
ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ် လိုင်းများမှ ယာဉ်မောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)ရုံးမှ ဝန်ထမ်း များအား တရုတ်နိုင်ငံထုတ် ဆီနိုဖမ်းအမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ YRTC ရုံးတွင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
“ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်း ပြီး YBS ခရီးသည်တင်ယာဉ်လိုင်းတွေက ယာဉ်မောင်းတွေကို အောက်တိုဘာ ၁၃ ရက်ကနေ ၁၆ ရက်အထိ တစ်ရက်ကို လူဦးရေ ၁၀၀၀ နှုန်းနဲ့ နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ လေးရက်ကြာ ထိုးနှံ ပေးလျက်ရှိပါတယ်။ YBS ယာဉ်လိုင်း ကုမ္ပဏီ ၁၉ ခု၊ ပုဂ္ဂလိကကြီးကြပ် လေးခု စုစုပေါင်း ၂၃ ခုမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ဝန်ထမ်း တွေနဲ့ ယာဉ်မောင်းတွေကို အဓိကထား ထိုးနှံပေးမှာဖြစ်ပါတယ်” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
“အရင်ကတည်းက YBS ယာဉ်တွေ မှာ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ပိုစတာတွေကပ်ပြီး အသိပညာပေးလှုပ်ရှား မှု ကမ်ပိန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် ခရီးသည်တွေအနေနဲ့ နှာခေါင်းစည်း မတပ်ဆင်ဘဲ ဘတ်စ်ကားတွေ မစီးဖို့၊ လက်ကို လက်သန့်ဆေးရည်နဲ့ စက္ကန့် ၂၀ ကြာ ဆေးကြောဖို့၊ တတ်နိုင်သမျှ သတ်မှတ် အကွာအဝေးအတိုင်း ခပ်ခွာခွာ နေပေးကြဖို့ အသိပညာပေးလျက်ရှိသလို၊ ယာဉ်မောင်းတွေကိုလည်း နှာခေါင်းစည်း စနစ်တကျတပ်ဆင်ပြီးမှ ယာဉ်မောင်းနှင် ကြဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ခရီးစဉ်တစ်ခု ပြီးဆုံးသွားတိုင်းမှာ ယာဉ် တွေကို ပိုးသတ်ဆေးဖျန်း၊ သန့်ရှင်းရေး ပြုလုပ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစု လူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက် ထိုးနှံသူများအနေဖြင့် အဆင်ပြေစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ၊ YRTC ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းအပါအဝင် လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
YRTC ၏ စီမံမှုလက်အောက်ရှိ YBS ကုမ္ပဏီများမှ ခရီးသည်တင်ယာဉ်များ သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နေ့စဉ် ယာဉ်အစီးရေ ၂၀၀၀ ခန့်ဖြင့် ခရီးသွားပြည်သူ ၂ ဒသမ ၃ သိန်းခန့်ကို ပို့ဆောင်ပေးလျက်ရှိရာ YBS ခရီးသည်တင်ယာဉ်မောင်းများအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရန် လွယ်ကူနေသဖြင့် YRTC မှ ဝန်ထမ်း ၃၃ ဦး၊ YBS ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ယာဉ် မောင်း ၃၉၉၉ ဦး စုစုပေါင်း ၄၀၃၂ ဦး အား ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်သည်။
နိုင်လင်းအောင်
(ပြန်/ဆက်)