ကာကွယ်ကြမယ်၊ အပူဒဏ်အန္တရာယ်

Type

 

စိန်ဌေးလှိုင်(ဟိုပုံးမြေ) 

 

“မနှစ်ကထက်ပူတယ်”၊     “ပူလိုက်တာ   ဘယ်လို နေရမှန်းမသိဘူး”  ဆိုသော   စကားသံများမှာ နွေရာသီသို့ရောက်ရှိလာလျှင် ကြားရစမြဲဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့်  အထက်အညာဒေသ များတွင် အမြင့်ဆုံးအပူချိန်မှာ ၄၁ ဒီဂရီစင်တီဂရိတ် အထိ ရှိတတ်သည်။ နေ့တာရှည်၍ ညတာတို၏။ နေ့လယ်နေ့ခင်းအချိန်များတွင် အပြင်သို့မထွက်နိုင် လောက်အောင်  ပူပြင်းလှသည်။  ယခင်က  ရာသီ ဥတုပူပြင်းခြင်းသည်  မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်အညာဒေသများတွင် ဖြစ်ပေါ်တတ်သော် လည်း  ယခုအခါတွင်  တစ်နိုင်ငံလုံးနီးပါး  သိသိ သာသာ ဖြစ်ပေါ်လျက်ရှိသည်။
ကျန်းမာရေးဆိုင်ရာပြဿနာများ
အပူလွန်ကဲခြင်းကြောင့် နောက်ဆက်တွဲခံစား ရမည့်  ကျန်းမာရေးဆိုင်ရာပြဿနာများမှာ  ချွေး အထွက်များပြီး   ခန္ဓာကိုယ်ယားယံကာ   နေမထိ ထိုင်မသာဖြစ်ခြင်း၊ အနီကွက်များဖြစ်ပေါ်လာခြင်း၊ ရေ နှင့် ဓာတ်ဆားများ အထူးသဖြင့် ဆိုဒီယမ်ဓာတ် ဆုံးရှုံးမှုကြောင့်       ကြွက်သားများတောင့်တင်း နာကျင်ခြင်း၊ ပူလောင်သည့်နေရာတွင် ကြာရှည် မတ်တတ်ရပ်ခြင်း၊ ထိုင်ခြင်းတို့ကြောင့် ခြေထောက် များဖောရောင်လာခြင်း၊ ကြွက်တက်ခြင်း၊ အပူဒဏ် ကြောင့် သွေးကြောများမှာ ကျယ်လာပြီး ရုတ်တရက် မူးမေ့ခြင်း  စသည်တို့ဖြစ်ကြသည်။  ပူပြင်းသော ရာသီဥတုတွင် ချွေးများထွက်လာရာ ၎င်းနှင့်အတူ ဆားဓာတ်များလည်း ကုန်ခန်းသွား၏။ ထိုအချိန် တွင် ရေကိုမသောက်မိပါက ခန္ဓာကိုယ်က ပြန်လည် ထိန်းညှိပေးသော         အမိုးနီးယားဖြစ်စဉ်အရ ဆီးအရောင်ရင့်လာကာ    ဆီးချုပ်ခြင်းကို ဖြစ်စေ သည်။ အပူချိန်မြင့်မားမှုကြောင့် ဆုံးရှုံးသွားသော ရေနှင့်  ဆိုဒီယမ်ဓာတ်တို့ကို  ပြန်လည်မဖြည့်တင်း နိုင်ပါက   အပူလျှပ်ခြင်းကို  ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင်    ခန္ဓာကိုယ်၏အပူဓာတ်ကို ထိန်းညှိပေး သည့်စနစ်မှာ ချို့ယွင်းလာကာ အပြင်းအထန်ဖျားနာ ခြင်းကိုဖြစ်ပေါ်စေနိုင်၏။ 
အပူလျှပ်၍ဖျားနာပါက       သတိလစ်ခြင်း၊ တက်ခြင်း၊ ပြင်းထန်စွာ ခေါင်းမူးခြင်း၊ အမြင်ဝေဝါး ခြင်း၊ ဂယောင်ချောက်ချားဖြစ်ခြင်း၊ မေ့မြောသွား ခြင်း၊  အရေပြားခြောက်သွေ့ပူလောင်ခြင်း၊  သွေး ပေါင်ချိန်ကျလာခြင်း၊ အသက်ရှူမြန်ခြင်း၊ ခန္ဓာကိုယ် ၏ အပူချိန်သည် ၁၀၅ ဒီဂရီဖာရင်ဟိုက်အထက်သို့ ရောက်ရှိခြင်း၊  အန်ခြင်း၊  ဝမ်းသွားခြင်းတို့  ခံစား ရတတ်သည်။     ထိုအချိန်တွင်     လူနာကို     ပါးပါး  ချောင်ချောင် အဝတ်အစားဝတ်ပေးပါ။ အေးသည့် နေရာသို့ ရွှေ့ထားပါ။ လေအေးပေးစက်၊ ပန်ကာ ဖွင့်ပေးပါ။ ရေဖတ်တိုက်ပေးပါ။ အရည်သောက်နိုင်ပါ က အရည်များများတိုက်ပါ။ ဓာတ်ဆားရည်တိုက်ပါ။ ၎င်းအခြေအနေမှာ အရေးပေါ်ကုသရန်လိုအပ်သည့် အတွက်  ဆေးရုံ၊  ဆေးခန်းသို့  သွားရောက်ပြသ ရမည်။
 အပူလျှပ်ခြင်းသည်      ကလေးငယ်များ၊ အဝလွန်သူများ၊ အသက်အရွယ်ကြီးရင့်သူများတွင် ပို၍အဖြစ်များတတ်၏။ ရိုးရိုးသာမန်အပူလျှပ်သည့် လက္ခဏာများမှာ ချွေးထွက်များခြင်း၊ ဖြူဖပ်ဖြူရော် ဖြစ်ပြီး ခြေဖျားလက်ဖျားအေးစက်ခြင်း၊ ခေတ္တမူးမေ့ ခြင်း၊   ခေါင်းကိုက်ခြင်း၊   ရေငတ်ခြင်း၊    ခြေကုန် လက်ပန်းကျခြင်း၊  ပျို့အန်ခြင်း၊  သွေးခုန်နှုန်းမြန် ခြင်းတို့ဖြစ်ကြသည်။ နေပူထဲမှပြန်လာပြီးစအချိန် တွင်  ချက်ချင်းရေချိုးခြင်း၊  မျက်နှာသစ်ခြင်းတို့ ပြုလုပ်ပါက  အပူလျှပ်ခြင်းကို  ဖြစ်ပေါ်စေနိုင်၏။  အဘယ်ကြောင့်ဆိုသော်      လူ၏ခန္ဓာကိုယ်သည် ပူနေရာမှ ရုတ်တရက်အေးသွားသောအခါ အရေ ပြားရှိ သွေးကြောများ၏ တုံ့ပြန်မှုမှာ ကမောက်ကမ ဖြစ်ကာ နှလုံးခုန်ခြင်းကိုပင် ရပ်တန့်စေနိုင်သည်။
နွေရာသီတွင်   အချို့လူများ၏   ရင်ဘတ်၊ ကျောကုန်းအပေါ်၊  လည်ပင်း၊  လက်မောင်းတို့၌ မိတ်ဖုများ ပေါက်တတ်သည်။  မိတ်ပေါက်ခြင်းကို ဆေးပညာအရ  cholinergic urticaria ဟုခေါ်ဆိုပြီး ကိုယ်တွင်းအပူချိန်မြင့်တက်လာသည့်အခါ ဖြစ်လေ့ ဖြစ်ထရှိသော     အရေပြားဆိုင်ရာပြဿနာတစ်ခု ဖြစ်၏။  ချွေးထွက်လေလေ  ပို၍ယားယံလေလေ ဖြစ်သည်။ ချွေးထွက်များသူ၊ အပူအစပ်အစားအစာ များကို လွန်စွာစားသုံးသူ၊ စိတ်ပူပန်မှုများသူတို့တွင် မိတ်ပေါက်တတ်၏။ အရေပြားပေါ်ကို သက်ရောက် လာသည့်   ပြင်ပအပူချိန်နှင့်    လူ၏ခန္ဓာကိုယ်တို့ ဓာတ်မတည့်မှုပင်ဖြစ်၏။  ခန္ဓာကိုယ်၌  အပူချိန် ပြန်ကျသွားသောအခါ၊      မိုးရွာသောအခါတွင် အလိုအလျောက်ပျောက်သွားတတ်၏။ ဒေသနည်း အရ သနပ်ခါး၊ မန်ကျည်းခေါက်တို့ လိမ်းပေးခြင်း အားဖြင့်လည်း သက်သာပျောက်ကင်းစေသည်။
လိုက်နာရမည့်အချက်များ
အပူဒဏ်ကြောင့်         မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုးများမဖြစ်ပေါ်စေရန်   လူတို့ သည် သွားလာနေထိုင်မှုပုံစံများကိုလည်း ဂရုစိုက်ရ မည်။ လိုက်နာရမည့်အချက်များမှာ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း၌ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ် စသည်တို့တွင်ရေချိုးခြင်းကို ရှောင်ကြဉ်ပါ။  အရိပ်ရပြီး  အေးမြသောနေရာများ တွင်နေထိုင်ပါ။   နေပူထဲမှပြန်လာပြီး   ချက်ချင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။ နေပူထဲတွင် ပြင်းထန် သောကိုယ်လက်လှုပ်ရှားမှုများ  မပြုလုပ်သင့်ပါ။ နေ့ခင်းဘက်တွင် အပြင်ထွက်သည့်အခါတိုင်း အရိပ် လုံလောက်စွာရရှိနိုင်သည့် ထီး၊ ဦးထုပ်များဆောင်း ပါ။ အလင်းရောင်ပြန်သော အဖြူရောင်နှင့် အရောင် ဖျော့သည့်အဝတ်အထည်များကို ဝတ်ဆင်ပါ။ ပွပွ ချောင်ချောင် ချည်ထည်များကိုဝတ်ဆင်ပါ။ နွေရာသီ တွင်ကျရောက်သည့် နေရောင်တွင် ခရမ်းလွန်ရောင် ခြည်များသဖြင့်   နေလောင်ခံခရင်(မ်)ကို   လိမ်းပြီး နေကာမျက်မှန်ကိုလည်း    တပ်ဆင်သင့်သည်။ ပြတင်းပေါက်များကို ဖွင့်ထားခြင်းအားဖြင့် လေဝင် လေထွက်ကောင်းကာ ပူသောလေများကို ဖလှယ် သကဲ့သို့ဖြစ်နေပါလိမ့်မည်။ ပန်ကာနှင့် လေအေး ပေးစက်တို့ကို          တစ်ချိန်လုံးအသုံးမပြုသင့် ပါ။    ထွက်နေသောချွေးဖြင့်    အအေးပတ်ကာ လေဖြတ်ဝေဒနာကိုပင်  ဖြစ်ပေါ်စေနိုင်၏။  ဆီးချို ရောဂါ၊   နှလုံးရောဂါ၊   သွေးတိုးရောဂါရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေ ဖြင့်   နေ့လယ်နေ့ခင်းအချိန်များတွင်   အရိပ်ရပြီး လေဝင်လေထွက်ကောင်းသည့်   နေရာမျိုးတွင် နားနေပါ။   “ကြယ်စုံမှသာ  ရေချိုးပါ”   ဆိုသော မြန်မာစကားပုံအရ ကြယ်လစုံသောညချမ်းအချိန် တွင် ရေချိုးပါက ခန္ဓာကိုယ်၏အပူချိန်ကို သဟဇာတ ဖြစ်စေသည်။ အချို့လူကြီးသူမများက “ရေမချိုးခင် ရေလေးတစ်ခွက်လောက်  သောက်လိုက်ပါဦး” ဟု ပြောဆိုတတ်ကြသည်။  ရေချိုးတော့မည်ဆိုပါက အအေးဓာတ်သည် ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာမည်ဖြစ်ရာ    အစာအိမ်အတွင်းရှိ အေးမြသောရေက      ကြိုတင်၍ကာကွယ်သည့် သဘောမျိုးဖြစ်ပေသည်။
အစားအသောက်များဖြင့်လည်း ကာကွယ်နိုင်
အပူဒဏ်ကို အစားအသောက်များဖြင့်လည်း ကာကွယ်နိုင်၏။ အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး နည်းမှာ   ရေများများသောက်ခြင်းပင် ဖြစ်သည်။ လူ၏ခန္ဓာကိုယ်တွင် အရည်ဓာတ် ၆၀ ရာခိုင်နှုန်း ပါဝင်ကာ လူတစ်ယောက်သည် နွေရာသီ၌ တစ်နေ့ လျှင် ရေသန့်ဘူး သုံးဘူးခန့်အထိ သောက်သုံးသင့် ၏။ ထို့ပြင် ရေဆာသည့်အချိန်တိုင်း သောက်သင့် သည်။       ရေသည်ခန္ဓာကိုယ်တွင်     ရေဓာတ် ခန်းခြောက်ခြင်းကို ဖြည့်တင်ပေးကာ မြင့်တက်လာ သော အပူချိန်ကိုထိန်းညှိပေး၏။ သစ်သီးများတွင် အအေးဓာတ်ပါဝင်ရာ အရည်ရွှမ်းသည့် သစ်သီးများ ကိုလည်း  စားသုံးသင့်သည်။  ၎င်းတွင်ပါဝင်သော အမျှင်ဓာတ်ကလည်း ဝမ်းချုပ်ခြင်းကိုသက်သာစေ ၏။  ဝမ်းချုပ်ပါက ခန္ဓာကိုယ်အတွင်း၌ အပူဓာတ် များ   ကိန်းအောင်းနိုင်ရာ   ဝမ်းမှန်စေရန်အတွက် မန်ကျည်းမှည့်ဖျော်ရည်များကို    သောက်သုံးကြ သည်။    သစ်သီးဖျော်ရည်များသည်    ရေဓာတ် ခန်းခြောက်ခြင်းနှင့် သကြားဓာတ်များကို ဖြည့်ဆည်း ပေးသည့်အတွက်  သောက်သုံးသင့်ပေသည်။ ဖရဲသီး မှာရေဓာတ်အများဆုံးပါဝင်သော  သစ်သီးဖြစ်ရာ ၉၀  ရာခိုင်နှုန်း ပါဝင်သဖြင့်  ဖျော်ရည်ပြုလုပ်ကာ သောက်သုံးကြသည်။ ထို့ပြင် ကြံရည်၊ တလည်းသီး ဖျော်ရည်၊   ဂရိတ်ဖရုသီးဖျော်ရည်၊   လိမ္မော်သီး ဖျော်ရည်၊ စပျစ်သီးဖျော်ရည်တို့ကိုလည်း သောက် သုံးသင့်သည်။ 


အရက်သောက်ခြင်းသည်   လူ၏အပူချိန်ကို ချက်ချင်းမြင့်တက်စေကာ      ချွေးပေါက်များကို ကျယ်စေသဖြင့် ရာသီဥတုပူပြင်းချိန်တွင် မသောက် သင့်ပါ။ အပူအစပ်အစားအစာများမှာ ခန္ဓာကိုယ်၏  အပူချိန်ကိုတိုးစေသဖြင့်  ပူပြင်းသော  နွေရာသီ တွင် အပူအစပ်အစားအစာများကို  မစားသင့်ပေ။ ရေခဲရေ သောက်ခြင်းသည်  ရေငတ်မှုကို  အာသာ ပြေလွယ်သည်ဆိုသော်လည်း    များများစားစား မသောက်သုံးသင့်ပါ။ ရေခဲရေသည် ချွဲသလိပ်များကို ပိုပြီးဖြစ်ပေါ်စေပြီး လည်ချောင်းကို နာကျင်စေကာ  အသက်ရှူလမ်းကြောင်းကိုပင်    အနှောင့်အယှက် ပေးတတ်၏။ 


နှစ်စဉ် နွေရာသီကာလအတွင်း ပြင်းထန်သည့် နေအပူရှိန်ကြောင့် မိမိတို့၏နေအိမ်များတွင် နေထိုင်  ရန်ခက်ခဲပြီး  အပူဒဏ်ကိုတိမ်းရှောင်ရန်  လိုအပ်သည့် ပြည်သူများအနေဖြင့် အပူဒဏ်ကာကွယ်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ပရဟိတအသင်းအဖွဲ့များ က  ဆောင်ရွက်ပေးသည့် အပူရှောင်စခန်းများတွင် လည်း  သွားရောက်နေထိုင်ကြသည်။   ဒေသထွက် ပစ္စည်းဖြစ်သည့်  ထန်းလက်များဖြင့် မိုးကာပေးခြင်း၊      ချောင်းသဲဖြူများ  ခင်းပေးကာ  ၎င်းအပေါ်တွင် ရေဖျန်းပေးခြင်း၊ အစားအသောက်များ စီစဉ်ပေး ခြင်းတို့ ပြုလုပ်ပေးလျက်ရှိရာ အလွန်ကောင်းမွန် သောလုပ်ငန်းတစ်ခု ဖြစ်ပေသည်။
ယနေ့ကမ္ဘာလောကကြီးတွင်      သစ်ပင် သစ်တောများပြုန်းတီးလာခြင်း၊  လူဦးရေထူထပ် လာခြင်း၊   စက်ရုံ၊   အလုပ်ရုံမီးခိုးများမှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ပိုမိုထွက်ရှိ လာခြင်း၊  သဘာဝသယံဇာတပစ္စည်းများ  နည်းပါး လာခြင်း စသည်တို့ကြောင့်  ရာသီဥတုမှာပူပြင်း လျက်ရှိရာ  အပူဒဏ်ကာကွယ်ရေးဆိုသည်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်တွင် ပါဝင် လျက်ရှိ၏။ အပူဒဏ်ကြောင့်ဖြစ်ပေါ်လာသည့်  ရောဂါဝေဒနာများသည်လည်း      သတိထားရမည့် အဆင့်သို့  ရောက်ရှိနေသည်။   “အသက်ကို ဉာဏ်စောင့်၊ ဥစ္စာကို ကံစောင့်” ဆိုသောစကား အတိုင်း လူသားတို့သည် အသက်ရှည်ရာ အနာမဲ့ ကြောင်းအတွက် အပူဒဏ်ကာကွယ်ရေးဆိုင်ရာအချက်များအတိုင်း      လိုက်နာနေထိုင်ကြပါရန်      တိုက်တွန်းရေးသားလိုက်ရပါသည်။       ။
ကိုးကား-
 ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊     ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနနှင့်     ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့မှ ပူးပေါင်းထုတ်ဝေ သည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်(၂၀၁၇)။