ယဉ်ကျေးမှုသည် ကိုယ်ပိုင်အလှတရား

Type
5

 

သီဟစည်သူ

ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ အမျိုးသားယဉ်ကျေးမှုဂုဏ်သိက္ခာနှင့် တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

အဆိုပါ  ပြိုင်ပွဲကြီးသည့်   မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မြန်မာ့အနုသုခုမပညာရှင်များ  မျှော်လင့်တောင့်တ  အားပေးအားမြောက်  ပြုကြ သည့် ပြိုင်ပွဲကြီးဖြစ်သကဲ့သို့ မြန်မာ့ရိုးရာ   အမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးဆက် သစ်အနုပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ် နိုင်ရေးတို့အတွက် များစွာအရေးပါသော ပြိုင်ပွဲကြီး လည်းဖြစ်သည်။ ယဉ်ကျေးမှု၏    အဓိပ္ပာယ်ကို မြန်မာအဘိဓာန်တွင် သိမ်မွေ့ပြေပြစ်သော တတ်သိ လိမ္မာမှု၊   တိုးတက်ထွန်းကားနေသော      လူနေမှု အဆင့်အတန်း၊ အစဉ်အလာအားဖြင့်   ထိန်းသိမ်း တည်ရှိသော ဓလေ့ထုံးတမ်းများဟူ၍ ဖော်ပြထား သည်။ 
တစ်ဖန် ယဉ်ကျေးမှုကို မနုဿဗေဒပညာရှင်များ က လူ့သမိုင်းစဉ်တစ်လျှောက်လုံးပင်ဖြစ်သည်ဟု ဖွင့်ဆိုခဲ့ကြသည်။   ၎င်းတို့က   လူမျိုးတစ်မျိုး၏  ယဉ်ကျေးမှုဆိုသည်မှာ ထိုလူမျိုးတို့၏ မွေးဖွားချိန်မှ သေဆုံးချိန်အထိ ထုတ်လုပ်သုံးစွဲသော ပစ္စည်းများ၊ ပြောဆိုသော ဘာသာစကား၊     ဝတ်စားဆင်ယင် ထုံးဖွဲမှု၊  ယုံကြည်ကိုးကွယ်မှု၊ လူမှုဆက်ဆံရေးစနစ်၊    ရိုးရာဓလေ့ ထုံးစံများ၊ အတွေးအခေါ်နှင့် အယူအဆ၊    လက်မှုအနုပညာနှင့်  သုခုမအနုပညာတို့  ပေါင်းခြုံ ထားခြင်းဖြစ်သည်ဟု ဖွင့်ဆိုခဲ့ကြပေသည်။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ အစည်း(ယူနက်စကို)ကမူ  ယဉ်ကျေးမှုအမွေအနှစ် ဟူသည်မှာ အဆောက်အအုံများ၊  ပြတိုက်များတွင် စုဆောင်းထားရှိသော ရုပ်ဝတ္ထုပစ္စည်းများ စသည် တို့ သာမကဘဲ  လူသားတို့၏  ဘိုးဘေးဘီဘင် အစဉ်အဆက်မှ   လက်ဆင့်ကမ်းလာခဲ့ကြသည့်    ပါးစပ်ရာဇဝင်နှင့်  ဖော်ပြချက်များ၊     ဘာသာစကား များ၊  ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊  လူမှုရေး  အစဉ်အလာအလေ့အထများ၊ ရိုးရာဓလေ့များနှင့် ပွဲတော်များ၊   သဘာဝနှင့်      စကြဝဠာဆိုင်ရာ  ဗဟုသုတနှင့်  ရိုးရာအစဉ်အလာအလေ့အထများ၊    ရိုးရာလက်မှုပညာရပ်များတို့     ပါဝင်ကြောင်း     သတ်မှတ်ထားပါသည်။        ယနေ့ခေတ်တွင်      ကမ္ဘာလုံးဆိုင်ရာ     ပတ်သက်ဆက်နွှယ်မှုများ     (Globalization) ကြီးထွားလာပြီး   ရုပ်ပိုင်းဆိုင်ရာ    တိုးတက်ပြောင်းလဲမှုများ      စဉ်ဆက်မပြတ်   ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့၏     ယဉ်ကျေးမှုများအား ထိန်းသိမ်းရာတွင်   ဒြပ်မဲ့ ယဉ်ကျေးမှုများကို အရေးကြီးသော       အခန်းကဏ္ဍ တစ်ခုအဖြစ်    ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
မြန်မာ့လူသားယဉ်ကျေးမှုအစ
လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀ ခန့်ကဟု ယူဆ ရသည့် အံသွားပါသည့် ပရိုင်းမိတ်မေးရိုးပုံတောင် ဂျီးယား (Pondaungia)  ကျောက်ဖြစ်ရုပ်ကြွင်းကို ၁၉၇၈ ခုနှစ် ဧပြီလတွင် မန္တလေးတက္ကသိုလ် ဘူမိ ဗေဒဌာနမှ  ကထိကဦးဘမော်နှင့်    အဖွဲ့သည် ပုံတောင်ဒေသ မိုးကောင်းရွာအနီး သံတောင်အရပ် တွင် တွေ့ရှိခဲ့ခြင်းသည် မြန်မာနိုင်ငံတွင်     ထိုအချိန် ကတည်းက လူတူပရိုင်းမိတ်များတည်ရှိရာ    နိုင်ငံ ဖြစ်ကြောင်း သက်သေပြနေသည်။        ထို့ကြောင့် ကမ္ဘာ့လူမျိုးအစပုံတောင်ပုံညာကဟု      ကမ္ဘာ့ ပညာရှင်များက အသိအမှတ်ပြုခဲ့ကြသည်။  
“မြန်မာနိုင်ငံ၌        ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ကြောင်းကို  မြန်မာပြည်အထက် အညာ ဒေသတွင် အများဆုံး    တူးဖော်တွေ့ရှိခြင်းကြောင့် မြန်မာ့ကျောက်ခေတ်ယဉ်ကျေးမှုကို  အညာသား ယဉ်ကျေးမှု (Anyathian Culture)ဟု သုတေသီများ က  အသိအမှတ်ပြုခဲ့ကြသည်။        ထို့ကြောင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော     နှစ်ပေါင်း ၃၀၀၀၀ ခန့်ကပင်    လူများနေထိုင်ခဲ့ကြသည်ဟု ဆိုပါသည်။ မြန်မာ့ရေမြေတွင် လွန်ခဲ့သော  အနှစ်သန်း ၄၀ က လူတူပရိုင်းမိတ်မှစ၍လွန်ခဲ့သော      အနှစ်တစ်သန်း တစ်သိန်း၊ တစ်သောင်းမှသည် ကျောက်ချောခေတ်  လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ ခန့်အထိ   မြန်မာ လူသားမျိုးရင်းများ အဆက်မပြတ်   နေထိုင်ခဲ့သည် ကို  တွေ့ရပါ၏။ 
မြန်မာနိုင်ငံတွင်    ကျောက်ခေတ်အသီးသီးကို လွန်မြောက်ပြီး     ကြေးလက်နက်ပစ္စည်းများကို စွဲကိုင်အသုံးပြုသော ကြေးခေတ်သည်   လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ခန့်ကစတင်    ရောက်ရှိခဲ့သည်။ ထို့နောက် ကမ္ဘာတွင်ရော မြန်မာမှာပါ    ကြေးခေတ် ကို သံခေတ်က  ဆက်ခံခဲ့သည်။”ဟု     ဒေါက်တာ တင်သိန်း(ဘူမိဗေဒ)၏ “လူသားအစ  မြန်မာက” စာအုပ်ကို ကိုးကား၍ စာရေးဆရာ  ချစ်စံဝင်းက မြန်မာအစမြန်မာက ဆောင်းပါးတွင်    ဖော်ပြထား သည်။ 
မြန်မာအစမြန်မာက
ထို့အတူ    “တကောင်းကို    လေ့လာသောအခါ တကောင်းတွင်    ကျောက်ခေတ်နေလူသားတို့ နေထိုင်ခဲ့သော ဂူများ ကျောက်ကြမ်း၊  ကျောက်လယ်၊ ကျောက်ချောခေတ်ပစ္စည်းများ    ကြေးခေတ်နှင့် သံခေတ်ပစ္စည်းများ သံချက်ဖိုကြီးများကို    တွေ့ရှိရ သောကြောင့်    တကောင်းသည်    လွန်ခဲ့သော နှစ်တစ်သောင်းခန့်လောက်မှစ၍ မြန်မာနိုင်ငံသားတို့နေထိုင်ခဲ့သောအရပ်ဟု ဆိုနိုင်ပါ၏။  ပြဒါးလင်းဂူ တွင်    ကျောက်လက်နက်ပစ္စည်း    ပြုလုပ်သော အလုပ်ရုံကို  တွေ့ရှိခြင်းသည် ပြဒါးလင်းဂူမှ  ပန်းချီ များ  အဆင့်အတန်းမြင့်မားခြင်းတို့သည်  ရှေးအစဉ် အဆက် မြန်မာရေမြေပေါ်တွင်    နေထိုင်ကြသော သူတို့ ကုန်ထုတ်ပစ္စည်းများ၊ အနုပညာဖန်တီးမှုများ မိမိတို့ဘာသာ မိမိတို့ပြုလုပ်နေထိုင်ခဲ့ကြသည်ကို ပြဆိုလျက်ရှိပါ၏။ ကျောက်ခေတ်နှောင်း၊ ကြေးခေတ်၊ သံခေတ်အခါက နိုင်ငံပိုင်းခြား သတ်မှတ်မှုမရှိဘဲ မိမိတို့လူအုပ်စု  အလိုက်ရေကြည်ရာ    မြက်နုရာ ရွှေ့ပြောင်းနေထိုင်မှုရှိလေရာ   အခြားတစ်ပါးမှ လူမျိုးများ   ဝင်ရောက်လာမှုသည်လည်း    ပြဿနာ တစ်ရပ် မဟုတ်ဘဲ   အတူတကွ   ယဉ်ကျေးမှုခြင်း ရောနှောနေထိုင် နိုင်ကြသည်။
တိုင်းတစ်ပါးမှ      ဝင်ရောက်လာသူတို့သည် မြန်မာဒေသနေလူသား မျိုးရင်းများထက်  အုပ်ချုပ်မှု ပညာ ပိုမိုတတ်ကျွမ်းသူများ   ဖြစ်နိုင်သည်။ ဒေသခံ မြန်မာလူသား    မျိုးရင်းအနွယ်များသည်    မိမိတို့ ရှိရင်းစွဲ ယဉ်ကျေးမှုအစဉ်အလာများ    ရာသီဥတု သဘာဝပတ်ဝန်းကျင် အတွေ့အကြုံများ၊    ဘဝ အတွေ့အကြုံများနှင့်      ဝင်ရောက်လာသောလူမျိုး များ၏ အုပ်ချုပ်မှုမြို့ပြ  တည်ထောင်မှု၊   အတတ် ပညာများ ပေါင်းစပ်နေထိုင်    လာကြမည်ဖြစ်ရာ မြန်မာ၏အစသည် မြန်မာပြည်တွင်း၌သာ စတင်ခဲ့ သည်ဟု ဆိုဖွယ်ရာသာ ရှိပါတော့သတည်း။” ဟု ဆရာချစ်စံဝင်းက မြန်မာမြို့ဟောင်း တကောင်း ရုပ်ပုံလွှာ၊ စာ ၂၆၃ တွင် ဖော်ပြထားသည်။ 
ဆိုလိုရင်းမှာ ယဉ်ကျေးမှုဟူသည် လူမျိုးတို့၏ အစဉ်အလာ ၊ စရိုက်လက္ခဏာ ၊ ရေမြေတော တောင် သဘာဝအပေါ်    အခြေခံ၍    ပေါ်ပေါက်လာခြင်း ဖြစ်ပေရာ   လူသားမျိုးနွယ်အစဟုပင်    ခေါ်ဆိုရ လောက်သည့် ကျောက်ခေတ်မှသည် ယနေ့အချိန် အထိ    မြန်မာတို့၏   စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာများသည် ခေတ်အဆက်ဆက်   ပြောင်းလဲ တိုးတက်လာခဲ့ခြင်း၏ သက်သေအထောက်အထား များစွာကို တကောင်း၊ ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာ၊ ပုဂံမြို့များကို တူးဖော်ရာမှ တွေ့ရှိခဲ့သည့် အထောက်အထားများက သက်သေပြလျက် ရှိပေ သည်။ ထိုထိုသောအထောက်အထားများကြောင့် ပင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာနှင့် ပုဂံမြို့ များသည် ကမ္ဘာ့အမွေအနှစ်    နေရာများအဖြစ် သတ်မှတ်ခံရပြီး မြန်မာ့ဂုဏ်ကို  ဆောင်လျက်ရှိပေပြီ မဟုတ်ပေလော။
အဓိကသွင်ပြင်လက္ခဏာများ
မြန်မာနိုင်ငံသည်   မြင့်မားသည့်    အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်    ပြည့်စုံသည့် နိုင်ငံဖြစ်ပေရာ နိုင်ငံ၏  သမိုင်းနှင့်ချီပြီး   ရှည်လျား ခဲ့သည့်   ရိုးရာအစဉ်အလာဒြပ်ရှိဒြပ်မဲ့  အထောက် အထားများအပြင်    အဆင့်ဆင့်ပြောင်းလဲတိုးတက် လာသည့်   ကိုယ်ပိုင်ယဉ်ကျေးမှုအနုသုခုမ အစဉ် အလာများသည် မြန်မာနိုင်ငံ၏   ထူးခြားပေါ်လွင် သည့် အဓိကသွင်ပြင်လက္ခဏာများပင် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဩဂုတ် ၁၁ ရက်က ပြုလုပ်သည့် (၂၄)      ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု     အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ     ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်     ပြောကြားခဲ့ သည်။ 
ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် ပါ ပုဒ်မ (၂၇)အရ   နိုင်ငံတော်သည်    အမျိုးသား ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေးအတွက်    ကူညီဆောင်ရွက်မည့် အချက်ကိုလည်းကောင်း၊ ပုဒ်မ (၃၃) အရ နိုင်ငံတော် အနေဖြင့် လူငယ်များ  မျိုးချစ်စိတ်ဓာတ်   ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်‌ကြောင်းနှင့် ဗလငါးတန်       တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်ကိုလည်းကောင်း၊ ပုဒ်မ ၃၉၀(က)အရ  အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအချက်ကို လည်းကောင်း အထူးအလေးထားကာ မြန်မာ့ရိုးရာ  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို  နိုင်ငံတော်အဆင့်  ခမ်းနား သိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိပါသည်။
ယဉ်ကျေးမှုအမွေအနှစ်သည်     နိုင်ငံတစ်နိုင်ငံ အတွက်  အဖိုးအနဂ္ဃ    ထိုက်တန်သော ရတနာ တစ်ပါးဖြစ်ပေသည်။  


ယဉ်ကျေးမှုအမွေအနှစ်သည်   နိုင်ငံနှင့်    လူမျိုး အတွက် ဂုဏ်ယူဖွယ်ရာ တန်ဖိုး ထားအပ်သည့်အရာ ဖြစ်သည်။     လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား လာခြင်းသည်      ယဉ်ကျေးမှုအဆင့်အတန်း                       တိုးတက်မြင့်မားလာခြင်း၏ ပြယုဂ်ပင်ဖြစ်သည်။  ဘာသာအယူဝါဒများ၊    ဓလေ့ထုံးစံများ၏ အဆုံး အမနှင့် လမ်းညွှန်မှုများအောက်တွင် ကိုယ်အမူအရာ နှင့် စိတ်နေစိတ်ထား ယဉ်ကျေးသိမ်မွေ့ခြင်း၊       စာနာ ထောက်ထားခြင်း၊ ခေတ်မီတိုးတက်သည့်၊ ယဉ်ကျေး သော      လူ့အဖွဲ့အစည်းများ   ထူထောင်ခြင်း၊ ယဉ်ကျေးလာအောင်ပြုလုပ်ခြင်း၊    ခေတ်ကာလ အလျောက်    ထွန်းကားလာသော    ယဉ်ကျေးမှု အနုပညာများကို ခံစားနားလည်ခြင်း၊ မြတ်နိုးတန်ဖိုး ထားခြင်း၊    အဆိုပါ      အစဉ်အလာကောင်းများ ဓလေ့ထုံးတမ်းများကို      အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်     လေ့ကျင့်ပျိုးထောင်ခြင်းများသည်ပင် ယဉ်ကျေးမှု၏ အနှစ်သာရဖြစ်သည်။
မြန်မာတို့၏ ကိုယ်ပိုင်အလှတရား
ထို့အတူ အလှတရားဆိုသည်မှာ     လူပုဂ္ဂိုလ်၊ တိရစ္ဆာန်၊ နေရာ၊ အရာဝတ္ထု သို့မဟုတ်  အတွေး အမြင်တို့မှနေ၍   ပျော်ရွှင်မှု၊ အဓိပ္ပာယ်ရှိမှု၊ ကျေနပ် နှစ်သိမ့်မှု   စသည်တို့ကို    ခံစားသိရှိစေနိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။     အလှတရားကို အနုသုခုမ ဒဿနပညာ၊ လူမှုဗေဒ၊ လူမှုရေးဆိုင်ရာ စိတ်ပညာနှင့် ယဉ်ကျေးမှု အစရှိသည့် ဘာသာရပ်တို့ ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် လေ့လာကြလေ့ ရှိသည်။    ထို့ကြောင့်    မြန်မာ့ယဉ်ကျေးမှုသည် မြန်မာတို့၏ ကိုယ်ပိုင်အလှတရားပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံသည် လူမျိုးပေါင်း ၁၃၅ မျိုးတို့ဖြင့် ဖွဲ့စည်းထားရှိပေရာ  အရောင်အသွေးစုံလင်လှသည့် ယဉ်ကျေးမှုနှင့်အလှတရားပေါင်းစုံတို့၏ ပေါင်းစည်း ရာ နိုင်ငံတစ်နိုင်ငံဟုဆိုလျှင်ပင် မမှားနိုင်ပေ။
ထို့ကြောင့်ပင် “ယဉ်ကျေးမှုပယ်၊ လူမျိုးကွယ် မည်၊ မပြတ်အစဉ်သတိယှဉ်၍၊    စောင့်ရှောက်ကြ လေ တို့အမွေ” ဆိုသည့်အတိုင်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာအမွေအနှစ်များကို      တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ တစ်ပါးသူများက တန်ဖိုးထားလာမည်ဖြစ်သည်။ ထို့ပြင် ဘိုးဘွား ဘီဘင် အစဉ်အဆက်က    ထိန်းသိမ်းစောင့်ရှောက် လာခဲ့သည့် ယဉ်ကျေးမှုနှင့် အနုပညာကို ခေတ်စနစ် နှင့်အညီ တည်ဆောက်ဖန်တီးနိုင်မှသာ ယဉ်ကျေး သော   လူမျိုးအဖြစ်   ဂုဏ်ယူနိုင်မည်ဖြစ်သည်။ ဒြပ်ရှိယဉ်ကျေးမှုများကို    သဘာဝဘေးအန္တရာယ် များနှင့်      လူတို့အန္တရာယ်များ    ကျရောက်မှုမှ  ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်နှင့်အညီ      ဒြပ်မဲ့ယဉ်ကျေးမှုများမှာ တိုင်းရင်းသားလူမျိုးများ အားလုံးကြားတွင်    တည်ရှိနေသဖြင့်       မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များကို  ဖော်ထုတ် ခြင်း၊ ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းများ ဆောင်ရွက် ကြရမည်ဖြစ်သည်။ 
ထိုသို့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်   အရေးပါလှ သည့် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးများကို နိုင်ငံတော်အစိုးရကကြီးမှူး ကျင်းပပေး နေခြင်းသည်   မြန်မာမှုအနုသုခမနှင့်    မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မြတ်နိုးကြသူများအတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာပင်     ဖြစ်ပေသည်။   ယင်းကဲ့သို့ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် အမျိုးသားရေး ဓလေ့စရိုက် လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ကြရမည့် တာဝန်မှာလည်း နိုင်ငံတော် အစိုးရတွင် သာမက   အမိမြန်မာနိုင်ငံသားတိုင်း အပေါ်တွင် တည်ရှိနေပေသည်။ အဘယ့်ကြောင့် ဆိုသော် “ကမ္ဘာမကျေ၊ မြန်မာပြည်၊    တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ”ဟု သံပြိုင်ဟစ်ကြွေး ခဲ့ကြပြီး မဟုတ်ပါလော။     ။
ကိုးကား -
(၁)     https://myanmar.gov.mm/my/culture-heritage
(၂)    ၁၂-၈-၂၀၂၃ ရက်နေ့ထုတ်၊ မြန်မာ့အလင်း သတင်းစာ။
(၃)    မြန်မာမြို့ဟောင်း     တကောင်းရုပ်ပုံလွှာ စာအုပ်၊ ချစ်စံဝင်း။
(၄) https://my.wikipedia.org