
ဆောင်းပါး
======
ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော အရေပြားအကျိတ်နာရောဂါအကြောင်း သိကောင်းစရာများ
=========================================================
ဒေါက်တာခင်မောင်လတ် (မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)
======================================
ကျွဲ၊ နွားများတွင်ဖြစ်ပွားတတ်သော အရေပြားအကျိတ် နာရောဂါသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသောရောဂါ တစ်ခုဖြစ်ပြီး စားမြုံ့ပြန်တိရစ္ဆာန်များတွင် အဓိကဖြစ်ပွား ကြောင်းတွေ့ရပါသည်။ စီးပွားရေးရှုထောင့်မှကြည့်မည် ဆိုပါက ရောဂါဖြစ်ပွားသော တိရစ္ဆာန်များတွင် သေဆုံး နှုန်းနည်းပါးသော်လည်း ကူးစက်ခံရသောတိရစ္ဆာန်သည် ပိန်ချုံးခြင်း၊ နို့ထွက်နှုန်းကျခြင်း၊ သားလျှောခြင်း၊ မျိုးမ အောင်ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းဖြစ်သော သားရေများ အရည်အသွေးမကောင်းခြင်း စသည်တို့ကို တွေ့ရှိရပါ သည်။
ရောဂါကိုဖြစ်ပွားစေသော ဗိုင်းရပ်စ်သည် မွှား၊ ခြင်၊ ယင် စသည်တို့မှတစ်ဆင့် အဓိကကူးစက်နိုင်ကြောင်း တွေ့ရပါသည်။ ၁၉၂၉ ခုနှစ်တွင် ဇမ်ဘီယာနိုင်ငံ၌ စတင် ဖြစ်ပွားခဲ့ပါသည်။ ၁၉၄၉ ခုနှစ်တွင် တောင်အာဖရိက နိုင်ငံ၌ ဖြစ်ပွားခဲ့ပြီး ကျွဲ၊ နွားကောင်ရေရှစ်သန်းခန့် ရောဂါကူးစက်ခံရကာ စီးပွားရေးအရ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၉၀ ခန့်က အာဖရိကဒေသရှိ နိုင်ငံများတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါတွင် ရုရှား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ တူရကီ၊ ဥရောပတောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ နိုင်ငံများသို့ ပျံ့နှံ့နေပြီဖြစ်ပါသည်။
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ချုပ် (OIE) ၏ သတင်းထုတ်ပြန်ချက်အရ လတ်တလောရောဂါဖြစ်ပွားမှု များအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ လည်းကောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် နီပေါနိုင်ငံ၌လည်းကောင်း၊ သြဂုတ်လ ၆ ရက်နေ့တွင် တရုတ်(တိုင်ပေ)၌ လည်းကောင်း၊ သြဂုတ်လ ၇ ရက်နေ့တွင် ရုရှားနိုင်ငံ၌လည်းကောင်း ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌လည်း ကျွဲ၊ နွားတွင် ဖြစ်ပွားတတ်သော အရေပြားအကျိတ်နာရောဂါအား (က) စာရင်းဝင် ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဇူလိုင်လ ၃၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၁၈/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။
ရောဂါကူးစက်ခံရနိုင်သော တိရစ္ဆာန်မျိုးစိတ်များ အနေဖြင့် နွားများတွင် အဓိကဖြစ်ပွားသော်လည်း ကျွဲ၊ သိုး၊ ဆိတ်၊ သစ်ကုလားအုတ် စသောအခြားတိရစ္ဆာန်မျိုး စိတ်များတွင်လည်း ဖြစ်ပွားနိုင်ကြောင်းတွေ့ရှိရပါသည်။ ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ထားသော မွှား၊ ခြင်၊ ယင် စသည်များ အကိုက်ခံရခြင်းမှ အဓိကကူးစက်ပါသည်။ ရောဂါကူးစက်ခြင်းခံရသော တိရစ္ဆာန်နှင့် ထိတွေ့ခြင်း၊ အစာခွက်၊ ရေခွက်တို့တွင် အတူတကွစားသောက်ခြင်း၊ ရောဂါကူးစက်ခံရသော တိရစ္ဆာန်၏နှာရည်၊ တံတွေး၊ နို့၊ သုက်ရည်များမှတစ်ဆင့်လည်း ကူးစက်မှုဖြစ်ပွားနိုင်ပါ သည်။ ရောဂါကူးစက်ခံရသော တိရစ္ဆာန်၏ သုက်ရည်ထဲတွင် ဗိုင်းရပ်စ်ပိုးသည် ငါးလကြာခန့် အသက်ရှင်သန်နိုင်ကြောင်း၊ ရောဂါကူးစက်ခြင်း ခံထားရသော ကိုယ်ဝန်ဆောင်နွားမများ တွင် မိခင်မှတစ်ဆင့် သန္ဓေသားသို့ ကူးစက်နိုင်ခြင်းနှင့် ရောဂါကူးစက်ခံရသော တိရစ္ဆာန်၏နို့ထဲတွင် ဗိုင်းရပ်စ်ပိုးပါဝင်နိုင်ကြောင်း သုတေသနစာတမ်းများအရ သိရှိရပါ သည်။ ဗိုင်းရပ်စ်ပိုးသည် သဘာဝပတ်ဝန်းကျင်တွင် ၃၆ ရက်ခန့်၊ ပူပြင်းသောဒေသတွင် ၁၈ ရက်ခန့်၊ အပူချိန် ၄ ဒီဂရီစင်တီဂရိတ်တွင် ခြောက်လခန့် အသက်ရှင်သန် နိုင်ကြောင်း သိရှိရပါသည်။
ရောဂါပိုးစတင်ဝင်ရောက်သည့်အချိန်မှစ၍ ရောဂါ လက္ခဏာများပေါ်သည်အထိ ပိုးပျိုးချိန်သည် တစ်ပတ်မှ လေးပတ်အထိ ကြာမြင့်နိုင်ပါသည်။ ရောဂါလက္ခဏာများ အနေဖြင့် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ပြန်ရည်ကြော ဖု ရောင်ရမ်းခြင်း၊ အရေပြား၊ ဦးခေါင်းပိုင်း၊ လည်ပင်းပိုင်း၊ နို့အုံနှင့် မျိုးပွားအင်္ဂါများပေါ်တွင် အဖု၊ အပိမ့်များဖြစ်ပေါ် ခြင်း စသည်တို့ကို တွေ့ရှိရပါသည်။ အဆိုပါ အဖု၊ အပိမ့်များ ပေါ်တွင် နောက်ဆက်တွဲအနေဖြင့် ဗက်တီးရီးယားပိုးများ ဝင်ရောက်လာကာ ပြည်တည်နာများ ဖြစ်ပေါ်လာ ပါသည်။
အဆိုပါ ပြည်တည်နာများသည် ခံတွင်းနှင့် အသက် ရှူလမ်းကြောင်းတွင် ဖြစ်ပေါ်ပါက တံတွေးအထွက်များခြင်း၊ နှာရည်ကျခြင်း၊ အဆုတ်ရောင်ရောဂါဖြစ်ပွားခြင်း၊ အစား အသောက်ပျက်ခြင်း၊ နို့ထွက်နှုန်း သိသာစွာကျဆင်းခြင်း၊ မျိုးနွားသိုးများတွင် မျိုးအောင်နှုန်း ကျဆင်းခြင်း၊ ကိုယ်ဝန် ဆောင် နွားမများတွင် သားလျှောခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါသည်။ ရောဂါကူးစက်ခံရသော တိရစ္ဆာန်တွင် ပြန်လည်နာလန်ထူရန် အနည်းဆုံး သုံးလမှ အများဆုံး နှစ်နှစ်အထိ အချိန်ကြာမြင့်နိုင်ပြီး အရေပြားပေါ်တွင် အမာရွတ်များ ကျန်ရှိခဲ့နိုင်ပါသည်။
အချို့တိရစ္ဆာန်များတွင် ရောဂါကူးစက်ခံရသော်လည်း ရောဂါလက္ခဏာမပြပေ။ အပူပိုင်းဒေသ နွားမျိုးများသည် သမပိုင်းဒေသနွားမျိုးများထက် အရေပြားအကျိတ်နာရောဂါ ကို ပို၍ ခံနိုင်ရည်ရှိပါသည်။ နွားငယ်လေးများတွင် ရောဂါ ကူးစက်ခံရပါက ရောဂါလက္ခဏာ ပိုမိုပြင်းထန်သည်ကို တွေ့ရှိရပါသည်။ ရောဂါဖြစ်ပွားနှုန်းအနေဖြင့် ၁-၂ ရာခိုင် နှုန်းမှ ၈၀-၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ပြီး သေဆုံး နှုန်းအနေဖြင့် ၁-၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရပါသည်။ ရောဂါဖြစ်ပွားမှုနှုန်းကို လေ့လာကြည့်ရာတွင် ကျွဲများတွင် ရောဂါဖြစ်ပွားနှုန်းသည် နွားများထက် နည်းသည်ကို တွေ့ရပါသည်။ တိရစ္ဆာန်အသေကောင်များကို ခွဲစိတ်ကြည့် ပါက အရေပြားပေါ်တွင် နီညိုရောင် ခပ်ဖျော့ဖျော့ အဖု၊ အပိမ့်များ တွေ့ရခြင်း၊ ပြန်ရည်ကြောဖုများ ရောင်ရမ်းခြင်း၊ ခံတွင်း၊ နှာခေါင်းပေါက်၊ အစာရေမျိုပြွန်အဝ၊ လည်ချောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အဆုတ်၊ ဆီးအိမ်၊ ကျောက်ကပ်၊ သားအိမ်နှင့် နို့အုံတို့တွင် အဖု၊ အပိမ့်များကို တွေ့ရပါသည်။
ရောဂါအတည်ပြုရန်အတွက် အရေပြားပေါ်ရှိ အဖု၊ အပိမ့်များ၊ ပြန်ရည်ကြောဖုများ၊ ကိုယ်တွင်းအင်္ဂါများကို နမူနာပစ္စည်းအနေဖြင့် ယူ၍ စစ်ဆေးနိုင်ပါသည်။ နမူနာ ပစ္စည်းယူပြီး ဗိုင်းရပ်စ်ပျိုးကြည့်ပါက အချို့နမူနာပစ္စည်း မျာတွင် တစ်ပတ်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့နိုင်သော်လည်း အချို့နမူနာပစ္စည်းများတွင် သုံး၊ လေးပတ်ကြာမှသာ ဗိုင်းရပ်စ်ပိုးကို တွေ့နိုင်ပါသည်။ ခေတ်မီနည်းစနစ် များဖြစ်သော Enzyme Linked Immunosorbent Assay (ELISA), Polymerace Chain Reaction (PCR), Loop Mediated Isothermal Amplification (LAMP), Virus Neutralization Test (VNT), Immunostaining method, Transmission Electron Microscope (TEM), Dot Blot Hybridization စသည့်နည်းပညာများဖြင့် ဗိုင်းရပ်စ်ပိုးကို အတည်ပြု စစ်ဆေးနိုင်ပါသည်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါဖြစ် သည့်အတွက် ပဋိဇီဝဆေးဝါးများဖြင့်ကုသ၍ မထိန်းချုပ် နိုင်ပေ။ သို့သော်လည်း နောက်ဆက်တွဲအနေဖြင့် ဗက်တီးရီးယားပိုးများ ဝင်ရောက်လာကာ ပြည်တည်နာ များဖြစ်ပေါ်လာပါက ၎င်းအနာများကို ကုသရန် ပဋိဇီဝ ဆေးဝါးများ အသုံးပြုရမည် ဖြစ်ပါသည်။ မိမိ၏ ခြံအတွင်းသို့ တိရစ္ဆာန်များဝယ်ယူဖြည့်တင်းသည့်အခါ တွင် အဆိုပါရောဂါဖြစ်ပွားသော တိရစ္ဆာန်များ ပါဝင် လာခြင်းမရှိစေရန် စနစ်တကျစစ်ဆေးဆောင်ရွက်ရန် လိုအပ်ပါသည်။
မိမိခြံတွင် ရောဂါဖြစ်ပွားပါက ဖြစ်ပွားသည့် တိရစ္ဆာန်ကို သီးသန့်ခွဲထားခြင်း၊ အကောင်ရေ လျှော့ချ ခြင်း၊ ခြံအတွင်း ကူးစက်မှုမရှိစေရန် ဇီဝလုံခြုံရေးစနစ်ကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်း၊ ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်း၊ ခြံအတွင်းပိုးသတ်ဆေး ပုံမှန်ဖျန်းခြင်း၊ ရောဂါပိုးသယ်ဆောင်နိုင်သော မွှား၊ ခြင်၊ ယင်စသည်များ ကို ထိန်းချုပ်ရန်အတွက် ပိုးသတ်ဆေးကို စနစ်တကျသုံးစွဲ ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ပါသည်။ လက်ရှိ ကမ္ဘာတွင် အသုံးပြုနေသော ကျွဲ၊ နွားများတွင်ဖြစ်ပွား တတ်သော အရေပြားအကျိတ်နာရောဂါ ကာကွယ်ဆေး အများစုသည် တစ်ခုနှင့် တစ်ခုအကြား အရည်အသွေးနှင့် ထိရောက်မှုကွာခြားချက်ရှိသည်ကို သုတေသနစာတမ်း များအရ တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အဆိုပါရောဂါ မဖြစ်ပွားသေးသော်လည်း တိရစ္ဆာန် ဆေးကုဆရာဝန်များနှင့် မွေးမြူရေးတောင်သူများ ပူးပေါင်းကာ ကြိုတင်ကာကွယ်ထားရန် လိုအပ်ပါ ကြောင်း ဤဆောင်းပါးဖြင့် အကြံပြုတင်ပြအပ်ပါ သည်။
ကျမ်းကိုး
၁။ Lumpy Skin Disease (www.cfsph.iastate.edu/)
၂ ။ World Organization for Animal Health (OIE) (www.oie.int/)
၃ ။ The Daily Star Newspaper, Thursday, June 18, 2020
- Log in to post comments