
သိန်းညွန့်(PZL)
“ကလင်း..ကင်း..ခက်-ခက်-ခက်-ခက်-အတ်-ယစ်-ယစ်-ယစ်” ဟူသည့် ငှက်တို့၏ အော်မြည်သံကို ခပ်သဲ့သဲ့ ကြားရ သည်။ အနှီနေရာသည်ကား ကချင်ပြည်နယ် မိုးညှင်း မြို့နယ်အတွင်းရှိ အင်းတော်ကြီးအိုင်နှင့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောပင်ဖြစ်သည်။ တစ်နည်းဆိုရသော် အရှေ့ တောင် အာရှတစ်ခွင် ဇီဝရပ်ဝန်းဖြစ်ပြီး ကမ္ဘာ့တတိယ အကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသ ဖြစ်သည်။
အထက်ပါ အော်မြည်သံသည်ကား ဌာနေငှက်တစ်မျိုးဖြစ်သည့် “အောက်ချင်း ငှက်” တို့၏ အသံဖြစ်ပင်။
အင်းတော်ကြီးဇီဝအဝန်းနယ်မြေရှိ သစ်တောများအတွင်း လည်ဖြူ အောက်ချင်းညို၊ အောက်ချင်း၊ အောင် လောင်၊ အောက်ချင်းလည်ပင်းနီ၊ အောက် ချင်းလည်ဝါ ငှက်မျိုးစိတ်များအနက် သုံးမျိုးသည် မျိုးသုဉ်းမည့် အန္တရာယ် နှင့်ကြုံတွေ့နိုင်သော အနေအထား၌ ရှိနေသည်။ “အောက်ချင်း၊ အောင်လောင်” ငှက်မျိုးစိတ်များအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းနယ်မြေ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မမှ ၁၉၊ ပုဒ်မခွဲ (က) အရ ထိန်းသိမ်း ကာကွယ်ထားသည်။
မြန်မာနိုင်ငံတွင် “အောက်ချင်း၊ အောင်လောင်” ငှက်မျိုးစိတ် ၁၁ မျိုး တွေ့ရှိရပြီး ၎င်းတို့သည် သစ်တောများ အတွင်း ကျက်စားသောငှက်ကြီးမျိုး ဖြစ်သည်။ ဂေဟစနစ် ကောင်းမွန်သော သစ်တောများ၌သာ ကျက်စားလေ့ရှိကြ၍ “အောက်ချင်း၊ အောင်လောင်” ငှက်မျိုး စိတ်များအား သစ်တောများ၏ ရည်ညွှန်း ကိန်းများဟူ၍ ခေါ်ဆိုသတ်မှတ်ထားကြ သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုကန် ကြီးလည်းဖြစ်သည့် အင်းတော်ကြီးကန် နှင့် ဆက်စပ်ရေဝပ်ဧရိယာများ၊ ရေဝေ ရေလဲတောများကိုလွှမ်းခြုံ၍ “အင်းတော် ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” အဖြစ် လွန်ခဲ့သော ၂၀၀၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့၌ သတ်မှတ်ဖွဲ့စည်းခဲ့သည်။ ထို့အတူ အာဆီယံအမွေအနှစ် ဥယျာဉ် ကြီးအဖြစ် ၂၀၀၃ ခုနှစ်၌ သတ်မှတ်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင်မူ အရှေ့အာရှ - သြစတြေးလျငှက်များ ဆောင်းခိုငှက်များ ပျံသန်းရာလမ်း ကြောင်း ( EAAF-118) ၏ အဖွဲ့ဝင်နိုင်ငံ လည်း ဖြစ်လာခဲ့သည်။
တစ်ဆက်တည်းတွင်ပင် “ရမ်ဆာ” ဒေသ (Site No.2256) အဖြစ်လည်း ကောင်း၊ ဇီဝအဝန်း နယ်မြေဒေသအဖြစ် လည်းကောင်း သတ်မှတ်ခံခဲ့ရသည်။ ၃၁၃ ဒသမ ၅၀၈ စတုရန်းမိုင် (၂၀၀၆၄၅ ဒသမ ၄ ဧက)ကျယ်ဝန်းသော အင်းတော်ကြီး အိုင်ကို ဇီဝမျိုးစုံမျိုးကွဲများ၏ ဂေဟစနစ် များ ရေရှည် တည်တံ့စေရေးထိန်းသိမ်းရန်၊ သစ်တောဂေဟစနစ် ထိန်းသိမ်းနိုင်စေ ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးစေ ရေးတို့အတွက်ရည်ရွယ်ကာ မြန်မာနိုင်ငံ သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ဆောင်ရွက်နေသည်။
အင်းတော်ကြီးအိုင်၏ ထူးခြားချက် တစ်ရပ်အဖြစ် ကမ္ဘာဦးစပါးရိုင်းသုံးမျိုး၌ပါဝင်သော သဘာဝအလျောက် ပေါက် ပွားသည့် “သလေးစပါး” ဧကများစွာ ရာသီအလိုက်ရှင်သန်နေခြင်းပင် ဖြစ်ပေ သည်။ သို့ဖြစ်၍ အဆိုပါ စပါးခင်းများ ကပင် ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှ ဆောင်းခို ငှက်များ ကွန်းခိုပေါက်ပွားရာ နေရာဒေသ အဖြစ် အထောက်အပံ့ပြုလျက်ရှိသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်တံ့ရေးအတွက် ၂၀၁၈-၂၀၁၉ ကာလမှ အစပြုကာ ၂၀၂၂-၂၀၂၃ ကာလအထိ ငါးနှစ်တာ အုပ်ချုပ်လုပ်ကိုင် မှုစီမံချက်နှင့် တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်း ၁၀ နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉) များကို ဆောင်ရွက် လျက် ရှိသည်။
ထို့အတူပင် အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာအတွင်း ယခင်က ရေပျော်ငှက်မျိုးစိတ် ၁၁၀ တွေ့ရှိ မှတ်တမ်း တင်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ငှက်မျိုးစိတ် စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ရာ ရေပျော်ငှက် မျိုးစိတ်အသစ် သုံးမျိုး တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံအတွက် ရေပျော်ငှက်မျိုး စိတ်အသစ် ရေညှောင့် (Red-necked Phalarope) နှင့် အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွက် မျိုးစိတ် အသစ် တောဘဲငန်း (Greater White-fronted Goose)နှင့် တောင်ပံဖြူမြစ်တွေး (White-winged Tern) ရေပျော်ငှက် စုစုပေါင်း မျိုးစိတ်သစ် သုံးမျိုး ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရေပျော်ငှက်မျိုးစိတ် ၁၁၃ မျိုးအထိ တရားဝင်မှတ်တမ်းတင် နိုင်ခဲ့ကြောင်း အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းထံမှ သိရသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၄၇ မျိုး၊ ငှက်မျိုးစိတ် ၅၀၁ မျိုး၊ ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါ ၉၁ မျိုး၊ ငါးမျိုးစိတ် ၉၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၅၀ ခန့် ရှင်သန် ကျက်စားနေကြောင်း စေ့ငုမှတ်သား ရပါ ၏။ ထို့အတူ သစ်မျိုးစိတ် ၁၄၈ မျိုး၊ ဆေးဖက်ဝင်အပင် ၁၁၈ မျိုး၊ သစ်ခွ မျိုးစိတ် ၇၅ မျိုး၊ ဝါး ခုနစ်မျိုး၊ကြိမ်ပင် ငါးမျိုး၊ မြက်ပင် ၁၄ မျိုးနှင့် ရေနေပင် ၁၅၀ ကျော် ဖြစ်ထွန်းလျက်ရှိရာ သဘာဝ အခြေခံခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုး လာပါက နိုင်ငံနှင့် ဒေသခံပြည်သူများ အတွက် လူမှုစီးပွားဘဝကိုပါ အထောက် အကူပြုနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပေရာ အင်းတော်ကြီးအိုင်နှင့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ ဂုဏ်ကို ဆောင်နိုင်ရုံမျှမက အာဆီယံဒေသ၏ ဇီဝအမွေအနှစ်များ ဖြစ်ထွန်းတည်ရှိရာရပ်ဝန်းကို ရေရှည် ရပ်တည်နိုင်ရန်အတွက် ထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းများတွင် နိုင်ငံတော် နှင့်အတူ ဒေသခံပြည်သူများက အလေး အနက်ပြု ပါဝင်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။
ကိုးကား-
မြန်မာနိုင်ငံငှက်များ
(Birds of Myanmar)
ကျော်ညွန့်လွင်၊ ခင်မမသွင်
- Log in to post comments