
နယူးဒေလီ ဩဂုတ် ၇
အိန္ဒိယနိုင်ငံသည် အမေရိကန်ဆေးဝါးကုမ္ပဏီ Johnson & Johnson မှ ထုတ်လုပ်သည့် Janssen ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ ကြောင်း ယနေ့သတင်းများအရ သိရသည်။
Johnson & Johnson ဆေးဝါးကုမ္ပဏီသည် ၎င်း၏ တစ်ကြိမ်ထိုး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ၌ အရေးပေါ်အသုံးပြုရန် ဩဂုတ် ၅ ရက်တွင် လျှောက်ထားခဲ့ပြီး အိန္ဒိယဗဟိုဆေးဝါးစံချိန်စံညွှန်းထိန်းချုပ်ရေးအဖွဲ့က ဩဂုတ် ၇ ရက်တွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ယခင်က Covishield ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ Covaxin ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ Sputnik V ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတို့ကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ပြီးဖြစ်ခြင်းကြောင့် Janssen ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံ၌ အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့သည့် ငါးမျိုးမြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်လာခဲ့သည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လျက်ရှိပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၈၆၂၈ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၁၈၉၅၃၈၅ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆၁၇ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူပေါင်း ၄၂၇၃၇၁ ဦး ရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူ ၄၀၀၁၇ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၃၁၀၅၅၈၆၁ ဦး ရှိလာကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်