ကဆုန်လပြည့် ဗုဒ္ဓနေ့၀ယ် အမုန်းကိုပယ် မေတ္တာကြွယ်၍ အောင်နိုင်သူများ ဖြစ်ပါစေ

Type
99

 

ဒေါက်တာမြတ်မိုး 
 

ထူးမြတ်မှုများစွာနှင့်အတူ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ဗုဒ္ဓဘာသာဝင်များအတွက် အမွှန်းတင်ဂုဏ်ယူရမည့်နေ့တစ်နေ့အဖြစ် ကုသိုလ်ယူ ပူဇော်ဂုဏ်ပြုလိုက်ကြပါစို့။ ကုသိုလ်ထူးများဖြင့် အရာရာပြီးမြောက်အောင်မြင်ကြပါစေ။

 

 
မြတ်စွာဘုရားသည်    အင်အားကြီးမားသော မာရ်နတ်ရန်ကို   အောင်မြင်တော်မူခဲ့ပြီး ဘုရားဖြစ် တော်မူခဲ့ခြင်းဖြစ်၍ အောင်မြင်ခြင်းများဖြင့် ပြည့်စုံ တော်မူပါပေသည်။ ဘုရားအလောင်းဘ၀က ဖြည့် ကျင့်ခဲ့သော ပါရမီကုသိုလ်တော်တို့ကြောင့်  ရဟန်း ဂေါတမ တစ်ပါးတည်းပင် ကျန်ရစ်နေဦးတော့ ရန်သူ မာရ်နတ်စစ်သည်တို့ကို အောင်မြင်တော်မူခဲ့သည်။ 

 


အရှင်ဂေါတမဘုရားအဖြစ်သို့  မရောက်အောင် ဘုရားအလောင်းတော် တရားကျင့်ကြံနေစဉ်အတွင်း အင်အားကြီးမားစွာဖြင့် အမျိုးမျိုးအနှောင့်အယှက် ပေးသော   မာရ်နတ်တို့ကား  အောင်မြင်ခြင်းမရှိဘဲ နောက်ဆုံးပြန်လည် ဆုတ်ခွာခဲ့ရတော့သည်။ ဓမ္မက အဓမ္မကို အောင်နိုင်ခြင်းပြယုဂ်ဖြစ်သည်။ မာရ်နတ် တို့ကို အောင်မြင်ခြင်းသည် ဘုရားရှင်၏ အောင်မြင် ခြင်းရှစ်ပါးအနက်    ပထမဆုံးသော   မေတ္တာဖြင့် အောင်မြင်မှုကြီးတစ်ခု    ဖြစ်သည်။   ထို့နောက်မှ  သစ္စကပရိဗိုဇ်၊ နန္ဒောပနန္ဒနဂါးမင်းစသည့်  အတွင်း ရန်   အပြင်ရန်တို့ကို   အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤသို့ထူးခြားသော ဗုဒ္ဓနေ့တစ်နေ့တွင် ကုသိုလ်ထူးများ အထူးရယူ၍ ကျွန်တော်တို့ ပြည်သူ ပြည်သားအားလုံး အောင်မြင်မှုများဖြင့် အရာရာပြီး မြောက်ကြစေရန် မျှော်လင့်မိပါသည်။

 

 
ဓမ္မအသိဖြင့် အောင်နိမိတ်ယူကာ ငြိမ်းချမ်းခြင်းသို့သာ  


မည်သို့သော  အောင်မြင်မှုပါနည်း၊    တည်ငြိမ် အေးချမ်းမှုကို   ဦးတည်သည့်    အောင်မြင်မှုမျိုးဖြစ် သည်။  ဗုဒ္ဓနေ့ကို  အာရုံယူကာ  အောင်အတိတ်၊ အောင်နိမိတ်ယူ၍  မတည်ငြိမ်မှုမှ  တည်ငြိမ်မှုသို့၊ မငြိမ်းချမ်းမှုမှ  ငြိမ်းချမ်းမှုသို့   ရှေးရှုချင်ပါသည်။ မငြိမ်းချမ်းမှု၏ တရားခံ လောဘ၊ ဒေါသ၊ မောဟ တို့ကို အလောဘ၊ အဒေါသ၊  အမောဟတို့ဖြင့် အနိုင် ယူရပါမည်။ မေတ္တာ၊  ကရုဏာ၊  မုဒိတာ၊  ဥပေက္ခာ ဗြဟ္မာစိုရ်တရားများဖြင့် ကိလေသာအညစ်အကြေး များကို   ဖယ်ရှားအနိုင်ယူနိုင်ရပါမည်။    အမုန်း၊ အာဃာတ၊  အငြင်းအခုံ ပဋိပက္ခများ   ရန်လိုတိုက်ခိုက် မှုများကို ကောင်းမြတ်သောတရားများဖြင့် ဖယ်ရှား နိုင်ရပါမည်။ အမှန်ကို မသိ၊  အမှားကိုတော့ သိနေ သည့်     မောဟဆိုသော   အဝိဇ္ဇာဖုံးလွှမ်းနေသမျှ အမောဟဆိုသော   ပညာနှင့်ဝေးနေမည်သာဖြစ်၍ ပညာဦးတည်သော   ဓမ္မတရားများကို   အားထည့် နာကြားနာယူကြရန် များစွာလိုအပ်နေပါသေးသည်။ 
အယူစွဲ၊  ဝါဒစွဲ၊  ပုဂ္ဂိုလ်စွဲ  အစွဲကြီးမှု အမျိုးမျိုး ကြားတွင် ဘာသာတရား   အဆုံးအမများကား လျစ်လျူရှုခံနေရသကဲ့သို့ ခံစားမိသူတွေ ရှိနေသည် ကို အသိအမှတ်ပြုရပါမည်။ ဘာဆိုဘာမျှမမြဲ၊ ဘာ တစ်ခုမှအစိုးမရ၊ ကိုယ်ပိုင်တာဘာမှမရှိ၊ အားလုံးဟာ ဆင်းရဲမှုချည်းသာဆိုသော တရားသဘောကို သိ ထားလျှင်    ခံနိုင်ရည်ရှိပြီး     အစွဲလည်းလျှော့ မှ ကိလေသာလည်း အလိုလိုလျော့ပါးလာမည်သာ။ 

 

နောက်ဆုံးတွင် လူသားတို့၏ အပူမီး၊ သောကမီး တို့ကို  ငြှိမ်းသတ်ပေးနိုင်သည်မှာလည်း  ဗုဒ္ဓ၏ ဓမ္မ တရားများသာဖြစ်သည်။ အနာဂတ်ဆိုတာ မသေချာ၊ ပစ္စုပ္ပန်မျက်မှောက်သာ အသေချာဆုံးကာလဖြစ်၍  ယခုလို   ဗုဒ္ဓဘာသာ   အခါကြီးရက်ကြီးမျိုးတွင် လောကီအမှုများကြား   မအားလပ်သည့်ကြားမှ ကုသိုလ်အမှုများကို မမေ့မလျော့ပြုလုပ်၍ ငြိမ်းအေး သော   ဓမ္မတရားတော်များကို   အချိန်ပေးနာယူ၊ ကျင့်ကြံအားထုတ် အဖော်ပြုသွားကြစေလိုပါသည်။ 

 


ပျော်ပျော်ကြီးပြုနေကြဆဲ ဒုစရိုက်များဖြင့်ဖရိုဖရဲ 


အကုသိုလ်ရှောင်၍   ကုသိုလ်ဆောင်နိုင်ခြင်း သည်ပင်  လောကီရေးရာအောင်မြင်မှု  တစ်ခုဖြစ် ပါသည်။ ပညာပါရမီရင့်သန်လျှင်   လောကုတ္တရာ ကုသိုလ်များအထိ       တက်လှမ်းနိုင်ပါသည်။ အကုသိုလ်က  အပယ်သို့လားသည်၊  ကုသိုလ်က သုဂတိသို့ ရှေးရှုသည်မှာ အားလုံးအသိဖြစ်၍ မည်သူ မှ အပယ်သို့လားချင်ကြမည်မဟုတ်ပါ။  အတိတ် ဘဝက ကုသိုလ်ကောင်းမှုတွေပြုခဲ့၍ ယခုဘဝ လူ့ဘဝ ရောက်ခဲ့ကြပြီပဲ။ သို့သော် ကာယကံ ၊ ဝစီကံ၊  မနော ကံ အကုသိုလ်ကံတွေကို သိ၍ဖြစ်စေ၊  မသိ၍ဖြစ်စေ မြောက်မြားစွာပြုမိနေကြဆဲဖြစ်သည်၊၊ 

 


ကုသိုလ်ထက်     အကုသိုလ်က    ပိုများနေပြီး သုစရိုက်ကျတော့   လုပ်ရကောင်းမှန်း   မသိဘဲ  ဒုစရိုက်အမှုများဖြင့်သာ  ဖရိုဖရဲ    အပယ်ငရဲသို့ ပျော်ပျော်ကြီး ရိက္ခာယူနေကြသည်ကို တွေ့မြင် ကြားသိနေရသည်။ ထို့ကြောင့်လည်း မရထိုက်သည် ကို ရနေကြရပြီး ရထိုက်သည်ကိုတော့ မရဘဲ ဖြစ် နေကြခြင်းဖြစ်သည်။ ယနေ့သတ္တဝါတို့၏ သဏ္ဌာန် တွင် လောဘ၊   ဒေါသ၊   မောဟတို့  အားအလွန်ကြီး လာသည်ဖြစ်၍ ကိုယ်လုပ်သည့် အကုသိုလ်ကံ ကိုယ် ပြန်ခံရမည်သာဖြစ်သည်။ ကိုယ်စိုက်သည့်  အပင် ကိုယ်ပဲ ပြန်ရိတ်သိမ်းရမည်ဖြစ်သည်။ 

 


ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန်ဗုဒ္ဓနေ့ 


မြန်မာပြည်သူပြည်သား ဗုဒ္ဓဘာသာဝင် လူအများ တို့အနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့အခါသမယကို အထူးအလေးထား အာရုံပြု ပူဇော်စေလိုပါသည်။ ဗုဒ္ဓ      နေ့ထူးနေ့မြတ်များအနက်    တစ်ခုအပါအဝင် ဖြစ်နေ၍ဖြစ်သည်။ ဤနေ့တွင် ဘုရားအလောင်း တော်  သုမေဓာရသေ့သည်  ဘုရားစင်စစ်ဧကန် ဖြစ်လိမ့်မည်ဟူ၍ ဒီပင်္ကရာမြတ်စွာဘုရားထံတွင် နိယတ ဗျာဒိတ်တော်ခံယူခဲ့ပြီး ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၆၀၀ ( ဘီစီ-၆၂၃)၊ မဟာသက္ကရာဇ် - ၆၈ ခုနှစ်   ဤနေ့ကဆုန်လပြည့်   သောကြာနေ့တွင် ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားကို  ဖွားမြင်တော်မူခဲ့ပါသည်။ မဟာသက္ကရာဇ်-၁၀၃ ခုနှစ်  ( ဘီစီ-၅၈၈) တွင်   ဂေါတမဘုရားအလောင်းတော် သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူ၍ ကဆုန် လပြည့်ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်တွင်  ဘုရားဖြစ် တော်မူခဲ့သည်။ 

 


ဘုရားပွင့်ပြီး နောက်တစ်နှစ်တွင် ဗုဒ္ဓဝင်အကျဉ်း ဟောတော်မူခဲ့သည်မှာလည်း ဤကဆုန်လပြည့်နေ့ တွင်ဖြစ်သည်။ ဘုရားရှင်ပရိနိဗ္ဗာန် စံဝင်တော်မူသည် မှာလည်း  မဟာသက္ကရာဇ်- ၁၄၈ ခုနှစ်  (ဘီစီ ၅၄၃)  ကဆုန်လပြည့်အင်္ဂါနေ့  ဤနေ့တွင်ပင်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်  ဤသို့ ထူးခြားချက်အပေါင်းနှင့် ပြည့်စုံနေ၍လည်း  ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဤကဆုန်လပြည့်နေ့ကို ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေး တန်မှတ်ရန် ဗုဒ္ဓနေ့၊ ဘုရားရှင်နေ့ နေ့ထူးနေ့မြတ် အဖြစ်   လေးလေးစားစား  ပူဇော်သတ်မှတ်ထား ကြခြင်းဖြစ်သည်။ 

 


ဂုဏ်ယူဖွယ်ရာနေ့ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာနေ့ 


    ဤမျှထူးခြားမြင့်မြတ်လှသော    ကဆုန် လပြည့်ဗုဒ္ဓနေ့ကို ၁၉၉၉ ခုနှစ်ကစ၍ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ နိုင်ငံတကာ ရုံးပိတ်ရက်တစ်ရက် အဖြစ် သတ်မှတ်ခံရသည်မှာ ဗုဒ္ဓဘာသာဝင်အပေါင်း အတွက်   များစွာဂုဏ်ယူစရာလည်း   ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်   သက်တမ်းအရှည်ကြာဆုံးသော ကျွန်တော်တို့၏   ဘာသာတရားသည် လူသားတို့ အပေါ် ကာယ၊ စိတ္တ နှစ်ဖြာသောသုခကို ပေးစွမ်းနေ ပြီး   ကမ္ဘာ့ငြိမ်းချမ်းသာယာမှုအပေါ်   ကောင်းကျိုး သက်ရောက်မှုများရှိနေခြင်းကြောင့် ယခုလို အသိ အမှတ်ပြုခံရခြင်းလည်း ဖြစ်သည်။ 

 


မြန်မာတို့အတွက်တော့   မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်သည်   ဗုဒ္ဓတရားတော်များမှလာ သည်ဟု မှတ်ယူထားပါသည်။ သို့ဖြစ်၍ ထိုသို့မှတ်ယူ ထားမှုနှင့် ကမ္ဘာက  ဤသို့  လေးလေးစားစား အသိ အမှတ်ပြုမှုကို  နိုင်ငံအတွင်းရှိ ပြည်သူအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းတို့က မေတ္တာ၊  ကရုဏာ စသည့် ကောင်းမြတ်သော ဗြဟ္မဝိဟာရတရားများ ဖြင့် မိသားစုပမာ အပြန်အလှန်လေးစား ကိုယ်ချင်း စာတရားထား၍   ငြိမ်းချမ်းသော  နိုင်ငံတစ်ခုဖြစ် အောင် ညီညီညွတ်ညွတ် တည်ဆောက်ကြခြင်းဖြင့် တုံ့ပြန်သင့်ကြပေသည်။ 

 


ညောင်ရေသွန်းလောင်းဆောင်စေကြောင်း အေးချမ်းနိမိတ်ကောင်း 


ဗုဒ္ဓဘာသာဝင်    မြန်မာလူမျိုးတို့အနေဖြင့် ကဆုန်လပြည့်နေ့တွင်  မြတ်စွာဘုရား  အမှီပြုရာ ဖြစ်သော  သဗ္ဗညုတဉာဏ်တော်   ရရှိခဲ့ရာနေရာ၊ ဘုရားပွင့်ရာဖြစ်သော ပရိဘောဂစေတီဖြစ်တော်မူ ရာ ဗောဓိညောင်ပင်ကို ရည်မှန်း၍ ဗောဓိညောင်ပင် ခြေရင်းတွင် ရေသွန်းလောင်းကာ ကုသိုလ်ယူပူဇော် ကြဦးမည်ဖြစ်သည်။ ဘုရားရှင်လက်ထက်ကတည်း က မြတ်နိုးဖွယ်ရာ  မြန်မာ့ရိုးရာအစဉ်အလာ  ဗုဒ္ဓ ယဉ်ကျေးမှု ဤဓလေ့သည် ယနေ့ထက်တိုင် ရှင်သန် ထမြောက်ဆဲဖြစ်ပါသည်။ 

 


ယခုလိုနွေရာသီကာလတွင် ရေတွင်း၊ ရေကန်၊ ချောင်းမြောင်းများ ပူပြင်းခြောက်သွေ့ပြီး သစ်ပင် များရေရှားပြတ်လပ် ညှိုးရော်ရသကဲ့သို့ ဘုရားပွင့်ရာ ဗောဓိညောင်ပင်လည်း နွမ်းလျမှုမရှိ အစဉ်လန်းဆန်း နေစေရန်အတွက် နှစ်စဉ်ကဆုန်လပြည့်နေ့ရောက် တိုင်း အစဉ်အလာမပျက် ညောင်ရေသွန်းလောင်း ကုသိုလ်ယူကြသည်မှာ အေးချမ်းသာယာမှု နိမိတ်ကို ဆောင်ပါသည်။ 

 


ဗောဓိပင်သည်   လေးပါးသော  သစ္စာတရားတို့ ကိန်းဝပ်ရာ   ဌာနေဖြစ်သောကြောင့်လည်း အရာ အားလုံးသည် ဆင်းရဲခြင်းသဘောတည်း၊ ဆင်းရဲ ခြင်းအကြောင်းသည် သမုဒယဖြစ်၍  ဆင်းရဲချုပ်ရာ နိရောဓဖြစ်ဖို့ရာ ချုပ်ငြိမ်းခြင်းကျင့်စဉ် မဂ္ဂအကျင့်ကို မှန်မှန်ကန်ကန်ကျင့်ကြဖို့ လမ်းညွှန်သဘောလည်း ပေးနေသည်ကို   သံဝေဂယူ  ဆင်ခြင်သင့်ပါသည်။ ထိုမှတစ်ဖန်   ဖြစ်ပြီးလျှင်  ပျက်ရသည့်သဘောနှင့် အဖန်ဖန် ဖြစ်ပျက်ဆင်းရဲသည့်သဘောများကို သတိ ကပ်၍    ကျင့်ကြံကြပါက ဓမ္မသံဝေဂတရားများ အမှန်ရကြမည်ဟု ယုံကြည်ပါသည်။   

 


အမုန်းတရား အမုန်းမထား၊ ပွားပါမေတ္တာတရား 


ဤသို့   ဝိသေသထူးများနှင့်   ပြည့်စုံနေသော ကဆုန်လပြည့်ဗုဒ္ဓနေ့ဝယ် ဗုဒ္ဓ၏  အနှစ်သာရများကို ရင်ထဲနှလုံးသားထဲ  စွဲမြဲမြံ၍  အသိကို  သတိဖြင့် လိုက်နာဆောင်ရွက်ကြပါက     လောကီနယ်ဝယ် အကျိုးထူးများရနိုင်ပါသည်။ နှစ်တစ်ခု၏ ဦးဆုံးလ ဖြစ်၍ လောကီအမှုကိစ္စများကို  အမြတ်တနိုးပြုလုပ် လေ့ရှိကြသည်မှာလည်း လောကဓမ္မတာတစ်ခုပင်။ သို့သော်ဘာပဲလုပ်လုပ်    ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အောင်မြင်ပြီးမြောက်သွားဖို့သာ      လိုပါသည်။ ဘေးကင်းရန်ကင်းဖြင့် ချမ်းသာသုခဖြစ်ဖို့သာ လိုပါ သည်။ 

 


အရာအားလုံး ပြည့်စုံပြီးမြောက်ဖို့ရန်မှာ ကုသိုလ်စိတ်ပွားများ မှသာ    ဖြစ်မြောက်နိုင်ပါမည်။    အကုသိုလ်စိတ်များနေရာတွင်     ကုသိုလ်စိတ်များ အစားထိုးနိုင်မှသာ အောင်မြင်နိုင်မည်ဟု ယုံကြည် ပါသည်။  ကိလေသာဖြင့်  အိပ်မောကျနေသူ ကို နိုးထရခက်သည်ဖြစ်၍ ဓမ္မဖြင့်အကောင်းဆုံးလှုံ့ဆော်နိုင်မှသာ  အဓမ္မများပျောက်ကွယ်သွား မည် ဖြစ်ပါသည်။ 

 


ယခုလို    ကြီးမြတ်တော်မူသော   ဘုရားရှင်အောင်တော်မူရာ အခါသမယကို အခွင့်ကောင်းယူ ၍ ပညာအားကောင်းရန်အတွက် ဉာဏ်မမီလျှင်    ဉာဏ်ချင်းဆက်ကြရပါမည်။    ပညာဉာဏ်အား နည်းလျှင်    သို့လောသို့လောနှင့်     ဝီစိကိစ္ဆာဝင်နေတတ်သည်မို့ ဉာဏ်အားနည်းလျှင် အားကောင်းအောင် နာယူသင်အံ လေ့ကျင့် သင့်ကြရပါမည်။ သင်နေရုံမျှဖြင့်လည်းမပြီး သိထားသမျှကို လေ့ကျင့် ကျင့်ကြံနေရပေမည်။    ပညာနှင့် ကျင့်ကြံမှုသည်    အပြန်အလှန်  ဆက်စပ်နေသည်။ ပညာနည်းလျှင် အကျင့်သီလ ဆောက်တည်ရာ တွင်လည်း  အခက်အခဲရှိတတ်သည်။ ထို့ကြောင့်  ဘာသာတရားတို့ ၏ အခြေခံတန်ဖိုးနှင့် သီလ၊ အားထုတ်မှု ဘာဝနာတို့ကို အခြေခံ၍ မတူကွဲပြားမှုများအတွင်း   ညီညွတ်စွာ  တူယှဉ်တွဲနေထိုင်ခြင်းဖြင့် ပြည်သူပြည်သားအားလုံးအတွက်    ခွန်အားတစ်ရပ်ဖြစ်အောင်   ကြိုးပမ်းကြရပါမည်။ ကျွန်တော်တို့အားလုံးအနေဖြင့်မူ ဘုရားရှင်၏ ဓမ္မအမွေကိုသာ ကောင်းစွာခံယူလျက် 
“အမုန်းတရား  အမုန်းမထားဘဲ အမုန်းကို စွန့်ပယ်၍  မေတ္တာ တရားထား၍သာ  အောင်နိုင်အောင်  ကြိုးစားအားထုတ်ကြရပါ လိမ့်မည်”