ကဆုန်လပြည့် ဗုဒ္ဓနေ့

 

ကဆုန်လပြည့်နေ့သည်   ဗုဒ္ဓမြတ်စွာဘုရား၏   ဖြစ်တော်စဉ် တွင် ထူးခြားစွာပါဝင်နေသော နေ့တစ်နေ့ဖြစ်သည်။ ဘုရား လောင်းတော် သုမေဓာရသေ့သည် ဘဒ္ဒကမ္ဘာတွင် လေးဆူ မြောက်  ဂေါတမဘုရားစင်စစ်ဖြစ်မည်ဟု   ဒီပင်္ကရာမြတ်စွာ ဘုရားထံ နိယတဗျာဒိတ်ခံယူသည့်နေ့သည် ကဆုန်လပြည့်နေ့ ဖြစ်ပြီး ဂေါတမဘုရားလောင်းတော် သိဒ္ဓတ္ထမင်းသားလေးကို ဖွားမြင်သောနေ့သည် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် နေ့၊   ဂေါတမဘုရားလောင်းတော်    ဗောဓိပင်အောက်တွင် ဘုရားဖြစ်တော်မူသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၊ ဂေါတမဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့ သည် မဟာသက္ကရာဇ်  ၁၄၈ ခု၊  ကဆုန်လပြည့်နေ့ဖြစ်ရာ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူ၍ မှတ်သား ကြသည်။

 

ကဆုန်လသည် လတကာတို့ထက် အလေးအနက် ပြုဖွယ်ဖြစ်ပြီး ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် ဗောဓိပင် ညောင်ရေသွန်းပွဲနှင့်အတူ ယှဉ်တွဲကာ ဗုဒ္ဓဘာသာနိုင်ငံတို့တွင် တခမ်းတနား ကျင်းပလျက်ရှိကြသည်။

 


ကဆုန်လသည်  သက္ကတ၊  ပါဠိ၊  ဟိန္ဒီဘာသာတို့တွင် “ဝိသာခါ”   Vesaka  ဖြစ်၍   ဝိသာခါနက္ခတ်နှင့်ယှဉ်သောလ ဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် အသံထွက်တွင် Vesak ဟူ၍ ဖြစ်ရာ  ယင်းအသံထွက်ကိုလိုက်၍  ကဆုန်လပြည့်နေ့ကို Vesak Day ဟု အနောက်နိုင်ငံသားတို့က ခေါ်ဆိုကြသည်။ ၁၉၉၉ ခုနှစ် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးဆုံးဖြတ်ချက်အရ  ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ကဆုန်လပြည့် နေ့ ညောင်ရေသွန်းပွဲတော်သည် ၁၂ လရာသီပွဲတော်များအနက် မှ ရာသီပွဲတစ်ခုပင်ဖြစ်ပြီး ကျောက်စာအထောက်အထားများ အရ   ပုဂံခေတ်တွင်ပင်   ကျင်းပနေပြီဖြစ်သည်။   ရှေးခေတ် ညောင်ရေသွန်းပွဲတော်များတွင်     ဘုရင်နှင့်တကွ    မင်းညီ မင်းသား၊ မှူးမတ်များအပါအဝင် ရွှေမြို့တော်ကြီးအတွင်း အပြင်   အများပြည်သူတို့   နှစ်စဉ်ကျင်းပမြဲဖြစ်၍   ခမ်းနား ကြီးကျယ်လှသည်ကိုလည်း   စာပေအထောက်အထားများ တွင် တွေ့ရှိနိုင်သည်။

 


မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့တွင် ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း “ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များ ကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့အထိမ်းအမှတ်  စာတမ်းဖတ်ပွဲကျင်းပခြင်း၊  ကဆုန်ညောင်ရေသွန်းလောင်းပွဲအခမ်းအနားကျင်းပခြင်း၊ ဆီမီးတိုင် များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင်ဆင်ယင် ကျင်းပခြင်း    စသည့်    ဗုဒ္ဓနေ့ဆိုင်ရာ    အခမ်းအနားများကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံပိုင်မီဒီယာများမှ     တိုက်ရိုက်ထုတ်လွှင့်ပြသမှုများကို နိုင်ငံတစ်ဝန်းမှ  ကြည့်ရှုကြည်ညို  ဝမ်းမြောက်အနုမောဒနာ ခေါ်ဆိုနိုင်ကြမည်ဖြစ်သည်။

 


မျက်မှောက်လူသားကမ္ဘာတွင် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေ ရသည့် အားကြီးသူက အားနည်းသူအပေါ် အနိုင်အထက် ပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ညှဉ်းပန်းခြင်း၊ မနာလိုမုန်းတီးခြင်း၊ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့်မျက်မြင်ဒိဋ္ဌ ပြင်ပမီးတို့ တညီးညီးတောက်လောင်နေရခြင်း၏ အရင်းခံမှာ လောဘ၊ ဒေါသ၊ မောဟ  ဟူသော   အတွင်းမီးတို့ကြောင့်  ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသန္တာန်တွင်      တောက်လောင်နေသည့် မီးသုံးပါးကို ငြှိမ်းသတ်နိုင်မှ  ပြင်ပမီးတို့  ငြိမ်းနိုင်မည်ဖြစ်ပြီး  ဗုဒ္ဓ၏ တရားတော်တို့ကသာလျှင် အတွင်းမီးတို့ကို ငြှိမ်းသတ် နိုင်မည့်  ရေဖြစ်သည်။  ဗုဒ္ဓဘုရားရှင်  ပွင့်ထွန်းပေါ်ပေါက်ခဲ့ခြင်း သည်  လောကကောင်းကျိုး၊ လူသားတို့၏   ကောင်းကျိုးအတွက် ဖြစ်သည့်အလျောက် ဗုဒ္ဓဝစန ဘုရားရှင်၏  အဆုံးအမတို့ကို လိုက်နာ ကျင့်ကြံခြင်းအားဖြင့်      လူတစ်ဦးတစ်ယောက်ချင်းစီနှင့် တကွ     လူသားကမ္ဘာတစ်ခုလုံး      ငြိမ်းချမ်းသာယာနိုင်ပါစေ ကြောင်း။         ။