ဇူလိုင်လနှင့် သြဂုတ်လအတွင်းရရှိမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ခြောက်သန်းကို စနစ်တကျထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၄


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ကပ်ရောဂါ      ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို      ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌  ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း  တက် ရောက်သည်။ 


အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော       ကာကွယ်ဆေးအရေအတွက် လေးသန်းအနက် ဇူလိုင်လစတုတ္ထပတ်တွင် တစ်သန်း နှင့်  ဩဂုတ်လပထမပတ်တွင်   သုံးသန်း  မြန်မာ နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးနှစ်သန်းကိုလည်း သြဂုတ်လအတွင်း ရောက်ရှိလာမည်ဖြစ်သောကြောင့် ရရှိလာမည့် ကာကွယ်ဆေးအရေအတွက် စုစုပေါင်း ခြောက်သန်းကို  ဦးတည်အုပ်စုများနှင့်  ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ရေးကိစ္စ ရပ်များ၊  ကာကွယ်ဆေးထိုးနှံခြင်း  သတင်းအချက် အလက်   စနစ်တကျမှန်ကန်စေရေးနှင့်  ကာကွယ် ဆေးထိုးကတ်များ  တစ်နိုင်ငံလုံး  တစ်ပြေးညီဖြစ်စေ ရေးကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင် ဆောင်ရွက်မည့်    လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်ဆေးများ အအေးလမ်းကြောင်း မပြတ်  သိုလှောင်ဖြန့်ဖြူးမည့်  အစီအစဉ်များနှင့် စပ်လျဉ်း၍     ဆွေးနွေးခဲ့ကြပြီး    ယခုနှစ်မကုန်မီ ဆက်တိုက်ရောက်ရှိလာမည့်  ကာကွယ်ဆေးများနှင့် ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမည့် အစီအမံ များကို ဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဆေးရုံ များတွင် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ဆေးရုံများရှိ အောက်ဆီဂျင်ထုတ်လုပ်စက်(Oxygen plant)များ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် ထပ်မံဝယ်ယူတပ်ဆင်ရေးကိစ္စရပ်များ၊ အလွယ်အကူ သယ်ယူနိုင်သည့်   အောက်ဆီဂျင်ထုတ်လုပ်စက်များ (Oxygen concentrators)၊ အောက်ဆီဂျင် ဆလင်ဒါ များ         ထပ်မံဝယ်ယူဖြည့်တင်းရေးကိစ္စရပ်များ၊ အောက်ဆီဂျင်ထုတ်လုပ်စက်များကို အစားအသောက် နှင့်        ဆေးဝါးကွပ်ကဲမှုဦးစီးဌာနခွင့်ပြုချက် မလိုအပ်ဘဲတင်သွင်းနိုင်ရန်  ဖြေလျှော့ပေးခဲ့မှုများ၊  ပြည်တွင်း၌ အောက်ဆီဂျင်အရည် (Liquid oxygen) များ စက်စွမ်းအားပြည့် တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး ကရင်ပြည်နယ် မြဝတီလမ်းကြောင်းမှ အောက်ဆီဂျင် အရည် (Liquid oxygen)များ  ယနေ့တွင် မြန်မာနိုင်ငံ သို့ရောက်ရှိမည်ဖြစ်ကာ  ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဘက်မှလည်း  နေ့စဉ်တင်သွင်းနိုင်ရန်  စီစဉ် ထားရှိပြီး ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပြည်သူများလိုအပ်လျက်ရှိသည့် နေ့စဉ် အောက်ဆီဂျင် လိုအပ်ချက်ကို  ဖြည့်တင်းနိုင်ရေးကိစ္စ၊  ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်     သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့်  ပြည်တွင်းသို့ အောက်ဆီဂျင်တင်သွင်းနိုင် ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို  ပြည်သူ များကိုယ်စား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။  


ဆက်လက်၍ ကိုဗစ်-၁၉ အတည်ပြုလူနာများတိုးမြှင့်ထားရှိနိုင်မည့်နေရာများနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက်  လူနာခုတင်များ  ထပ်မံ တိုးချဲ့မည့်အစီအစဉ်များ၊  အရေးပေါ်လူနာများကို လက်ခံကုသပေးနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများမှ ဦးစားပေး  လိုက်နာဆောင်ရွက်ရမည့်  လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ များ   တိုးမြှင့်လက်ခံထားရှိရန်ကိစ္စများနှင့်  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက် ၍ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များက  သက်ဆိုင်ရာလုပ်ငန်းအလိုက်  အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ      ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဆောင်ရွက်ရန်ရှိသည် များကို   ပေါင်းစပ်ညှိနှိုင်းပြီး    လိုအပ်သည်များ မှာကြားသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်   အားကစား ဝန်ကြီးဌာနမှ   ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)ဦးစိန်ဝင်း၊  ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန) ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်