
နေပြည်တော် အောက်တိုဘာ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်ရှိ မင်္ဂလာဗျူဟာ ဓမ္မဗိမာန်တော်ကြီး၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှု များကို ကြည့်ရှုအားပေးကြသည်။
ထိုသို့ ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီး က ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုး ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တားဆီး ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ပညာသင်ယူမှု အခွင့်အလမ်းများရရှိကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ သားသမီး တပည့်များ၏ ပညာရေးအခွင့်အလမ်းအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ၊ ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုး ရာတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသည့် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတ အဖွဲ့များ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်၍ အသက် ၁၂ နှစ်နှင့်အထက် အခြေခံ ပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား မိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် အဆိုပါ အထက်တန်းကျောင်း အတွင်းရှိ ကျောင်းအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်