ဇိန်မှုတောင် အမျိုးသားဥယျာဉ် သတ်မှတ်ဖွဲ့စည်း

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက  ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့် အာဏာများကို    ကျင့်သုံး၍    ချင်းပြည်နယ်  ဟားခါးခရိုင် ထန်တလန်မြို့နယ်နှင့်  ဖလမ်းခရိုင် ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ   ၉၉၈၄   ဒသမ   ၂၈   ဧကကို    ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက်    ဇိန်မှုတောင်အမျိုးသား ဥယျာဉ်အဖြစ် အမိန့်ကြော်ငြာစာ   အမှတ် (၅၂/၂၀၂၂)အရ  ၁၃၈၃ ခုနှစ်၊ တပေါင်း လဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်) မှ      စတင်သတ်မှတ် ကြောင်း ကြေညာလိုက်သည်။

 


ဇိန်မှုတောင်သည် ကွန်သဲချောင်းမကြီး အဓိကရေဝေရေလဲဧရိယာ ဖြစ်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားသည့် ဧရိယာ ဖြစ်ခြင်း၊  ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာဒေသဖြစ်ခြင်း၊ ဘူမိရူပသွင်ပြင် ထူးခြားမှုရှိခြင်း၊ စည်းကမ်းမဲ့ တရားမဝင် အမဲလိုက်ခြင်းကို အချိန်မီ ထိန်းသိမ်းကာကွယ်ရန် လိုအပ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။

 


အမျိုးသားဥယျာဉ်အတွင်း ထင်ရှားလှပသည့် နတ်ရေကန်ဟု တင်စားခေါ်ဝေါ်သော   လှိုင်သီသီ ရေကန်တည်ရှိခြင်း၊ ချင်းပြည်နယ် ၏ အမှတ်အသားသင်္ကေတ အထင်ကရပြယုဂ်ဖြစ်သည့် ထင်းရှူး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်အနီ၊ သစ်ခွမျိုးများပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ် နှင့် သင်းခွေချပ်စသည့် တောရိုင်းတိရစ္ဆာန် များကျက်စားနေထိုင်ခြင်း၊ အောက်ချင်းငှက်တို့    သားပေါက်ရာဒေသဖြစ်ခြင်း၊  ထူးခြားသည့် ဘူမိရုပ်သွင်များရှိခြင်းတို့ကြောင့်  သဘာဝအခြေခံခရီးသွားလုပ်ငန်း များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြောင်း ကြေညာခြင်းဖြစ်ပါသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန