ဇာတ်လမ်းရယ်စုံ ညောင်နှစ်ပင်ဇုန်

Type

 

စိုးတင့်(ဧရာဝတီ)
    အမျိုးသားစာပေဆုရှင်(၂၀၂၁)
 

(ယမန်နေ့မှအဆက်) 
ခြံသမားကြီး ဦးဖိုးထောင်
တစ်ဖက်က         ပြည်တွင်းရေကြောင်းတွင် အထွေထွေမန်နေဂျာ      တာဝန်ထမ်းဆောင်ရင်း တစ်ဖက်တွင်   ခြံလုပ်ရခြင်းဖြစ်၍      အလုပ်က မလွယ်ကူပါ။  ရုံးဆင်းသည်နှင့်      အပြေးသွားပြီး အပြန်တွင်    မိုးချုပ်တတ်ပါသည်။     ထိုအချိန်က ကားများရှင်းပြီး ယခုလောက်  လမ်းမကျပ်သေးပါ၊ စနေ၊    တနင်္ဂနွေဆို     ခြံထဲတွင်    ရှိနေတတ်ပြီး တစ်ခါတလေ ခြံထဲတွင်ဖြစ်သလို    အိပ်ရတာများ လည်းရှိပါသည်။ မိုးတွင်းတွင်တော့   သွားလို့မရပါ။ အပင်များက  မြေရိုင်းဖြစ်၍   အဖြစ်မြန်ကြပါသည်။ ဈေးကွက်မရှိ       အခွန်လွတ်ဈေးသွားဖို့ကလည်း မလွယ်၊  ခြံသမားကြီး ကိုဖိုးထောင်တို့  တော်တော် ဒုက္ခရောက်ခဲ့ရပါသည်။
သို့သော် ဦးဖိုးထောင်တို့     လင်မယားပျော်ပါ သည်။ ခြံထဲသွား အပင်စိုက်တာ   ကြည့်၊    စိတ်ကူး ယဉ်ပြီး စိုက်ကွက်တွေဖော်နှင့်  အချိန်ကုန်မှန်းမသိ ကုန်ပါသည်။  မိုးဦးကျတွင်    ခြံထဲမှ     ထွက်သော မာလာပွင့်၊ မျှစ်၊ ငါးရံ့ပတူ၊ မှို၊ ရင်းတိုက်ရွက်နု၊ ဖလံ တောင်ဝှေး၊ ရေကြက်သွန်၊ မြင်းခွာ၊ ညောင်ချဉ်ဖူးများ ကို လတ်လတ်ဆတ်ဆတ်ခူး  ငါးမီးဖုတ် ငပိရည်ကျို ပူပူလေးနှင့်     ဗမာကြက်ကာလသားဟင်းလေးနှင့် ခြံထဲတွင် ထမင်းစားရတာ    အလွန်ထမင်းမြိန်ပါ သည်။    ထမင်းချက်၊    ဟင်းချက်ကောင်းသော တူတော်မောင်လှိုင်ဝင်း၏  လက်ရာများက    မမေ့ နိုင်စရာဖြစ်ခဲ့ပါသည်။ ရေစပ်စပ်တွင် ယက်ဖြင့်ထိုး၍ ရရှိသော ငါးပေါက်ကလေးဟင်းကလည်း   အလွန် ချိုမြိန်လှပါသည်။ ဘာအပူမှမရှိဘဲ  ပကတိ  ပျော်ရွှင် မှုများရခဲ့ပါသည်။
ကိုယ်တိုင်သွားရင်နေဖို့ ပေ (၃၀ x ၄၀) ရှိသော နှစ်ထပ်  သစ်သားအိမ်လေးက     ရွှေပြည်သာမှ လက်သမားဆရာကြီး ကိုမြင့်အေး၏လက်ရာ ဖြစ်ပါ သည်။ ထိုအချိန်က ညောင်နှစ်ပင်တွင်  သူခိုးသူဝှက် များမရှိဘဲ လုံခြုံစိတ်ချမ်းသာခဲ့ရပါသည်။  
တစ်ခါတလေ ပဲခူးရိုးမ  အစပ်    C15 ဘက်မှ မျက်စိလည်   လမ်းမှားပြီး     စိုက်ခင်းများသို့ ဝင်ရောက်လာသော  တောနေသတ္တဝါ       ဒရယ် တစ်ကောင်မှာ ခြံသမားများ ညာသံပေး၍ ဝိုင်းလိုက် ခြင်းကြောင့် မောပန်းပြီး မပြေးနိုင်တော့ဘဲ    ဆူးချုံ များလည်း ငြိနေပြီး  နောက်ဆုံးတွင် တပည့်များ၏ တုတ်၊ ဓား၊   ဝါးချွန်လက်ချက်ဖြင့်    သေပွဲဝင်ခဲ့ရ သည်ကိုပါ ကိုယ်တိုင်တွေ့မြင်ကြုံခဲ့ရပါသည်၊၊ ဒရယ် သားမှာ အလွန်ချိုသော်လည်း မျက်လုံးလေးပြူးပြီး သနားစရာ    သေပွဲဝင်နေသော      အဖြစ်ကိုမြင်ပြီး မဆောင်းမှာ         ကျွေး၍မရဖြစ်ခဲ့တာကလည်း အမှတ်ရစရာဖြစ်ပါသည်။
သွေးကင်ဆာအား မြွေပွေးနှင့်ကု
အနီးအနားအကွက်ရှိ    တစ်ပတ်စဉ်တည်း သူငယ်ချင်း   စန်းလွင်လေးခြံထဲတွင်   အလုပ်လုပ် နေသော ပန်းကြိုင်တို့ လင်မယားမှာ မိသားစုငါးဦး ရှိပြီး အလုပ်မျိုးစုံ လုပ်ကြပါသည်။ မိမိခြံမှ  အလုပ် ရှိရင်လည်း ခေါ်ခိုင်းသဖြင့် သားသမီးလို   ဖြစ်နေပါ သည်။ ပန်းကြိုင်သမီး အလတ်မငြိမ်းငြိမ်းမှာ ရှစ်နှစ် ခန့်ရှိပြီး စကားတတ်ကာ ချစ်စရာကောင်းပါသည်။ ဦးဖိုးထောင်နှင့် ဒေါ်ဆောင်းတို့    ခြံထဲရောက်လာပါ က သတင်းကြားတာနဲ့     မောင်နှမတွေ  ရောက်လာ ကြပါသည်။ လင်မယားနှစ်ယောက်အား     မျက်လုံး ဝိုင်းကြီးများဖြင့်     ပြူးပြဲကြည့်နေပြီး      “ဘာလို့ ကြည့်တာလဲ” ဟု မေးရာ လှလို့ကြည့်တာပါ။ ဒါဆို ဦးနဲ့အန်တီက ဘယ်သူနဲ့တူလည်းဟုမေးရာ  “ဦးက ရန်အောင်နဲ့တူတယ်။ အန်တီက    စိုးမြတ်သူဇာနဲ့ တူတယ်” ဟု ပြန်ပြောရာ အားလုံး   ဝါးလုံးကွဲအောင် ရယ်မောခဲ့ရတာလည်း အမှတ်တရတစ်ခုပါ။ 
ဦးဖိုးထောင်တို့ လင်မယားကလည်း သံယောဇဉ် ဖြစ်နေပြီး ထိုကလေးတွေအတွက်   မုန့်အမြဲပါသွား တတ်ပါသည်။       ငြိမ်းငြိမ်းလေးမှာ       မကြာခဏ နေမကောင်းဖြစ်ပြီး   မျက်နှာမှာ     ဖြူဖပ်ဖြူဖပ် ဖြစ်နေ၍    မှော်ဘီဆေးခန်းပြရာ    မသက်သာ၍ ရန်ကုန်သို့ ပါရဂူနှင့်ခေါ်ပြသောအခါ  သွေးကင်ဆာ ဖြစ်နေကြောင်း သိရပါသည်။ နှစ်လတစ်ကြိမ် သွေး သုံးပုလင်းခန့်   သွင်းနေရပြီး    မိမိက ပြည်တွင်း ရေကြောင်းရှိ တပည့်များ အကူအညီဖြင့် လိုအပ်နေ သော သွေးများ အလှူခံပေးပြီး ကုပေးရပါသည်။
ကြာလာတော့ ပန်းကြိုင်မှာ အားနာလာဟန်ရှိပါ သည်။ အဆက်အသွယ်မရတာ ကြာလာပြီ မသင်္ကာ ၍ စုံစမ်းရာ ကလေးအတွက် ဆေးမကုနိုင်တော့ဘဲ ဆေးကုရန်      သွေးလိုအပ်ချက်ကို      အားနာ၍ ကံမသကာထားနေကြောင်း သိရပါသည်။     မိမိမှ စိတ်မကောင်းဖြစ်ပြီး   မင်းကလေးကို     ဒီအတိုင်း ပစ်ထားလို့မရဘူး။  ငါကြားဖူး၊ ဖတ်ဖူးတာကတော့ အဆိပ်ရှိတဲ့    မြွေပွေးအရှင်ကိုဖမ်းပြီး   လည်ဖြတ်၊ သွေးစိမ်းကိုခံပြီး အဲဒီသွေးကိုသောက်၊ အဲဒီမြွေကို ချက်စားရင် မြွေရဲ့အဆိပ်ဓာတ်ကြောင့် သွေးတွင်း ပြောင်းလဲမှုဖြစ်ပြီး သွေးကင်ဆာပျောက်တယ်လို့ ကြားဖူးတယ်ဟု   ပြောလိုက်ရာ   ပန်းကြိုင်မှာ ညောင်နှစ်ပင်ကွင်းတွင်   မြွေဖမ်းဆရာလုပ်ပါတော့ တယ်။သားသမီးဇောက ဘာကိုမှ မကြောက်တော့ပါ။
ညောင်နှစ်ပင်ကွင်းတွင် မြွေပေါပါသည်။ ထူးဆန်း သည်မှာ မြွေသွေးလတ်လတ်ဆတ်ဆတ်  သောက် သည့် အကျိုးကြောင့်ထင်သည်၊ ပန်းကြိုင်သမီးလေး ငြိမ်းငြိမ်းမှာ ဘာသွေးမှ ထပ်မသွင်းရဘဲ  တစ်နှစ် အတွင်း သွေးကင်ဆာမှာ သိသိသာသာ ပျောက်ကင်း သွားပါသည်။    သို့သော်     ကြောင်ငေးငေးနှင့် သတိတော့  မေ့တတ်သွားတယ်ဟု   သိရပါသည်။ ထိုကလေးမှာ ယခုအခါ ကျန်းမာရေးကောင်းမွန်ကာ ယောက်ျားရပြီး ကလေးတစ်ဦးပင်ရှိကြောင်းသိ၍ အံ့သြဝမ်းသာမိပါသည်။
ငမူးတစ်သိုက်နှင့် စပါးကြီးမြွေကြီး
ညောင်နှစ်ပင်ဇုန်မှာ    ၂၀၁၅ နောက်ပိုင်းတွင် ပြစ်ထားသလိုဖြစ်နေပြီး လုံခြုံရေးအရ   စိတ်မချရ၊ စိုက်ခင်းများအတွက် ရေမလွှတ်ပေး၊     လမ်းများ ပြုပြင်သည်ဟု ဆိုသော်လည်း ဇုန်တာဝန်ခံများနှင့် ပြစ်ထားပြီး ရန်ပုံငွေမရရှိသဖြင့်   တော်တော်ပျက် သွားသဖြင့်  ခြံသမားများက  ကိုယ်နည်းကိုယ်ဟန်ဖြင့် ခက်ခက်ခဲခဲရပ်တည်နေရပါတော့သည်။ အရက်ဆိုင် များ ပေါ်လာပြီး မည်မည်ရရ အလုပ်မလုပ်ဘဲ   ရရ စားစားဘဝများ  ဖြစ်ခဲ့ပါသည်။
ဦးဖိုးထောင်လည်း တပည့်များကို   စားစရိတ် လောက်သာ ပေးနိုင်ပါတော့သည်။    သူစိုက်သူယူ စနစ်ကျင့်သုံးခဲ့ရပါသည်။ ဘယ်သူကမှလည်း   ဂရု မစိုက် တော်တော် စိတ်ပျက်စရာကြီး ဖြစ်ခဲ့ပါသည်။ တူတော်မောင် အပါအဝင် မြန်အောင်(၇)အိမ်တန်း ဖက်မှလာသော ရပ်ဆွေရပ်မျိုးများမှာ စားရရုံအပင် လေးစိုက်၊   ကျန်သည့်အချိန်    ကျပန်းအလုပ်လုပ်၊ ကိုယ့်တာဝန်   ကိုယ်ယူနှင့်   ဖြစ်လာပါတော့သည်။ စီမံကိန်းဇုန်မှာ     ကုန်ထုတ်လုပ်ငန်းများလုပ်၊ လမ်းပန်းဆက်သွယ်ရေး     ကောင်းအောင်လုပ်၊ ရေမပြတ်ရရှိပြီး တစ်နှစ်ပတ်လုံး   စိုက်ပျိုးမွေးမြူ နေရမှာကို အဲဒီလိုမဖြစ်ဘဲ  မိုးတွင်းတွင်  ခြံအလုပ် သမားများနှင့်   လမ်းပန်းဆက်သွယ်ရေးကြောင့် လုံးဝ      အဆက်အသွယ်    ပြတ်သွားခဲ့ရတာမျိုးလည်း ကြုံရပါသည်။
ခြံထဲရှိ တူတော်မောင်လှိုင်ဝင်းတို့ တစ်သိုက်က အိမ်ရှေ့ လမ်းဘေးရှိ ဈေးဆိုင်ထဲတွင်  ညနေဘက်   စကားပြောနေကြရာ  မိုးတွင်းကာလ တောင်ပေါ်မှ ရေနှင့် ပါလာသော   စပါးကြီးမြွေကြီးမှာ    ခြံရှေ့ မြောင်းကြီးအတွင်းမှနေ၍ လူသံကြား၍   တဲနားသို့ ချဉ်းကပ်လာသည်ကို    ဘယ်သူမှ      မသိလိုက်ပါ။ ကလေးတစ်ယောက်မှ        ဝါးလုံးရေကျတွင် ခြေထောက်သွားဆေးရာ ထိုမြွေကြီးက ကလေးအား ခြေထောက်ကို   လှမ်းဆွဲလိုက်ရာ   ဘွတ်ဖိနပ်ရှည် ဝတ်ထား၍ မိမိရရမရှိဘဲ ကလေးမှာ လဲကျသွားပြီး ကြောက်အားလန့်အားဖြင့် “မြွေကြီးမြွေကြီး” ဟု အသံကုန် အော်ပါတော့သည်။ 
ကလေးအော်သံကြောင့် ညောင်နှစ်ပင်ဇုန်သား  လှိုင်ဝင်းတို့တစ်သိုက်မှာ မကြောက်မရွံ့ မြွေကြီးကို ဝိုင်းရိုက်ပြီး    ဖမ်းကြပါတော့သည်။   နာရီဝက်ခန့် လုံးထွေးတိုက်ခိုက်နေကြပြီး     နောက်ဆုံးတော့ မြွေကြီးငြိမ်သွားကာ အဖမ်းခံလိုက်ရပါတော့သည်။ လက်နှိပ်ဓာတ်မီးဖြင့် သေချာထိုးကြည့်ရာ ရိုးမဘက် မှ    တောင်ကျရေများနှင့်အတူ  မျောပါလာသော အရှည်ကိုးတောင်ခန့်  လုံးပတ်တစ်ပေခန့်ရှိသော စပါးကြီးမြွေဖြစ်ကြောင်း သိရပါသည်။ ဇုန်ထဲတွင် ထိုအချိန်က    ၂၀၁၆ လောက်ဖြစ်မည်ထင်သည်။   ထို    စပါးကြီးမြွေသည်းခြေနှင့်    တစ်ကောင်လုံး အတွက် သူတို့အဖွဲ့ ငွေကျပ်သုံးသိန်းခန့်    ရလိုက် သည်ဟု သိရပါသည်။
နောက်တစ်ခါ   ဖမ်းမိတဲ့    စပါးကြီးမြွေမှာ ငါးတောင်ခန့်ရှိပြီး ရှစ်ပိဿာခန့်       လေးသည်ဟု သိရပါသည်။ ထိုမြွေကြီးကိုတော့  သူတို့ စိတ်ကောင်း ဝင်နေချိန်ဖြစ်၍     အရှင်ဖမ်းကာ   ဂုန်နီအိတ်နှင့် ထည့်ပြီး ပန်းတစ်ပွင့်တောင်ဘုရား ဘုန်းကြီးကျောင်း သို့ ပေးပို့လှူဒါန်းခဲ့ကြကြောင်း  သိရပါသည်။ 
၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိမှာ ညောင်နှစ်ပင် ဇုန်တွင်    မိုးတွင်းဆို ရေမြုပ်၊ နွေတွင် ရေမရှိ၍ စိုက်ခင်းမြေများ   ပပ်ကြားအက်   အပင်များရေငတ် ပြီး   သေကျေပျက်စီးကုန်ပါသည်။    အထူးသဖြင့် ဆည်မှရေမပေးနိုင်တော့သလို  ဇုန်ကြီးကြပ်သူများ မှ ကြပ်မတ်မှုလည်း မရှိတော့ပါ။   M5 လမ်းမကြီး လောက်သာ   ရေအနည်းငယ်ရပါသည်။    ခြံအလုပ် သမားများကလည်း      မိမိအကွက်အတွင်းရှိ လက်ယက်ရေတွင်းများတူး၍   တစ်ပိုင်တစ်နိုင်သာ စိုက်နိုင်ပါတော့သည်။        စားဝတ်နေရေးများ ကျပ်တည်းလာပြီး    အနီးအနားရှိ    စက်ရုံများသို့ သွားရောက်    အလုပ်လုပ်ခြင်း၊    ဆိုင်ကယ်ကယ်ရီ ဆွဲခြင်းဖြင့်   ဖြစ်သလို    အသက်မွေးဝမ်းကျောင်း ပြုနေရသော ဘဝများသို့ ရောက်သွားပါသည်။
ဦးဖိုးထောင်မှ မီတာခဆောင်ပေးခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်ခြင်း၊  ကလေးကျောင်းစရိတ်များ ထောက်ပံ့ပေးမှု အနည်းငယ်တော့  ပေးနိုင်ပါသည်။ ခြံအလုပ်သမားများမှာ      ရပ်ဆွေရပ်မျိုးများဖြစ်၍ အခြေအနေကို နားလည်ပါသည်။  ဘာမှအပူမကပ် ပါ။ သူတို့ကို    ခြံထဲတွင်    နေခွင့်ပေးနေတာကိုပင် ကျေးဇူးတင်နေကြပါသည်။ ဦးဖိုးထောင် စိုက်ခင်းထဲ တွင် မိသားစုငါးစု စုစုပေါင်း ၃၁ ဦး  မှီတင်းနေထိုင် လျက် ရှိပါသည်။
နိုင်ငံအတွက် အရေးပါသော စိုက်ပျိုးရေးဇုန်ကြီး အလုပ်များ ရပ်နေပြီး ရည်ရွယ်ချက် ပျောက်နေသော အခြေအနေကို မြင်ရသည်မှာ စိတ်မချမ်းသာစရာ ကောင်း လှပါသည်။ ရေမရ၊ မီးမမှန်ဘဲ  ဇုန်လုံခြုံရေး လည်း မရှိတော့ပါ။   သို့သော်    ခြံသမားများဖြင့် ဖွဲ့ထားသည်ဆိုသော       ဇုန်ကော်မတီရုံးကတော့ တစ်ယူနစ်ကို  ၂၅၀၀၀ ကျပ်နှုန်းသွင်းခိုင်းပါသည်။  ဇုန်အတွင်း လမ်းများ၊ မီးတိုင်များနှင့်    အခြားလိုအပ် သည်များ      ပြုပြင်ရန်ဟု ဆိုပါသည်။  တစ်ခါမှတော့   စာရင်းရှင်းတမ်းမထုတ်ပြန်ပါ။      အောင့်သက်သက်နဲ့ လမ်းပြင်စရိတ်ပေးနေရပါသည်။    ဇုန်လူကြီးလည်း သုံးဦးပြောင်းသွားပါသည်။ 
၂၀၂၀    ပြည့်နှစ်   မတ်လ ၂၃ ရက်နေ့တွင် နိုင်ငံတော်က ရန်ကုန်နှင့် တီးတိန်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါ တွေ့ရှိ၍ နိုင်ငံတစ်ဝန်းလုံး အထူးဂရုပြု ကြရန် တရားဝင်ကြေညာရင်း   ကိုဗစ်ပထမလှိုင်းက မြန်မာနိုင်ငံသို့      ရောက်လာရာ      ဦးဖိုးထောင်နှင့် ညောင်နှစ်ပင်ဇုန်တပည့်များ      မတွေ့ရတော့ပါ။ တစ်ပတ်တစ်ခါ  ဖုန်းဖြင့်  ဆက်သွယ်မှုလုပ်နေရင်း သူ့အပူကိုယ့်အပူနှင့်  နောက်ပိုင်းအဆက်အသွယ် ပြတ်သွားပါတော့သည်။
ကိုဗစ်ဒုတိယလှိုင်းကာလ    ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလနှင့်    တတိယလှိုင်းကာလ ၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်လမှာတော့ ဦးဖိုးထောင်တို့မိသားစု ကိုဗစ်ရှောင်ရင်း  ပြင်ဦးလွင်မြို့တွင်    သွားရောက် နေထိုင်ခဲ့ပါသည်။    ကိုဗစ်အဆိုးဆုံးအချိန်   ၂၀၂၁ ခုနှစ် ဇူလိုင်လမှာတော့      ညောင်နှစ်ပင်ဇုန်တွင်  နှစ်ရှည်လများ    အနစ်နာခံ      စောင့်ရှောက်ပေးနေ သော     တူတော်မောင် လှိုင်ဝင်း    ကိုဗစ်ကြောင့်   အသက်ဆုံးရှုံးသွားပါတော့သည်။        ဦးဖိုးထောင် တို့လည်း မသွားနိုင်ဘဲ  တူတော်မောင်   သေဆုံးမှုမှာ  အရပ်ကောင်း၍ အလောင်းလှခဲ့ရပါသည်။  
ညောင်နှစ်ပင်ဇုန်၏ အလှည့်အပြောင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ  ၁ ရက်နေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်လာပါသည်။ ကိုဗစ်အခြေအနေမှာ အဆိုးရွားဆုံး တတိယလှိုင်း၊                     စတုတ္ထလှိုင်းများကို    ကျော်ဖြတ်၍    ၂၀၂၁ ခုနှစ် နိုဝင်ဘာလလောက်တွင်    အခြေအနေ  ပြန်လည် တည်ငြိမ်လာပြီး  လှုပ်လှုပ်ရှားရှား ဖြစ်လာပါသည်။ ညောင်နှစ်ပင်ဇုန် ကိုလည်း နိုင်ငံတော်အကြီးအကဲက သတိထားမိလာ ပြီး   ဇုန်ဖွံ့ဖြိုးရေးကို  သက်ဆိုင်ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အား စနစ်တကျ လုပ်ခိုင်းပါ တော့သည်။   ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုလည်း        ရှိလာပါ သည်။     စနစ်တကျအဖွဲ့များဖွဲ့       စိစစ်လာပြီး ၁၅-၁၂-၂၀၂၂   ရက်နေ့အပြီး     လုပ်ပိုင်ခွင့်    အမိန့် စာအုပ်အသစ်များ ထုတ်ပေးခြင်း၊    အထောက် အထားများ    စိစစ်၍ အမည်ပြောင်းခွင့်ပြုခြင်း၊       စိုက်ပျိုးရေးအတွက်  ဆောင်ရွက်ရမည့်     စည်းကမ်း ချက်များ သတ်မှတ်ပေးခြင်းများ ပြုလုပ်လာပါသည်။
ယခင်က  တရားဝင်   စာအုပ်မပေးဘဲ     ဇုန် ကော်မတီနှင့်   သက်ဆိုင်ရာ  မြို့နယ်စိုက်ပျိုးရေး၊ မြေစာရင်းများ၏    ကြီးကြပ်မှုအောက်မှာထား၍ လုပ်ခဲ့ရာ   ခြံသမားများအနေဖြင့်   ဘယ်သူ့ကြောက် ရမှန်းမသိ   ကြောက်ခဲ့ရပြီ။    စည်းကမ်းမလိုက်နာလျှင်     ပြန်သိမ်းမည်ဆိုသော   အမနာပ      စကားသံများ အောက်တွင် စိတ်မချမ်းမသာ  ဖြစ်ခဲ့ကြရပါသည်။    တရားဝင်စာအုပ်ထုတ်ပေးခြင်းဖြင့်    ခိုင်ခိုင်မာမာ    အထောက်အထားတစ်ခုရခဲ့ပြီး   မပိုင်ဝက်မွေးဘဝမှ လွတ်ခဲ့ရပါသည်။      စိုက်ပျိုးရေးစည်းကမ်းများ အတိုင်း   တက်တက်ကြွကြွနှင့်    ခြံတိုင်းလုပ်နေ ကြတာကလည်း အားရစရာ ကောင်းပါသည်။ တချို့ လုပ်ငန်းရှင်များအနေဖြင့်  မွေးမြူရေးပြောင်းလိုက အထောက်အထားများနှင့်    ပြောင်းလဲလုပ်ပိုင်ခွင့် ပေးပြီး    စက်မှုထုတ်ကုန်လုပ်ငန်းများ     လုပ်ပါက လည်း အားပေးမည်ဟု    သိထားပါသည်။ နိုင်ငံခြား အထိ တင်ပို့နိုင်သော ထုတ်ကုန်များလည်း  ခွင့်ပြု ထားရာ  မူဝါဒမှာ ခေတ်မီပြီး အလွန်ကောင်းပါသည်။ ခြံပိုင်ရှင်များ၊ အလုပ်သမားများ၏  စွမ်းဆောင်ရည် များပြရန်    အချိန်ရောက်လို့နေပြီ    ဖြစ်ပါသည်။ စည်းကမ်းစနစ်တကျလိုက်နာပြီး    စိုက်ပျိုးမွေးမြူ ရေးလုပ်နေသူများကို  အားပေးနေသလို    လုပ်ပိုင် ခွင့်ပြောင်းချင်ပါက  တရားဝင်စိစစ်ခွင့်ပြုပေးမည် ဖြစ်ရာ ပို၍စွမ်းဆောင်နိုင်သော   လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်နိုင်သူများ၊  လုပ်ငန်းရှင်လူငယ်များ၏ အမြော်အမြင်  ရှိရှိ၊  သတ္တိရှိရှိ  လုပ်ကိုင်ရန်သာ အဓိကကျလာပြီဟု ပြောချင်ပါသည်။
အာရှ၏ ဗဟိုအချက်အချာနေရာတွင် တည်ရှိပြီး  အရှေ့အုပ်စု၊ အနောက်အုပ်စုကြားတွင်  သတိထား နေထိုင်နေရသော မြန်မာနိုင်ငံလို  နိုင်ငံမျိုးအတွက်၊ ပြည်တွင်းပြည်ပအဘက်ဘက်မှ     ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်    လိုအပ်ပါသည်။    အထူးသဖြင့် အဓိကကျသော စားရေရိက္ခာ   ဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် လုပ်ရပါမည်။   အစိုးရကလည်း အထူးအားပေးနေပါသည်။
ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် ကြီးသည် ရန်ကုန်မြို့တော်နှင့် အနီးဆုံးမှာ  တည်ရှိ ကာ ငါးဧက အကွက်များဖြင့်    လေးထောင့်ကျကျ၊ ရေ၊ မီး၊ ကုန်ထုတ်လမ်းများ၊ ဆက်သွယ်ရေး အခြေခံ များ ပါရှိအောင်   စနစ်တကျတွက်ချက် ထူထောင် ထားသော ဇုန်ကြီးဖြစ်ပြီး  မြေဧကပေါင်း  ၉၀၁၈ ဧက ရှိပါသည်။ အမြော်အမြင်ရှိရှိ  ဆောင်ရွက်ထား သော    စီမံကိန်းကြီးမှာ ယခုအခါ     စိုက်ပျိုးရေး၊  မွေးမြူရေးလုပ်ငန်း များဖြင့် ဖွံ့ဖြိုးတိုးတက်လာသော မြင်ကွင်းများအား တွေ့ရသည်မှာ  အထူးကျေနပ်မိပါ ကြောင်း  ရေးသားတင်ပြပါသည်။     ။