ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှုဆိုင်ရာသင်တန်း ဖွင့်လှစ်

နေပြည်တော်   မတ်   ၂၈  


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန သည်(ရုံးချုပ်)မှ Help Line တာဝန်ကျဝန်ထမ်းများ “ကျား၊ မအခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်း ဆောင်ရွက်မှုဆိုင်ရာ  သင်တန်း(အပတ်စဉ်-၂)” ဖွင့်ပွဲ အခမ်းအနားကို    ယနေ့နံနက်  ၉  နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
စနစ်ကျရန်အရေးကြီး


အခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က    မိမိတို့ဝန်ကြီးဌာန အနေဖြင့် လူပုဂ္ဂိုလ်များကို ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်သည့်အတွက် မိမိတို့ပေးသည့် ဝန်ဆောင်မှု များမှာ စနစ်ကျရန် အရေးကြီးကြောင်း၊ အကူအညီ တောင်းခံလာသူများမှာ  လိုအပ်ချက်မတူသည့်သူများ ဖြစ်သဖြင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ယဉ်ကျေး သိမ်မွေ့ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန် လိုအပ်ကြောင်း၊ လူမှုဝန်ထမ်းနည်းလမ်းများနှင့်အညီ  ကူညီဆောင်ရွက် ပေးနေသူများဖြစ်သည့်အတွက်    sympathy/empathy ရှိရန်လိုအပ်ကြောင်း၊ ထိခိုက်လွယ်အုပ်စု များ ကြုံတွေ့နေရသည့် လူမှုဒုက္ခများကို sympathy/ empathy ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ Help Line ကို ၂၀၁၆ ခုနှစ်  စတင်ဖွင့်လှစ်ချိန်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်ကြားလာသည့် အမှုပေါင်း ၁၆၈၀ ရှိပြီး  အိမ်တွင်းအကြမ်းဖက်မှု Case များ ပိုများမည်ဖြစ်ကြောင်း။ 


Help Line  ၌  တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများက   ဆက်သွယ်လာသောသူများကို ပြေပြေပြစ်ပြစ်ပြောဆိုရန်၊ စိတ်ရှည်နားထောင်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့ ကူညီဖြေရှင်းပေးလိုက်သည့် အတွက်ကြောင့် ၎င်းတို့၏ ပြဿနာဒုက္ခများလျော့ပါး သွားပါက ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်မှုအတွက် ပီတိဖြစ်တတ်ရန်  လိုအပ်ကြောင်း၊ တိုင်ကြားလာ သည့်အမှုများကို   သက်ဆိုင်ရာ   တိုင်းဒေသကြီး/ ပြည်နယ်  လူမှုဝန်ထမ်းရုံးများသို့    လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက Case Manager များအနေဖြင့် ဖြေရှင်းပေးခြင်း၊  ညွှန်းပို့ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ခဲ့မှုများအတွက်   မှတ်တမ်းမှတ်ရာများကိုလည်း ကောင်းစွာထိန်းသိမ်းတတ်ရန် လိုအပ်ကြောင်း။
စနစ်တကျဆောင်ရွက်


ယခုသင်တန်းသို့ တက်ရောက်မည့်သူများတွင် လက်တွေ့လုပ်ငန်း       ဆောင်ရွက်သူများပါသည့် အတွက်  စာတွေ့လက်တွေ့   ပေါင်းစပ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ Help Line ဝန်ဆောင်မှုမှာ အလွန်ပင် အရေးကြီးသည့်အတွက် သင်တန်းသားများအနေဖြင့် ဝန်ဆောင်မှုပေးရာတွင် ယခုသင်တန်းမှ သင်ကြား ပေးသည့်အတိုင်း လေးလေးစားစားဖြင့် စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း ပြောကြား သည်။


သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၆ ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်တာသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။    

သတင်းစဉ်