ယူရိုဇုန်၌ ငွေကြေးဖောင်းပွမှုတိုးမြင့်လာ၍ အတိုးနှုန်းများ ထပ်မံမြင့်တက်လာ

 

European Central Bank (ECB) သည် ယူရိုဇုန်အတိုးနှုန်းကို ၀ ဒသမ ၇၅ ပွိုင့် အထိ စက်တင်ဘာ   ၈  ရက်က တိုးမြှင့် လိုက်ကြောင်း သိရသည်။ ယူရိုဇုန်ဒေသ ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဇူလိုင် လက ၈ ဒသမ ၉ ရာခိုင်နှုန်းမှ ဩဂုတ်လ တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိ ခဲ့ပြီးနောက် ECB က အတိုးနှုန်း ထပ်မံ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုတိုးမြှင့်ခြင်းသည် ဇူလိုင်လအတွင်း က ၀ ဒသမ    ၅၀ ပွိုင့်     တိုးမြှင့်ခဲ့ပြီး နောက်ပိုင်း ဒုတိယအကြိမ်တိုးမြှင့်ခြင်း ဖြစ်သည်။ 

 


ECB တွင် အဖွဲ့ဝင် ၂၅ ဦးရှိပြီး မူလ ရည်မှန်းထားသည့် ငွေကြေးဖောင်းပွမှု နှုန်း ၂ ရာခိုင်နှုန်းထက် များစွာမြင့်မား နေခြင်းကြောင့် ဆက်လက်၍ အတိုးနှုန်း များကို တိုးမြှင့်ဖွယ်ရှိကြောင်း ECB က ထုတ်ပြန်ခဲ့သည်။    ယခုတိုးမြှင့်လိုက်မှု အရ  အပ်ငွေပေါ်အတိုးနှုန်း ၀  ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ပြီး     ဘဏ်ချေးငွေပေါ် အတိုးနှုန်းမှာ ၁ ဒသမ  ၂၅   ရာခိုင်နှုန်း ဖြစ်သည်။ 

 


ဈေးနှုန်းများ       မြင့်တက်မှုသည် စွမ်းအင်ဈေးနှုန်းများအပြင် စားသောက် ကုန်နှင့် အခြားကုန်ပစ္စည်းနှင့် ဝန်ဆောင် မှု ဈေးနှုန်းများ အားလုံးမြင့်တက်လာမှု ကြောင့်ဖြစ်သည်။ ECB ၏ အတိုးနှုန်း တိုးမြှင့်မှုသည်     အမေရိကန်နိုင်ငံနှင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများတွင် တိုးမြှင့်မှု ထက်  နောက်ကျနေကြောင်း   ဝေဖန် ပြောဆိုမှုများရှိနေသည်။ 

 


ECB နှင့် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံ များရှိ ဗဟိုဘဏ်များတွင်   စီးပွားရေး တိုးတက်မှုရရှိရန်နှင့် ​ ငွေကြေးဖောင်းပွ မှုနှုန်းကို ၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်တွင် ထိန်းထားနိုင်ရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး   အကျပ်အတည်းကာလအပြီး နောက်ပိုင်းကာလများမှစတင်၍ အတိုး နှုန်းကို   သုညရာခိုင်နှုန်းဝန်းကျင်တွင် ထားရှိခဲ့ကြရာ စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းများကို ထိခိုက်မှု မရှိစေဘဲ ဟန်ချက်ညီစွာ ဆောင်ရွက်နိုင် ခဲ့ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား ခြင်းနှင့် နိုင်ငံရေး၊    စီးပွားရေးအကျပ် အတည်းကာလများအတွင်း ယခင်ကဲ့သို့ ထိန်းညှိနိုင်ခြင်းမရှိဘဲ    အတိုးနှုန်းများ မြှင့်တင်လာရသည့်   အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

 

ဂျာမန်ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီး Mr.Christian Lindner က ပါလီမန်၌ မိမိတို့တွင် စီးပွားရေးအရ ကြီးမားသည့် စိန်ခေါ်မှုများနှင့်   တွေ့ကြုံနေရသည့် အခြေအနေဖြစ်ကြောင်း၊ ဦးစွာ ငွေကြေး ဖောင်းပွမှုနှုန်းကို      လျော့ကျစေရန်​ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ECB President Ms.Christine Lagarde ကလည်း နောက်ထပ် အစည်း အဝေးများစွာပြုလုပ်၍     အတိုးနှုန်း မြှင့်တင်ရေးအတွက် ဆွေးနွေးသွားရန် ရှိကြောင်း၊      မူလရည်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်းအတိုင်း ပြန်ရောက် ရန်လိုအပ်ကြောင်း၊ ယူရိုဇုန်ဒေသစီးပွား ရေးမှာ ကျဆင်းလာနေပြီး ယခုနှစ်ကုန် ပိုင်းနှင့် ၂၀၂၃ ခုနှစ်  အစောပိုင်းကာလ များတွင် ရပ်တန့်နေမည့် အလားအလာ တွင် ရှိနေကြောင်း ပြောသည်။ ယူရိုဇုန် စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၂ ခုနှစ် အတွက်  ၃ ဒသမ ၁   ရာခိုင်နှုန်း၊   ၂၀၂၃ ခုနှစ်တွင် ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၁  ဒသမ ၉ ရာခိုင်နှုန်း ခန့်မှန်း ထားရှိကြောင်း  ဘာလင်မြို့ရှိ မြန်မာ စီးပွားရေးသံမှူးထံမှ      သိရသည်။
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊