
မန္တလေး ဒီဇင်ဘာ ၁၉
ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၆၈၀၀၀ ကျော်တို့အတွက် ဆည်တော်ကြီး ရေလှောင်တမံမှ ရေပြည့်ဝစွာ သိုလှောင်ထားပြီးဖြစ်၍ တောင်သူများအတွက် ဖေဖော်ဝါရီလ ပထမပတ်မှစပြီး စိုက်ပျိုးရေပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း မတ္တရာ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ သိရသည်။
အဆိုပါ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေလှောင်ပမာဏမှာ ဧကပေ ၃၆၀၀၀၀ ကျော်ရှိပြီး အသုံးပြုနိုင်သောရေပမာဏမှာ ဧကပေ ၃၃၀၀၀၀ ကျော် ရှိကြောင်း၊ ထို့ကြောင့် ရေလက်ကျန်ပမာဏပေါ်မူတည်၍ ယခုဘဏ္ဍာနှစ်တွင် နွေစပါး ၆၇၄၆၉ ဧကနှင့် အခြားသီးနှံ ၁၁၆၂ ဧကလျာထားပြီး တောင်သူများစိုက်ပျိုးမည့် နွေသီးနှံများအတွက် ရေပြည့်ဝစွာပေးဝေသွားမည်ဖြစ် ကြောင်း၊ ဆည်ရေသောက်ဧရိယာအတွင်းရှိ မြို့နယ် သုံးမြို့နယ်ကို ပေးသွားမည်ဖြစ်ကြောင်း မတ္တရာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဦးအောင်အောင်စိုးက ပြောသည်။
“ရေလှောင်တမံကနေပြီးတော့ နွေသီးနှံစိုက်ပျိုး မယ့် တောင်သူတွေအတွက်ကို ရေပြည့်ဝစွာပေးသွား မှာပါ။ စိုက်ပျိုးမယ့် တောင်သူတွေရဲ့ သီးနှံတွေ ရေအပြည့်အဝနဲ့ စိုက်ပျိုးနိုင်ပြီးတော့ အကျိုးစီးပွားတွေ ဖြစ်ထွန်းစေဖို့ ပေးဝေသွားမှာပါ။ ရေပြည့်ဝစွာ ပေးဝေ နိုင်ဖို့အတွက် ဆည်တော်ကြီးရေလှောင်တမံမှာ စိုက်ပျိုးရေသိုလှောင်ထားရှိပြီးဖြစ်ပါတယ်။ နွေစပါး စိုက်တောင်သူတွေ ရေပြည့်ဝစွာနဲ့ စိုက်ပျိုးသွားနိုင် မှာပါ။ အခြားသီးနှံစိုက်ပျိုးတဲ့ ဧကအနေနဲ့က မတ္တရာ မြို့နယ်မှာပဲ စိုက်ပျိုးတာပါ”ဟု ၎င်းက ပြောသည်။
ယခုဘဏ္ဍာနှစ်တွင် မန္တလေးခရိုင်နှင့်ပြင်ဦးလွင် ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးမည့် နွေစပါးစိုက်ဧကများမှာ မတ္တရာမြို့နယ်တွင် နွေစပါး ၄၂၂၂၅ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် နွေစပါး ၁၉၀၆၆ ဧက၊ အမရပူရမြို့နယ်တွင် ၆၁၇၈ ဧက စုစုပေါင်း နွေစပါးစိုက်ဧက ၆၇၄၆၉ ဧကနှင့် အခြားသီးနှံ စိုက်ဧက ၁၁၆၂ ဧကတို့ကို စိုက်ပျိုးနိုင်ရန် လျာထားပြီး အပြည့်အဝရေပေးဝေနိုင်ရန်အတွက် ဆည်တော်ကြီး ရေလှောင်တမံမှ ဆည်ရေကို သိုလှောင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)