
မန္တလေး မေ ၁၄
ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် ထေရဝါဒဗုဒ္ဓဘာသာဝင် များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သည် နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ ကုသိုလ်ရှင်များက ဆရာ တော် သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း စသည့် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက် ရှိသည်။
ယနေ့ နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင်တော် မြတ်အား ရေတော်ဆရာတော် အမှူးပြု၍ ဘုရားကြီး မျက်နှာသစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ဂေါပကအဖွဲ့ဝင်များ၊ ဓမ္မစကြာဝတ်အသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများက ရွှေသင်္ကန်းကပ်လှူပူဇော် ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်ခြင်း၊ ခုနစ်နေ့ နံဘုရားများတွင် ရေသပ္ပာယ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြခြင်းများအပြင် မဟာမုနိပရိဝုဏ် အတွင်း အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်အား ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်သူများဖြင့် စည်ကား လျက်ရှိသည်။
ထို့ပြင် မန္တလေးမြို့တွင်းရှိ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ ချမ်းသာကြီးဘုရား၊ ချမ်းသာရ ဘုရားကျောက်တော်ကြီး၊ ကုသိုလ်တော်၊ သကျသီဟ ဘုရား၊ ကျောက်စိမ်းစေတီတော်နှင့် အောင်တော်မူမြတ်စွာဘုရားတို့တွင်လည်း ဘုရားဖူးလာသူများ၊ ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကား လျက်ရှိပြီး အလှူရှင်များက စတုဒိသာ ကြာဆံဟင်း၊ ရေသန့်၊ အချိုရည်များ လှူဒါန်းတိုက်ကျွေးကြသည်။
အလားတူ မဟာအောင်မြေမြို့နယ် ဗောဓိကုန်း ရပ်တွင် တည်ရှိသော မင်းတုန်းမင်းတရားကြီး စိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်နှင့် မန္တလေး တောင်ခြေရှိ မဟာဗောဓိညောင်ပင်တို့တွင် လည်း ညောင်ရေသွန်းလောင်းပူဇော်ကြသူများ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည့် အပြင် မြို့နယ်ရပ်ကွက်များရှိ ဘုရားများတွင် စိုက်ပျိုးထားရှိသည့် ဗောဓိညောင်ပင်များ၌လည်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကာ ကုသိုလ် ကောင်းမှု ပြုလုပ်သူများဖြင့် မန္တလေးမြို့အနှံ့ အထူး စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်