ ကထိကဆရာတော် ဘဒ္ဒန္တကေသရ က “ဘုရင်ဗိမ္ဗိသာရနှင့် အနာထပိဏ်သူဌေးတို့၏ ဘဝနှင့် ဓမ္မကို လေ့လာခြင်း” စာတမ်းတို့ကို ဖတ်ကြားကြ ပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများ က စာတမ်းများနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင်ဆရာတော် များက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သဘာပတိ ဆရာတော်ကြီးများနှင့် စာတမ်းရှင် ဆရာတော်များ အား စာတမ်းဖတ်ပွဲအခမ်းအနား ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် သဘာပတိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ် ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီး အခမ်းအနား ကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်