
ယနေ့တွင် ကာရာဘောင်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ချန်ပီယံရှစ်ကြိမ် ဖြစ်ဖူးသည့် နာမည်ကြီး လီဗာပူးအသင်းက နည်းပြ ရော်ဂျာ၏ လက်စတာ အသင်းနှင့် တွေ့ဆုံနေသည်။
ကာရာဘောင်ဖလား တတိယ အဆင့်တွင် မန်ယူအအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ စတုတ္ထအဆင့် တွင် မန်စီးတီးအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်တွင် ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သော ဝက်စ်ဟမ်းအသင်းက စပါး အသင်းနှင့် တွေ့ဆုံနေသည်။ သောမတ်တူချယ်၏ ချယ်ဆီး အသင်းက ကာရာဘောင်ဖလား စတုတ္ထအဆင့်တွင် စတုတ် အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဘရန့်ဖို့ဒ် အသင်းနှင့် တွေ့ဆုံနေပြီးနည်းပြ အာတီတာ၏ အာဆင်နယ် အသင်းက ဆန်းဒါးလန်းနှင့် တွေ့ဆုံနေသည်။
ယခုနှစ်ရာသီ ကာရာဘောင် ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် သို့ ပရီမီယာလိဂ်မှ အသင်း ခုနစ်သင်းအထိ တက်ရောက် နိုင်ခဲ့ပြီး လိဂ်ဝမ်းပြိုင်ပွဲမှ ဆန်းဒါးလန်းအသင်း တစ်သင်း သာ တက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် ယခုနှစ် ကာရာ ဘောင်ဖလားပြိုင်ပွဲ ကွာတား ဖိုင်နယ်သည် အကြိတ်အနယ် ရှိကာ ပြိုင်ဆိုင်မှု ပြင်းထန်လာ ဦးမည် ဖြစ်သည်။
အဆိုပါ ဖလားကွာတား ဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။
အောင်ဇော်