
နေပြည်တော် စက်တင်ဘာ ၁
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုပွဲစဉ်များကို အဆင့်ဆင့် ဖြတ်ကျော်ကာ အုပ်စု ဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။
အကြိုဗိုလ်လုပွဲသို့တက်ရောက်
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အုပ်စု ပွဲစဉ်များအဖြစ် တစ်စီးချင်း မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ (individual Race) တွင် မာလီ၊ ကာဂျစ် စတန်နှင့် လာအိုနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့် အတူ ယှဉ်ပြိုင်ခဲ့ပြီး ဩဂုတ် ၂၂ ရက်တွင် တိုက်ယာဉ် အဖွဲ့(၁) သည် ပြိုင်ပွဲဝင်စံချိန် ၂၈ မိနစ် ၅၇ စက္ကန့် ဖြင့် ပထမနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၅ ရက် တွင် တိုက်ယာဉ်အဖွဲ့(၂) သည် ပြိုင်ပွဲဝင်စံချိန် ၂၆ မိနစ် ၄၇ စက္ကန့်ဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၇ ရက်တွင် တိုက်ယာဉ်အဖွဲ့(၃)သည် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၄၅ စက္ကန့်ဖြင့် ဒုတိယ နေရာ၌ လည်းကောင်း စံချိန်များ အသီးသီးရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် တိုက်ယာဉ်အဖွဲ့ ၃ ဖွဲ့ပေါင်း စံချိန် ၈၆ မိနစ် ၂၉ စက္ကန့်ဖြင့် အုပ်စု(၂) အသင်း ၈ သင်း တွင် ဒုတိယရရှိခဲ့သဖြင့် ကာဂျစ်စတန်၊ တာဂျစ် ကစ္စတန်၊ လာအို၊ တောင်အော့ဆက်တီးယား နိုင်ငံ တို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲအဆင့်သို့ထိုက်တန်စွာတက်ရောက်
အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်း မောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ(Relay Race) သည် မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ယာဉ်မောင်းလျက် ကျည်သုံးတောင့် ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည်အတောင့် ၂၀ အား ရပ်လျက် ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက်သေနတ် ကျည်အတောင့် ၃၀ အား ရပ်လျက်ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ရမည့် ပတ်လမ်းပုံစံလေးခုအနက်မှ မဲနှိုက်၍ ကျရာပတ်လမ်းတွင် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အဆိုပါ အကြိုဗိုလ်လုပွဲ ပွဲစဉ် (၂)ကို ယနေ့တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များသည် တင့်၏ လက်နက်စနစ်ချို့ယွင်းမှု၊ မိုးရွာသွန်း၍ ရာသီဥတုအခြေအနေအရ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ ရမှုများကို မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရင်ဆိုင်ဖြတ်ကျော်လျက် ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၈ မိနစ် ၂၀ စက္ကန့်ဖြင့် (Division-2) ၏ အကြို ဗိုလ်လုပွဲ ပွဲစဉ် (၂) တွင် ပထမနေရာမှ ပန်းဝင်နိုင် ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထိမှန်မှု အကောင်းဆုံး အသင်းလည်းဖြစ်ခဲ့ကာ (Division-2)၏ အုပ်စု ဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့် သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ် သည်။
စက်တင်ဘာ ၃ ရက် ဆက်လက်ယှဉ်ပြိုင်မည်
တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ဗိုလ်လုပွဲ ပွဲစဉ်ကို မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ဆက်တီးယား၊ တာဂျစ် ကစ္စတန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။
ချစ်ကြည်ရင်းနှီးမှုများရရှိအောင်စွမ်းဆောင်
မြန်မာတပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုအကြိမ်အပါအဝင် လေးကြိမ် မြောက် ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့ အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်