
နေပြည်တော် ဖေဖော်ဝါရီ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ မြင်းခွာကျွန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွင်း နှစ်အလိုက် သဘာဝနှင့် အိမ်မွေးငှက်သိုက်ထွက်ရှိ မှုနှင့် ငှက်သိုက်ကျွန်းများ ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဇီဝဇိုးငှက်များ လာရောက်ကျက်စားနားခိုရာ ကျွန်း များ၏ ဂေဟစနစ်မပျက်အောင် ဆက်လက် ထိန်းသိမ်းသွားရန်လို ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး သည် သာယာလှပသောကျွန်း ပေါင်းများစွာ တည်ရှိနေသည့် အတွက် သဘာဝအခြေခံခရီးသွား လုပ်ငန်းအတွက် များစွာအရေးပါ သော နေရာတစ်ခုဖြစ်ကြောင်း၊ တည်ရှိနေသော ဂေဟစနစ်နှင့် အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲ များ တိမ်ကောပျောက်ကွယ်မှု မရှိ အောင်၊ နေရင်းဒေသများ ပျက်စီး မှုမရှိအောင် ကာကွယ်ထိန်းသိမ်း သွားရန်လိုအပ်ကြောင်း၊ ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံများပါ ပူးပေါင်းပါဝင်ဆောင် ရွက်လာစေရန် အသိပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် သွားရန်မှာကြားပြီး သဘာဝ ငှက်သိုက်များထွက်ရှိရာ ကော့ငါး၊ ကဆိုင်းလှကျွန်းနှင့် ကြက်မောက် ကျွန်းတို့အား ထိန်းသိမ်းထားမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကော့သောင်းမြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံး၌ ခရိုင်၊ မြို့နယ် တာဝန်ခံများနှင့်တွေ့ဆုံ ပြီး သစ်တော၊ သတ္တုနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ဌာန၏လျာထားချက်များ ပြည့်မီ ကျော်လွန်အောင် ကြိုးပမ်းဆောင် ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ကော့သောင်းမြို့နယ် ရှိ သစ်ပင်စိုက်ပျိုးပွဲများတွင် စိုက်ပျိုးခဲ့သော အပင်များ၏ ရှင်သန်အောင်မြင်မှု အခြေအနေ နှင့် မြို့မသစ်တောပျိုးဥယျာဉ် အတွင်း ၂၀၂၄ မိုးရာသီတွင် လူထု ဖြန့်စိုက်ပျိုးရန် ပျိုးထောင်ထား သောပျိုးပင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်