ဇလုံတောင်သို့ နှစ်စဉ်ခရီးသွားပြည်သူ ငါးသိန်းကျော် လာရောက်မှုရှိ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်

စစ်ကိုင်း မတ် ၅ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Terrain Co.,Ltd တို့အကြား ကသာခရိုင် ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု ခမိုးကျေးရွာအနီး ဗန်းမောက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ ၃၁ ဒသမ ၅၄ ဧကအား B.O.T စနစ်ဖြင့် ဇလုံတောင်ခမိုး ယာဉ်ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း များ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် ချုပ်ဆို သည့် အခမ်းအနားကို မတ် ၄ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် Terrain Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ခဲ့ပြီး ဆောင်ရွက်လျက်ရှိရာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဇုန် ငါးခု သတ်မှတ်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကသာခရီးသွားဇုန်အတွင်းရှိ ဇလုံတောင်ဒေသ နှင့် ဇလုံတောင်ဘုရားသည် တန်ခိုးကြီးမားပြီး ဇလုံတောင်သို့ နှစ်စဉ်ခရီးသွားပြည်သူ ငါးသိန်းကျော် လာရောက်မှုရှိကာ နှစ်စဉ်ခရီးသွားဦးရေ တိုးတက် စည်ကားလျက်ရှိရာ ဘုရားဖူးများ ရာသီမရွေး သွားလာနိုင်ရေးအတွက် လည်းကောင်း၊ တည်းခို နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့လာစေ ရေးအတွက် လည်းကောင်း၊ ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အနီးအနားမှ ဒေသခံကျေးရွာများရှိ ပြည်သူလူထုများ ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေး တို့ကို ရည်ရွယ်၍ စီမံကိန်းချမှတ်အကောင်အထည် ဖော် ဆောင်ရွက်စေခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့် Terrain Co.,Ltd အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် Terrain Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အချက်အလက် များအား ရှင်းလင်းတင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Terrain Co.,Ltd တို့ လုပ်ငန်းအပ်နှံ သည့် သဘောတူစာချုပ်ကို တာဝန်ရှိသူများက စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)