ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ဒါနကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိ

 

ရန်ကုန်   မေ   ၂၂


ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန် လပြည့် (ဗုဒ္ဓနေ့)ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူး  နေ့မြတ်ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ  ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့်  ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ဒါန ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူ များဖြင့် စည်ကားများပြားလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်   ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူး ကျင်းပသည့်  (၄၁) ကြိမ်မြောက်  ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၅ နာရီခွဲမှစတင်၍    ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။ 
ဆက်ကပ်လှူဒါန်း
ဦးစွာ  ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ် ဆွမ်းတော်ကြီး  ဆက်ကပ်လှူဒါန်းပွဲကို  စေတီတော် ရင်ပြင်ရှိ   ဧည့်ခံတန်ဆောင်း၌ကျင်းပရာ   ဂေါပက အဖွဲ့ဝင်များနှင့်  ဘာသာရေးဝတ်အသင်းအဖွဲ့များက ဗုဒ္ဓပူဇာအဖြစ်   ဗုဒ္ဓမြတ်စွာဘုရားရှင်အား   အရုဏ် ဆွမ်းတော်ကြီးနှင့်  ဆွမ်း၊ ပန်း၊  ရေချမ်း၊  သစ်သီး၊ ဆီမီးများ   ဆက်ကပ်လှူဒါန်းပူဇော်ပြီး    စေတီတော် မြတ်ကြီးအား  မြတ်ဘုရားရွှေတိဂုံဂါထာဖြင့်  ရှိခိုး ပူဇော်ခြင်း၊ နဝင်္ဂသီလခံယူဆောက်တည်ခြင်း၊ ဘုရား တရား၊  သံဃာဂုဏ်တော်များ  ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊     ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။ 
ယင်းနောက်  ဂေါပကအဖွဲ့ဝင်များသည် ရွှေတိဂုံ စေတီတော်        ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌  ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့  ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား   အရုဏ်ဆွမ်း  ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက်  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့်    ၎င်းတို့၏ဇနီးများ၊   ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များသည်   (၄၁) ကြိမ် မြောက်     ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ  ကျင်းပရန် စေတီတော်ရင်ပြင်ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များ  တန်ဆောင်းစုရပ်မှ  ရွှေတိဂုံစေတီတော် မြတ်ကြီးအား   လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး အခမ်းအနားကျင်းပမည့် ရောင်တော်ဖွင့်တန်ဆောင်း ၌ နေရာယူကြသည်။
ဆက်လက်၍  ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ က ပရိဘောဂစေတီ  (မဟာဗောဓိညောင်ပင်)  အား ဗုဒ္ဓါဘိသေက  မင်္ဂလာအနေကဇာတင်လှူပူဇော်ကြ သည်။
နဝင်္ဂသီလခံယူဆောက်တည်
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့  ဩဝါဒါစရိယ   နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်    စမ်းချောင်းမြို့နယ်       နေနတ်သား စာသင်တိုက်    ပဓာနနာယက   အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တထံမှ    ဧည့်ပရိသတ်များက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ထို့နောက်    ရွှေတိဂုံစေတီတော်  ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့  အလှည့်ကျသဘာပတိ ဦးလှမြင့် က   ဗောဓိရုက္ခဥဒကပူဇာ   မင်္ဂလာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားသည်။
ရေစက်သွန်းချအမျှပေးဝေ
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊     ရန်ကုန်တိုင်းဒေသကြီး    တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊တာဝန်ရှိ သူများက   ဩဝါဒါစရိယ  ဆရာတော်ကြီးများနှင့် ပင့်သံဃာ့တော်များအား    လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့  ဩဝါဒါစရိယ၊  နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်  ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက်    ပဓာနနာယက     အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ    အဂ္ဂမဟာ    သဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရ  သိရီမဟာဓမ္မဂုရု၊   ဘဒ္ဒန္တနာရဒါ ဘိဝံသ (လှရတနာဆရာတော်)   ထံမှ    အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။
ညောင်ရေသွန်းလောင်းပူဇော်
ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ၊ဂေါပကအဖွဲ့ဝင်များ၊ သီရိလင်္ကာ နိုင်ငံ ကန္ဒီမြို့  ဗုဒ္ဓစွယ်တော်တိုက်မှဧည့်သည်တော် များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက  ဗောဓိညောင်ပင်အား    ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများသည် ဆူးလေစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊  သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့တို့က   ကြီးမှူး ကျင်းပသည့်    ကဆုန်လပြည့်   (ဗုဒ္ဓနေ့)  ညောင်ရေ သွန်းလောင်းပူဇော်ပွဲများသို့     သွားရောက်ကြပြီး စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော် ကြည်ညိုကြ၍     မဟာဗောဓိညောင်ပင်များအား ဘုရားဖူးလာပြည်သူများနှင့်အတူ       ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။ 
အလားတူ  လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊    ရှေးဟောင်းသမိုင်းဝင် အပရာဇိတ       ဆံတော်ရှင်  ကျိုက်ဝိုင်းစေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊    ဝရဒါဌာ  ဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊   မဟာဝိဇယ စေတီတော်၊   သမိုင်း၀င်  မဟာဓမ္မရံသီအိမ်တော်ရာ စေတီတော်၊    ကျိုက္ကဆံစေတီတော်၊    ဆုတောင်း ပြည့်မယ်လမုစေတီတော်၊          ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊     ကိုးထပ်ကြီးဘုရားတို့၌ လည်း သက်ဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့ဝင်များ ကြီးမှူး၍     ညောင်ရေသွန်းလောင်းပူဇော်ပွဲများ ကျင်းပကြရာ ဆရာတော်ကြီးများထံမှ သီလခံယူခြင်း၊ ပရိတ်တရားတော်နှင့် ရေစက်ချတရားများနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ    ကပ်လှူပူဇော်ခြင်းများ ဆောင်ရွက်ကြပြီး  ဘုရားဖူးလာပြည်သူများနှင့်အတူ မဟာဗောဓိပင်များအား  ညောင်ရေသွန်းလောင်းကြ ကြောင်း သိရသည်။
အထူးစည်ကားများပြား
ယနေ့   ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင်  ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုး များ၌   ဘုရားဖူးလာပြည်သူများအား    အလှူရှင် များက    စတုဒိသာများ   ကျွေးမွေးလှူဒါန်းကြရာ အထူးစည်ကားများပြားလျက်ရှိကြောင်း    သတင်း ရရှိသည်။
သတင်း-ဓာတ်ပုံ   ဇော်မင်းလတ် (MNA)