
နေပြည်တော် စက်တင်ဘာ ၂
မြန်မာ့တပ်မတော်အနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ် လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကားစွမ်းရည် ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည်ပြိုင်ပွဲများအပြင် ဆက်စပ်ပြိုင်ပွဲ တစ်ရပ် ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ Creative Competition တွင်လည်း ဝင်ရောက်ယှဉ်ပြိုင် လျက် ရှိသည်။
ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့ တပ်မတော်မှ ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပြိုင်ပွဲဝင် ရိုးရာယဉ်ကျေးမှု တပ်ဖွဲ့ဝင်များနှင့်အတူ ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရိုးရာ ဝတ်စုံဖြင့် ဖျော်ဖြေတင်ဆက်ပြသမှုတွင် ပထမဆု၊ ရုရှားသီချင်းဖြင့် တစ်ဦးချင်း သီဆိုဖျော်ဖြေတင်ဆက် မှုတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာယဉ်ကျေးမှုကို ပေါ်လွင်ထင်ဟပ်အောင် ဖျော်ဖြေတင်ဆက်ပြသမှု တွင် ဒုတိယဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့်အပြင် အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏ မဲပေးရွေးချယ် မှုတွင်လည်း တတိယဆုကို ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည်။
အကောင်းဆုံးဆုများ ရရှိ
မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များ အနေဖြင့် International Army Games ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှု ဆိုင်ရာပြိုင်ပွဲ Creative Competition ကို ၂၀၁၈ ခုနှစ်ကတည်းကပင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စုံတွဲအကအကောင်းဆုံး ဆု၊ စုံတွဲအတီး အကောင်းဆုံးဆု၊ ရိုးရာဝတ်စုံ အကောင်းဆုံးဆုများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် တွင် အဆို၊ အက၊ အတီး အကောင်းဆုံးဆုများကို လည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် အက တတိယ အကောင်းဆုံးဆု၊ ရုရှားသီချင်း သီဆိုဖျော်ဖြေမှု အကောင်းဆုံးဆုများကိုလည်းကောင်း အသီးသီး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
မြန်မာ့တပ်မတော် ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များ အနေဖြင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ Creative Competition များတွင် မြန်မာ့ရိုးရာတူရိယာပစ္စည်း များ၊ သီချင်းများ၊ အက၊ အလှများဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် ယဉ်ကျေးမှု အက၊ အလှတို့ကို ကမ္ဘာကသိအောင် စွမ်းဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်