
နေပြည်တော် စက်တင်ဘာ ၁
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပလျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုပွဲစဉ်များကို အဆင့်ဆင့်ဖြတ်ကျော်ကာ အုပ်စုဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ အဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
တက်ရောက်
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အုပ်စု ပွဲစဉ်များအဖြစ် တစ်စီးချင်းမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ (Individual Race)တွင် မာလီ၊ ကာဂျစ်စတန် နှင့် လာအိုနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ ယှဉ်ပြိုင်ခဲ့ပြီး ဩဂုတ် ၂၂ ရက်တွင် တိုက်ယာဉ် အဖွဲ့(၁) သည် ပြိုင်ပွဲဝင်စံချိန် ၂၈ မိနစ် ၅၇ စက္ကန့်ဖြင့် ပထမနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၅ ရက်တွင် တိုက်ယာဉ်အဖွဲ့(၂) သည် ပြိုင်ပွဲဝင်စံချိန် ၂၆ မိနစ် ၄၇ စက္ကန့်ဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၇ ရက်တွင် တိုက်ယာဉ်အဖွဲ့(၃)သည် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၄၅ စက္ကန့်ဖြင့် ဒုတိယနေရာ၌ လည်းကောင်း စံချိန်များ အသီးသီးရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် တိုက် ယာဉ်အဖွဲ့ သုံးဖွဲ့ပေါင်း စံချိန် ၈၆ မိနစ် ၂၉ စက္ကန့်ဖြင့် အုပ်စု(၂) အသင်း ရှစ်သင်းတွင် ဒုတိယရရှိခဲ့သဖြင့် ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ လာအို၊ တောင်အော့ ဆက်တီးယားနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်းမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ(Relay Race) သည် မိုင်ကုန် မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ယာဉ်မောင်းလျက် ကျည်သုံးတောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည် ၂၀ တောင့်အား ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက်သေနတ်ကျည် ၃၀ တောင့်အား ရပ်လျက် ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ရမည့် ပတ်လမ်းပုံစံ လေးခုအနက်မှ မဲနှိုက်၍ ကျရာပတ်လမ်း တွင် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အဆိုပါအကြိုဗိုလ်လုပွဲ ပွဲစဉ်(၂)ကို ယနေ့တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ဝင်များသည် တင့်၏ လက်နက်စနစ် ချို့ယွင်းမှု၊ မိုးရွာသွန်း၍ ရာသီဥတုအခြေအနေအရ ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရမှုများကို မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရင်ဆိုင်ဖြတ်ကျော်လျက် ပြိုင်ပွဲဝင် စံချိန် ၂ နာရီ ၂၈ မိနစ် ၂၀ စက္ကန့်ဖြင့် (Division-2)၏ အကြိုဗိုလ်လုပွဲ ပွဲစဉ်(၂)တွင် ပထမနေရာမှ ပန်းဝင် နိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထိမှန်မှု အကောင်းဆုံး အသင်းလည်းဖြစ်ခဲ့ကာ (Division-2)၏ အုပ်စု ဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ဗိုလ်လုပွဲ ပွဲစဉ်ကို မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ဆက်တီးယား၊ တာဂျစ် ကစ္စတန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာတပ်မတော်တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုအကြိမ် အပါအဝင် လေးကြိမ်မြောက် ပါဝင် ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်ဘက်အဖွဲ့ အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည် ရင်းနှီးမှုများရရှိအောင် စွမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်